(ည)-ပင်စင်ဦးစီးဌာနရုံးများ မြို့နယ်တိုင်းတွင် ဖွင့်လှစ်ရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ (၁.၈.၂၀၁၃)

ဦးပိုက်လင်း (ပလက်ဝ) ပင်စင်ဦးစီး ဌာနရုံးများ မြို့နယ်တိုင်းတွင်ဖွင့်ပေးရန်သင့်ပါကြောင်းနှင့် ဖွင်‌့ပေးမည့်အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း၊ မိမိအပါအဝင် ပြည်သူ့အများ သည် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်နှင့် အမြဲဆက်သွယ် တွေ့ထိနေသည့် အတွက်ကြောင့် ယင်းဘဏ်များ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို တစ်စေ့ တစ်စောင်း လေ့လာ သိရှိခဲ့ရပါသည်။ ၁၉၉၆ ခုနှစ် ဧပြီလတွင် နိုင်ငံ့ဝန်ထမ်းများ အား ၁၀ လစာချေးငွေ ထုတ်ပေးသည့် ကျေအေးပြီး ချေးငွေကိစ္စရပ်တွင် ထုတ်ချေးငွေ စာရင်းများအား သက်ဆိုင်ရာဌာနများ ထိန်းသိမ်းစောင့်ရှောက်ရန် ကိစ္စကို  မြန်မာ့စီးပွားရေးဘဏ်၏ အကြီးအကဲများမှ မတင်ပြရဲသော ဖြစ်ရပ်ကြောင့် ကျေအေးပြီး ချေးငွေစာရင်း များသည့် မြန်မာ့ စီးပွားရေး ဘဏ်တွင် ယခုအချိန်အထိ စာရင်းမကျေဘဲ ဝန်ထုပ် ဝန်ပိုးကြီး ဖြစ်နေကြောင်းလည်း သိရပါသည်။ အငြိမ်းစားများအား ပင်စင်လစာ ထုတ်ပေးခြင်းလုပ်ငန်းသည် မြန်မာ့စီးပွားရေးဘဏ်၏ လုပ်ငန်းမဟုတ်ဘဲ ပင်စင်ဦးစီးဌာန၏ လုပ်ငန်း ဖြစ်သော်လည်း မြန်မာ့စီးပွားရေးဘဏ်သည် စစ်ဘက်၊ နယ်ဘက်၊ နိုင်ငံရေးပင်စင်လစာငွေများကို ယခုအချိန်အထိ ထုတ်ပေးလျက်ရှိပါကြောင်း၊ အငြိမ်းစားများအား အဆင်ပြေစေရေးကိုရှေးရှုလျက် “E” ပင်စင်စနစ်ကို ၂၀၁၂ သြဂုတ်လကစတင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း အီးပင်စင် လုပ်ငန်းဆောင်ရွက်ရာတွင် ကွန်ပျူတာဆက်စပ်ပစ္စည်း တစ်စုံတည်းကိုသာ ထုတ်ပေးသဖြင့် တချို့သော ဘဏ်များတွင် ကွန်ပျူတာကျွမ်းကျင်ဝန်ထမ်း နည်းပါးသဖြင့် အငြိမ်းစားများသည် အချိန်ကြာမြင့်စွာစောင့်ဆိုင်းပြီးမှ ပင်စင်လစာကိုရကြရာ အကယ်၍သာ ပင်စင်ဦးစီးဌာနရုံးများကို မြို့နယ်တိုင်းတွင်ဖွင့်လှစ်ပေးမည်ဆိုပါက အငြိမ်းစားများအားလုံးအတွက် အထူးအဆင်ပြေသွားမည် ဖြစ်ပါကြောင်း၊ မိမိဌာန၏ လုပ်ငန်းမဟုတ်ဘဲ စစ်ဘက်၊ မြို့ဘက်၊ နယ်ဘက်၊ နိုင်ငံရေးပင်စင်စားတွေကို ပင်စင်ထုတ်ပေးနေရသည့် နိုင်ငံတော် ဘဏ်ဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်သည်လည်း ဝန်ထုပ်ဝန်ပိုးလျာ့ကျပြီး မိမိတို့၏ ဘဏ်လုပ်ငန်းကို ပိုမိုစွမ်းစွမ်းတမံ ဆောင်ရွက်နိုင်မည် ဖြစ်ပါသဖြင့် မြို့နယ်တိုင်းတွင် ပင်စင်ဦးစီးရုံးများ ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိသိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်
အဖြေ

ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်နိုင်ငံဝန်ထမ်းများ အငြိမ်းစားခံစားခွင့်ရရရာတွင် သက်ဆိုင်ရာမိခင်ဌာနများက ပင်စင် ခံစားခွင့် အမိန့်ထုတ်ပြန်ပြီး ပင်စင်အမှုတွဲ တည်ဆောက်ပြီး အနီးစပ်ဆုံး ပင်စင်ဦးစီးဌာန (ရုံးချုပ်/ တိုင်းဒေသကြီး/ပြည်နယ်ရုံးခွဲ)သို့ ပေးပို့ရပါသည်။ ပင်စင်ဦးစီးဌာနမှ ပင်စင်လစာ၊ ဆုငွေတွက်ချက်ပြီး ငွေပေးမိန့်ထုတ်ပြန်ခြင်းကို ၇ ရက်အတွင်း အပြီးဆောင်ရွက်ကာ ငွေပေးမိန့်ကို ပင်စင်စား ငွေထုတ်ယူ လိုသည့်  မြန်မာ့စီးပွားရေးဘဏ်ခွဲသို့ ပေးပို့ပါကြောင်း၊ တစ်ပြိုင်တည်းမှာပင် ပင်စင်စားထံသို့လည်း ဘဏ်သို့ပေးပို့သည့် ငွေပေးမိန့်မိတ္တူ ပေးပို့ခြင်းဖြင့် အသိပေးအကြောင်းကြားပါသည်။

ပင်စင်စားများအနေဖြင့် မြန်မာ့စီးပွားရေးဘဏ်ခွဲသို့ ပထမဆုံး ပင်စင်လစာကို ချက်ချင်း သွားရောက် ထုတ်ယူနိုင်ပါကြောင်း၊ လစဉ်ပင်စင်လစာကို လတိုင်းလမကုန်မီ ၁၀ ရက် ကြိုတင်ထုတ်ပေးလျက်ရှိပါကြောင်း၊ ကိုယ်တိုင်သော် လည်းကောင်း၊ ကိုယ်စားလှယ် လွှဲစာဖြင့်သော်လည်းကောင်း လစဉ်ဖြစ်စေ၊ အများဆုံး ၁ နှစ် ကာလစုပေါင်း၍ဖြစ်စေ ဘဏ်မှထုတ်ယူနိုင်ပါကြောင်း၊ ပင်စင် ဦးစီးဌာနကို ဝန်ထမ်းပေါင်း ၃၇၂ ဦးပါ ဖွဲ့စည်းပုံနဲ့ ရုံးချုပ်တစ်ခုတည်း ဖွဲ့စည်းပြီး ပင်စင်လုပ်ငန်းများအား တာဝန်ယူဆောင်ရွက်ခဲ့ရာ ပင်စင်ခံစားခွင့် မြန်ဆန်ရေးအတွက် ကို ၂၀၀၅ ခုနှစ်၊ နိုင်ဝင်ဘာလ ၅ ရက်နေ့ကစတင်ပြီး တိုင်းဒေသကြီး/ပြည်နယ်ရုံး ၁၆ ရုံး တိုးချဲ့ ဖွဲ့စည်းပြီး ပင်စင်ခံစားခွင့်ကို ရုံးချုပ်/ရုံးခွဲများမှ လက်ခံရရှိပြီး ၇ ရက်အတွင်း အပြီးဆောင်ရွက်ပေးလျက် ရှိပါသည်။ ပင်စင်ဦးစီးဌာန၏ အဓိကတာဝန်များမှာ ဦးစီးဌာန ဝန်ထမ်းများပင်စင်နှင့် လုပ်သက်ဆုငွေတို့ကို တွက်ချက်ပြီး  မြန်မာ့စီးပွားရေး ဘဏ်သို့ ငွေပေးမိန့်ထုတ်ပြန်ခြင်း၊ စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများ၊ စည်ပင်သာယာကဲ့သို့ အဖွဲ့အစည်းများမှ အငြိမ်းစားယူကြသော ဝန်ထမ်းများရခွင့်ရှိသည့် ပင်စင်နှင့် လုပ်သက်ဆုငွေများ စိစစ်ပြီး စာရင်းစစ် အစီရင်ခံစာ ထုတ်ပြန်ခြင်း၊ နိုင်ငံရေး ပင်စင်ကိစ္စရပ်များ အတွက် နိုင်ငံတော်သမ္မတရုံးမှ ခွင့်ပြုမိန့်ရရှိသည့် အခါ မြန်မာ့စီးပွားရေး ဘဏ်များသို့ ငွေပေးမိန့်ထုတ်ပြန်ပေးခြင်း၊ ဦးစီးဌာန၊ ကာကွယ်ရေးနှင့် နိုင်ငံရေးပင်စင်များ၏ အသုံးစရိတ်များကို စာရင်းပြုစုခြင်းနှင့် အသုံးစရိတ် ခန့်မှန်းခြေစာရင်း ရေးဆွဲခြင်း၊ ပင်စင်စား အင်အားစာရင်း ထိန်းသိမ်းခြင်း၊ မှတ်တမ်းများ ထိန်းသိမ်းခြင်း၊ ပင်စင်စားများ ပင်စင်ယူပြီးနောက်ကိစ္စများဖြစ်သည့် နှစ်လွန်၊ မိသားစု၊ လစာကျန်ကိစ္စရပ်များ တာဝန်ယူ ဆောင်ရွက်ပေးခြင်းများ ဖြစ်ပါသည်။

ကာကွယ်ရေးဌာန အငြိမ်းစားများ၏ ပင်စင်လစာကိုထုတ်ပေးရာတွင် ရန်ကုန်မြို့ရှိ ပင်စင် စားများအတွက် အရာရှိများကို မြန်မာ့စီးပွားရေးဘဏ်တွင် ငွေစာရင်းဖွင့်လှစ်ပြီး ဘဏ်မှတစ်ဆင့် ထုတ်ပေးခဲ့ပြီး  အခြားအဆင့်များ ကို ကာကွယ်ရေး ဝန်ကြီးဌာန၊ ငွေစာရင်းရုံးချုပ်မှ တိုက်ရိုက်လစာထုတ်ပေးခဲ့သော်လည်း ၂၀၀၅ ခုနှစ်မှစ၍ ပိုမိုစနစ်ကျစေရန်၊ ပင်စင်စားများ ပင်စင်ထုတ်ယူမှု လွယ်ကူစေရန် မြန်မာ့စီးပွားရေးဘဏ်ခွဲများမှတစ်ဆင့် တာဝန်ယူလစာထုတ်ပေး ခဲ့ပါသည်။ ပင်စင်လစာများကို ဘဏ်မှ ထုတ်‌ပေးခြင်းစနစ်သည် နိုင်ငံတကာမှာလည်း ကျင့်သုံးဆောင်ရွက်လျက်ရှိတဲ့ နည်းလမ်းဖြစ်ပါတယ်။ မိမိတို့နိုင်ငံမှာလည်း မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်လစာ ထုတ်ပေးခြင်းသည် သင့်လျော်ရှင်းလင်းစနစ်ကျ မှန်ကန်ပြီး ပင်စင်စားများအနေနဲ့ မိမိတို့နေထိုင်ရာမြို့နှင့် အနီးစပ်ဆုံးဘဏ်မှာ လစာထုတ်နိုင်ခြင်း၊ ငွေစာရင်း ဖွင့်လှစ်ထည့်သွင်းခြင်းများ ပြုလုပ်နိုင်မည်ဖြစ်ပါသည်။

ပင်စင်စားများ၏ ပင်စင်လစာနှင့် ဆုငွေကို စိစစ်တွက်ချက်ပြီး ငွေပေးမိန့် ထုတ်ပြန်ရသည့် ပင်စင် ဦးစီးဌာနမှ  ငွေကြေးကိုင်တွယ်ပြီး ပင်စင်လစာ ထုတ်ပေးခြင်းကိုပါ ဆောင်ရွက်မည်ဆိုပါက ငွေပေးမိန့်ထုတ်ခြင်း၊ လစာထုတ်ပေးခြင်း၊ စာရင်းပြုစုခြင်း အားလုံးကို ဌာနတစ်ခုတည်းမှ တာဝန်ယူခြင်းကြောင့် အမှား အယွင်းများလည်း ဖြစ်နိုင်ပါကြောင်း၊ ပင်စင်ဦးစီးဌာနများသည် မြို့နယ်တိုင်းတွင် ရုံးခွဲများ အကယ်၍ ဖွင့်လှစ် ရမည်ဆိုပါက တစ်နိုင်ငံလုံး မြို့နယ်ပေါင်း ၃၃၀ ရှိသည့် အတွက် ပင်စင်ဦးစီးဌာနရုံး ခွဲပေါင်း ၃၃၀ ရုံးဖွင့်လှစ်ရန် လိုအပ်မည်ဖြစ်ပြီး ရုံးခွဲများအတွက် ရုံးအဆောက်အဦ၊ ဝန်ထမ်းအင်အား၊ ရုံးအသုံးအဆောင်ပစ္စည်းများ လိုအပ်လာမှာဖြစ်ပါကြောင်း၊ ထို့အတွက်ကြောင့် နိုင်ငံတော်အတွက် ဘဏ္ဍာငွေအသုံးစရိတ်များ ပိုမိုကျခံ သုံးစွဲရမှာဖြစ်ပါသည်။ မြို့နယ်ရုံးခွဲတစ်ခုအတွက် အနည်းဆုံးဝန်ထမ်း ၅ ဦး၊ စုစုပေါင်းဝန်ထမ်း ၁၆၅၀၊ ၁ နှစ်အတွက် လစာစရိတ် ကျပ်သန်းပေါင်း ၆၆၀ လိုအပ်မှာဖြစ်ပြီး၊ မြို့နယ်ရုံးခွဲ ၁ ရုံးတည်ဆောက်ရန် ကာလတန်ဖိုးကျပ်သိန်း ၃၅၀ နဲ့ ရုံးခွဲပေါင်း ၃၃၀ အတွက် ကျပ်သန်းပေါင်း ၁၁၅၅၀ ပိုမိုကုန်ကျမည် ဖြစ်ပါသည်။

မြန်မာ့စီးပွားရေးဘဏ်ခွဲများသည် ၁-၁၀-၁၉၇၂  ရက်နေ့မှစပြီး ယနေ့ကာလအထိ နှစ်ပေါင်း ၄၀ ကျော် ပင်စင်လစာထုတ်ပေးခြင်းကို ဆောင်ရွက်ခဲ့ပြီး ဖြစ်သည့်အတွက် လုပ်ငန်း အတွေ့အကြုံနှင့် ကျွမ်းကျင်မှု ရှိပြီးသားဖြစ်ပါကြောင်း၊ လက်ရှိအချိန်တွင် ပင်စင်လစာထုတ်ယူသည့် ဦးစီးဌာန၊ ကာကွယ်ရေး၊ နိုင်ငံရေး ပင်စင်စား အင်အားစုစုပေါင်း ၅၃၂၂၆၂ ဦးရှိလာသည့်အတွက် ဘဏ်တွေများတွင် လစာထုတ်စ ၃ ရက်လောက်တွင် လစာထုတ်သူ များပြားပြီး စောင့်ဆိုင်းရသည့် အခက်အခဲများရှိပါကြောင်း၊ ယင်းအခက်အခဲများကို ဖြေရှင်းနိုင်ရန် e-pension Card စနစ်ပြောင်းလဲ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယနေ့အထိဆိုပါက e-pension Card ပေါင်း ၃၄၇၆၁၃ ထုတ်ပေးပြီးဖြစ်ကာ e-pension Card ဖြင့် ပင်စင်လစာထုတ်ယူမှု ၆၅.၃၀ ရာခိုင်နှုန်း ရှိနေ ပြီဖြစ်ပါကြောင်း၊ e-pension Card မရရှိသေးသူ ၃၄.၇၀ ရာခိုင်နှုန်းကိုလည်း ဆက်လက် ဆောင်ရွက်ပေးလျက် ရှိပြီး  ပင်စင်လစာ ထုတ်ယူရာတွင် ပိုမိုလွယ်ကူမြန်ဆန်လျက် ရှိနေပြီဖြစ်ပါကြောင်း၊ ထို့အတွက်ကြောင့် မြန်မာ့ စီးပွားရေးဘဏ်တိုင်းတွင် e-pension Card စနစ်ဖြင့် ပင်စင်လစာကို လွယ်ကူလျင်မြန်စွာထုတ်ယူနိုင်ရန် စီစဉ် ဆာင်ရွက်ထားပြီးဖြစ်သည့်အတွက် ပင်စင်ဦးစီးဌာန အနေဖြင့် မြို့နယ်ရုံးခွဲများ ဖွင့်လှစ်ရန် အစီအစဉ်မရှိသေး ပါကြောင်း ရှင်းလင်းပြောကြားပါသည်။