ဦးလှထွန်း (ခန္တီး)
လမ်းပန်းဆက်သွယ်ရေးကောင်းသော ဒေသများတွင် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်အထိ ကူးပြောင်းလုပ်ကိုင်နိုင်ကြပြီး လူနေမှုအဆင့်အတန်း တိုးတက်နေပြီဖြစ်သော်လည်း လမ်းပန်း ဆက်သွယ်ရေး မကောင်း မွန်သေးသော ဒေသများတွင် မိရိုးဖလာလုပ်ငန်း လုပ်ရိုး လုပ်စဉ်ဖြစ်သော ရွှေ့ပြောင်းတောင်ယာစနစ်ကိုသာ လုပ်ကိုင်နေ ကြရပါကြောင်း၊ ယခင် လူဦးရေနည်းပါးစဉ်က ၁၀ နှစ်၊ ၁၂ နှစ်လျှင် တစ်ကြိမ် တောင်ယာများကိုခုတ်ထွင်ရှင်းလင်းစိုက်ပျိုးကာ မိသားစုတစ်စုလျှင် ၄ ဧက၊ ၅ ဧကလုပ်နိုင်သော်လည်း ယခုအချိန်တွင် လူဦးရေအတော်အတန် တိုးတက်လာသည့်အတွက်ကြောင့် ၆ နှစ်၊ ၇ နှစ်ဖြင့်သာ တောင်ယာများကို ပြန်၍ ခုတ်နေရသည့် အတွက် တောနင်းခြင်း၊ မြေသြဇာကုန်ခမ်းခြင်းများကြောင့် ၂ ဧက၊ ၃ ဧကသာစိုက်ပျိုးနိုင်ကြရာ ဝမ်းစာဖူလုံမှု မရှိကြောင်း၊ ရွှေ့ပြောင်းတောင်ယာ စနစ်ကို လုပ်ကိုင်ရသည့်အတွက် စတင်ခုတ်သည့်အချိန်မှ စပါးရိတ်သိမ်းသည် အထိ တစ်နှစ်လျှင် ၁၀ လခန့် လုပ်ကိုင်ကြရသော်လည်း ရသင့်သလောက် အကျိုးကျေးဇူးမခံစားရခြင်း၊ သစ်တောများတစ်နေ့တခြားပြုန်းတီး၍ ရာသီဥတုများ တစ်နေ့တစ်ခြားဖောက်ပြန်နေခြင်းကို တွေ့ရှိရပါကြောင်း၊ အဆိုပါဒေသများတွင် ခက်ခဲစွာနေထိုင်နေကြသော တိုင်းရင်းသားများကို ရေကြည်ရာ၊ မြက်နုရာ သို့ ပြောင်းရွှေ့နေထိုင်စေမည်ဆိုပါကလည်း နိုင်ငံ၏ နယ်စပ်ဒေသလုံခြုံရေးကို စိတ်မချရသည့်အတွက် တိုင်းရင်းသားများကို နယ်စပ်ဒေသများတွင် အစဉ်သဖြင့်နေနိုင်အောင်ဆောင်ရွက်ပေးရန် လိုအပ်နေပါကြောင်း၊ ယခုအချိန် လွှတ်တော်၊ အစိုးရ ဟန်ချက်ညီညီဖြင့် နယ်စပ်ဒေသများ၏ ပညာရေး၊ ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပေးနေသော်လည်း တချို့နယ်စပ်ဒေသများတွင် ပြောင်းဖူး၊ ကြိတ်ဆန်၊ လူး၊ ဆပ်များကို စားနေရခြင်းကြောင့် အဆိုပါဒေသများတွင် တာဝန်ထမ်းဆောင်ခွင့်ရသောဝန်ထမ်းများသည် အခွင့်အရေးရသော်လည်း အခွင့်အရေးအပြည့်အဝမခံစားရကြပါကြောင်း၊ ထို့ကြောင့် နယ်စပ်ဒေများ တွင် လှေကားထစ် လယ်ယာစနစ်ကို မဖြစ်မနေ တူးဖော်လုပ်ကိုင်ပေးရန် လိုအပ်နေသောကြောင့် နယ်စပ်ဒေသများရှိ တိုင်းရင်းသားမျိုးနွယ်စု များ၏ ရွှေ့ပြောင်းတောင်ယာစနစ်မှ လှေကားထစ် လယ်ယာ စနစ်သို့ ကူးပြောင်း လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အတွက် နိုင်ငံတော်အစိုးရမှ မည်သို့ စီမံ ဆောင်ရွက်ထားသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။

