နိုင်ငံတော်အတွင်း မော်တော်ကားလမ်းနှင့် တံတားများကို အဆင့်မြှင့်တင် တည်ဆောက်ပေးခြင်း ကြောင့်မို့လို့ ဒီကနေ့ လမ်းပန်းဆက်သွယ်မှု လွယ်ကူမြန်ဆန်ကောင်းမွန်နေကြောင်း တွေ့ရှိနေရပါသည်။ ယင်း လမ်းတံတား အရည်အသွေး မြှင့်တင်မှု လုပ်ငန်းများကို နိုင်ငံသားပုဂ္ဂလိကကုမ္ပဏီများသို့ BOT စနစ်ဖြင့် တာဝန်ပေး ဆောင်ရွက်စေခြင်းကြောင့်လည်းပဲ လုပ်ငန်းများ မြန်ဆန်ချောမွေ့နေကြောင်း ကိုလည်း တွေ့ရှိရပါသည်။ မြန်မာနိုင်ငံ အတွင်း ပြည်နယ်နှင့် တိုင်းအားလုံးမှာ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ တာဝန်ယူထားသော မော်တော် ကားလမ်းမိုင်ပေါင်း ၂၄၆၆၉ မိုင်ရှိရာ ယင်းအထဲမှ ၃၅၁၄ မိုင်ကို B.O.T စနစ်ဖြင့် လုပ်ငန်းများပေးပြီး လမ်းတံတားတား အရည်အသွေးကို မြှင့်တင်ဆောင် ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ၂၁၁၅၅ မိုင်ကတော့ B.O.T စနစ်ပေးဖို့ကျန်ရှိနေကြောင်း ကိန်းဂဏန်းများအရ လေ့လာသိရှိရပါသည်။ ယင်းကိစ္စများနှင့်ပတ်သက်၍ B.O.T စနစ် ၂ မျိုးရှိကြောင်း လေ့လာတွေ့ရှိရရာ ပထမတစ်မျိုးမှာ ယာဉ်သွားယာဉ်လာနှုန်း များသည့် မြေပြန့်ဒေသပြည်မ လမ်းမကြီးများမှာ ကာလတို အတွင်းတွင် လမ်းတံတားဖြတ်သန်းခ များစွာ ဝင်ငွေပြန်လည် ရရှိသည့် လုပ်ငန်းကို ကုမ္ပဏီကြီးများက ဆောင်ရွက်နေပြီး ကာလတိုအတွင်းမှာပဲ အရင်းကျေကာ အကျိုးအမြတ်စောစီးစွာရရှိသည့် BOT လုပ်ငန်းကြီးများဖြစ်ပါကြောင်း၊ ဒုတိယတစ်မျိုးမှာ နိုင်ငံတော်အစိုးရက တာဝန်ပေးအပ်မှုကြောင့် ယာဉ်သွား ယာဉ်လာနှုန်း လွန်စွာနည်းသည့် ပြည်နယ် လမ်းမများတွင် ဒေသဖွံ့ဖြိုးရေး မျှော်မှန်းချက် ဖြင့်သာ လုပ်ဆောင်နေကြသည့် B.O.T လုပ်ငန်းငယ်လေးများဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းများကို ဒေသခံတိုင်းရင်းသား ကုမ္ပဏီငယ်များမှ ရင်းနှီးငွေပမာဏနည်းပါးစွာဖြင့် ဆောင်ရွက်နေကြ ကြောင်းလည်း တွေ့ရှိရပါကြောင်း၊ B.O.T တည်ဆောက် လုပ်ငန်းလည်ပတ်ဆောင်ရွက် ပြန်လည် လွှဲပြောင်းစနစ်ဟုခေါ်သော B.O.T စနစ်၏ ရည်မှန်းချက်မှာ (၁) အချိန်ကာလ ၅ နှစ်မှ ၁၀ နှစ် အတွင်းမှာ ရင်းနှီး စိုက်ထုတ် တည်ဆောက်သွားရန်၊ (၂) ၂၅ နှစ်မှ နှစ် ၃၀ အတွင်း အရင်းကျေနှုန်းဖြင့် လမ်းတံတားကြေးကောက်ခံရန်၊ (၃) အရင်းကျေပြီး ၁၅ နှစ် ဆက်လက်အကျိုးတူခံစားရန်၊ (၄) နှစ် ၄၀ ကြာမြင့်ချိန် နိုင်ငံတော်သို့ပြန်လည်အပ်နှံရန်ဖြစ်ပါသည်။ ယင်းအခြေအနေအရ BOT လမ်းတံတားလုပ်ငန်းရှင်များသို့ နိုင်ငံတော်အစိုးရက ပံ့ပိုးပေးစေလိုသည့် အချက်များ အထူးသဖြင့် ပြည်နယ်များ တွင် လုပ်နေကြသည့် လုပ်ငန်းရှင်းငယ်များမှတစ်ဆင့် တင်ပြလာသည့်အတွက် ဆက်လက် တင်ပြခြင်းဖြစ်ပါကြောင်း၊ သူတို့တင်ပြချက်အရ-
(၁) B.O.T လုပ်ငန်းရှင်များသို့ နိုင်ငံအကျိုးပြု လုပ်ငန်းတာဝန်ထောက်ကူနိုင်ရန်အတွက်ကို မူလရည်မှန်းသည့်အတိုင်း ပြည်တွင်းပြည်ပ နှစ်ရှည် အတိုးမဲ့ အထူးချေးငွေအကူအညီ ပံ့ပိုးရရှိရေးကို ဆောင်ရွက်ပေးပါရန်၊
(၂) လက်ရှိ ဘဏ္ဍာရေးဝန်ကြီး ဌာနမှ ထုတ်ချေးခွင့်ပြုတဲ့အတိုးနှုန်းမှာ ၁၂ ရာနှုန်းဖြစ်ပြီးတော့မှ နိုင်ငံတော် အကျိုးပြုလုပ်ငန်းများမှာ ၂၅ နှစ်ကျော်ကြာမှ အရင်းကျေမည့်ဝင်ငွေနှင့် ကာမိခြင်းမရှိပါ၍ ပေးဆပ်ရန် ခက်ခဲပါသဖြင့် နှစ်ရှည် အတိုးသက်သာတဲ့အထူးချေးငွေ မူလအစီအမံပါသည့် အတိုင်း ပြင်ဆင် သတ်မှတ်ပေးပါရန်နှင့် အရင်းကျေကာလ ကျော်လွန်မှချေးငွေပြန်လည်ပေးဆပ်ခွင့်ပေးပါရန်၊
(၃) ယာဉ်သွားနှုန်းအနည်း အများအလိုက် လမ်းဖြတ်သန်းခများကို နေရာဒေသ၊ လမ်းတည်ဆောက်ပေးရမှု အခြေအနေအပေါ်မူတည်ပြီး လမ်းတည်ဆောက်မှုစရိတ်၏ လစဉ် ၅၀ ရာနှုန်း အထောက် အကူဖြစ်စေရန် ဒေသတစ်ခုနှင့် တစ်ခု တပြေးညီမသတ်မှတ်ဘဲ ၁၀ နှစ်နဲ့ အရင်းကျေနိုင်သော လမ်းကြေးများ သတ်မှတ်ကောက်ခံခွင့် ပေး၍ BOT လုပ်ငန်းကို အထောက်အကူပေးပါရန်၊
(၄) အထက်ပါ ငွေကြေးအခက်အခဲများရှိခြင်းကြောင့် မူလရည်မှန်းထားတဲ့လုပ်ငန်းကာလ ၃ နှစ်မျှ အခွန်အခ ကင်းလွတ်စွာဖြင့် စက်ယန္တရားများတင်သွင်းမှုကိုလည်း အခွန်အခကင်းလွတ်ခွင့် အလီလီ တင်သွင်းခွင့် ပြုပါရန်၊
(၅) ယာဉ်သွားနှုန်းနှင့် လမ်းကြေးဝင်ငွေက မျှော်မှန်းတွက်ချက်ခဲ့ရသည့်အတိုင်း ၂၅ နှစ်၊ ၃၀ နှစ်အတွင်း အရင်းကျေရန်မရှိခြင်း၊ အရင်းကျေကာလနောက်ပိုင်း နိုင်ငံတော်နှင့် ပြည်သူ အကျိုးအမြတ်ရရန် အခွင့်အလမ်းနည်းပါးခြင်းများရှိလာပါက လုပ်ငန်းပြန်လည်အပ်နှံခွင့်ပြုပါရန်နှင့် B.O.T လုပ်ငန်းရှင်မှ စိုက်ထုတ် ရင်းနှီးဆောင်ရွက်ပေးပြီး ကုန်ကျသည့်ငွေကို နိုင်ငံတော်မှပြန်လည် ချီးမြှင့် ပေးပါရန်၊
(၆) ခရီးမိုင် ၁၀၀ အတွင်းမှာ နေ့စဉ်ယာဉ်သွားနှုန်း ၁၀၀ မရှိသောလမ်းများအတွက် ၂၅ နှစ်မှ ၃၀ နှစ်အတွင်း အရင်းမကျေ၊ အကျိုးအမြတ်ရရှိရန်မရှိသဖြင့် ၁၀ နှစ်အတွင်း အရင်းကျေ နှုန်းထားအား B.O.T စနစ်ဆောင်ရွက်ဆဲမှာပင် ကောက်ခံသုံးစွဲခွင့်ပြုရန်တို့ဖြစ်ပါသည်။
မိမိအနေဖြင့် အဆိုပါအချက်အလက်မျာနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရမှ ပံ့ပိုးပေးစေလိုသည့် လိုအပ်ချက်များအား အားလုံးကိုဖြစ်စေ၊ အချို့ကိုဖြစ်စေ ပံ့ပိုးဖြည့်ဆည်းပေးနိုင်ခြင်းရှိ/မရှိနှင့် ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းများကို ရှင်းလင်းဖြေကြားပေးပါရန် မေးမြန်းတင်ပြ အပ်ပါသည်။

