ခရစ်သက္ကရာဇ် ၁၄၇၁၊ ၁၄၉၂၊ မြန်မာသက္ကရာဇ် ၈၃၃၊ ၈၅၄ ခုနှစ်တွင် ဟံသာဝတီနိုင်ငံတော်ကြီးကို အုပ်ချုပ်စိုးစံခဲ့သော မွန်ဘုရင် ဓမ္မစေတီ မင်းကြီး မှ ကြေးပိဿာချိန် ၁၈၀၀၀၀ ရှိ ခေါင်းလောင်းတော်ကြီးကို သွန်းလုပ်တော် မူပြီး ပြည်သူများ အလှူဒါနပြုလုပ်၍ အမျှဝေ ဆုတောင်း သာဓု အနုမောဒနာခေါ် ဆိုနိုင်ရန်အလို့ငှာ ရည်သန်မျှော်ခိုးလျက် ခရစ်သက္ကရာဇ် ၁၄၇၆ ခုနှစ်၊ အောက် တိုဘာလ ၂ ရက်နေ့မှာ ရွှေတိဂုံစေတီတော်မြတ်ကြီး ထံ ရေစက် သွန်းချ အမျှဝေ လှူဒါန်း ခဲ့ကြောင်း သိရှိမှတ်သားရပါသည်။ အဆိုပါ ကြေး သွန်းခေါင်းလောင်းတော် ကြီးမှာ ကြေးပိဿာချိန် ၁၈၀၀၀၀ ရှိသည့် အလျောက် ကမ္ဘာတစ်လွှားတွင် အကြီးမားဆုံးသော ခေါင်းလောင်း တော်ကြီးဖြစ်ကြောင်းနှင့် ခေါင်းလောင်းတော် ၏ သက်တမ်းမှာ နှစ်ပေါင်း ၅၀၀ ကျော်က ရှိပြီဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါ ပိဿာ ၁၈၀၀၀၀ ရှိခေါင်းလောင်းတော်ကို သွန်းလုပ်ရာတွင်လည်း ခေါင်းလောင်းတော်၏ မျက်နှာပြင်များပေါ်၌ ၎င်း၏အလှူဒါနအတွက် ရေစက်သွန်းချ အမျှဝေဆုတောင်းခဲ့သည့် အချက်များနှင့် မွန်တို့၏ ယဉ်ကျေးမှု သမိုင်းအကြောင်း အရာများ ကို ပဗ္မည်းထိုးရေးသား မှတ်တမ်းတင်ထားရှိခဲ့ကြောင်း၊ အနောက်ဘက်လွန် မင်းတရားကြီး လက်ထက်တော်တွင် ပေါ်တူကီလူမျိုး ငဇင်းခါ ခေါ် ဖီးလစ်ဒစ်ပလီတို မှ အဆိုပါခေါင်းလောင်းတော်ကြီးကို အရည်ကျိုပြီး အမြောက်ပြုလုပ်ရန် အတွက် ခရစ်သက္ကရာဇ် ၁၆၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ဖောင်သင်္ဘောဖြင့် သန်လျင်မြို့ သို့သယ်ဆောင်ယူသွားသည့်အရေးကို လမ်းခရီးတွင် ပုဇွန်တောင်ချောင်းဝအရောက် ဒေါပုံမြစ်ကူး သည့်နေရာ တစ်ဝိုက်တွင် ဖောင်သင်္ဘော ပျက်၍ ခေါင်းလောင်းတော်သည် မြစ်ထဲကျ၍ နစ်မြှုပ်ခဲ့ရပါကြောင်း နစ်မြှုပ်ခဲ့သည့် နှစ်ပေါင်းမှာ ၄၀၁ နှစ်ရှိပြီး ၁၉၈၇ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၉ ခုနှစ် တွင် ၂ ကြိမ်၊ ၁၉၉၇၊ ၁၉၉၈ ခုနှစ်တွင် တစ်ကြိမ်၊ စုစုပေါင်း ၄ ကြိမ်တိုင်တိုင် ဆယ်ယူရန်ကြိုးပမ်းခဲ့ သော်လည်း မအောင်မြင်ခဲ့ပါကြောင်း သိရှိရပါသည်။ အဆိုပါခေါင်းလောင်းတော်ကြီးအား ဆက်လက် ဆယ်ယူနိုင်ရေးအတွက် ပြည်ပကုမ္ပဏီမှ အကူအညီပေးရန် ကမ်းလှမ်းလာသော်လည်း သက်ဆိုင်ရာဝန်ကြီးဌာနမှ ဆယ်ယူရန်ခွင့်မပြုသေးပါသဖြင့် ဆယ်စုနှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရ ပါကြောင်းနှင့် ယနေ့တိုင် ဆယ်ယူမှုမပြုလုပ်နိုင်သေးပါကြောင်းကိုလည်း ဂျာနယ်အချို့မှ ဖတ်ကြား သိရှိရပါသည်။
ဤခေါင်းလောင်းဆယ်ယူ ရေးကိစ္စနှင့်စပ်လျဉ်း၍ မိမိတို့မွန်တိုင်းရင်းသားရှေးလူကြီးများ၏ အဆိုအရ
(က) ခေါင်းလောင်းအလှူရှင်ဖြစ်သော ဓမ္မစေတီမင်းကြီးသည် ဘုန်းကံမြင့်မားသူဖြစ်၍ လည်းကောင်း ၊ ခေါင်းလောင်းတော်အား ရွှေတိဂုံ ဘုရားတွင် ရေစက်သွန်းချအမျှဝေ၍ လှူဒါန်းထားသော ပစ္စည်းဖြစ်နေ၍ လည်းကောင်း၊ ဆိုင်ရာပိုင်ရာ သမာဒေဝနတ်များတို့မှ စောင့်ရှောက် ထားမည်ဖြစ်ပါသဖြင့် ခေါင်းလောင်းကို ဆယ်ယူ ရရှိလိုပါက ၎င်းနတ်ဒေဝါတို့အား တိုင်တည်ပြီး ခွင့်ပြုချက်တောင်းရန် လိုအပ်ပါကြောင်း။
(ခ) ဆယ်ယူ မည့်ပုဂ္ဂိုလ်များတို့သည်လည်း သီလသမာဓိပညာ၊ ကတိသစ္စာ၊ ဘုန်းသမ္မာ အစရှိသည့် သူတော် ကောင်းတရားများနှင့် ပြည့်စုံနေရန်လည်းလိုအပ်ပါကြောင်း။
(ဂ) ကာလဒေသဆိုသော စကားအရ အချိန်အခါကောင်းရွေးချယ်ရန်နှင့် အောင်မြင်နိုင်သော အရပ်ဒေသ ကို ရွေးချယ်တတ်ရန် လိုအပ်ပါကြောင်း ရှေးလူကြီးများ၏စကားကို မှတ်မိသမျှ တင်ပြခြင်းဖြစ်ပါကြောင်း။
ယခုအချိန်အခါမှာ နိုင်ငံတော်၏ရှေးဟောင်းအမွေအနှစ်များကို မြေပေါ်မြေအောက်မှ ရှာဖွေစုဆောင်းလျက် ရှိသော အချိန်ကာလ၌ တန်ဖိုးမဖြတ်နိုင်သည့် ယဉ်ကျေးမှုအမွေအနှစ် အမြောက်အမြားနှင့် ပြည့်စုံနေသော ရေအောက်ရှိ ဓမ္မစေတီခေါင်းလောင်းတော်ကြီးကို ဆယ်ယူရရှိမည်ဆိုပါက အဖိုးမဖြတ်နိုင်သော မြန်မာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်မြောက်မြားစွာတို့ကို ရရှိနိုင်မည်ဖြစ်ပါကြောင်း တင်ပြလိုပါသည်။ အကယ်၍ ဆယ်ယူမှု မပြုဘဲ ရေအောက်တွင် နှစ်ပေါင်းများစွာ နှစ်မြှုပ်နေမည်ဆိုပါက ခေါင်းလောင်းတော်သည် ယခုထက်မက ပျက်စီးဆုံးရှုံးသွားနိုင်မည်ဖြစ်ပါသဖြင့် နိုင်ငံတော်အတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ရပ်နှင့် ရင်ဆိုင် ရမည်ဖြစ်ပါကြောင်း တင်ပြလိုပါသည်။ သို့ပါ၍ ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး ဆယ်ယူရရှိရေး ကိစ္စကို နိုင်ငံတော်၏ ယဉ်ကျေးမှုအမွေအနှစ် စုဆောင်းရေးကဏ္ဍတွင် အရေးကြီးသော လုပ်ငန်းစဉ်တစ်ရပ် သတ်မှတ်သင့်ပါကြောင်း၊ တင်ပြအစီရင်ခံပြီး အမြန်ဆုံး အကောင်အထည်ဖော် ဆယ်ယူနိုင်ပါရန် အလေးအနက် တိုက်တွန်းလိုပါကြောင်းနှင့် အောက်ဖော်ပြပါမေးခွန်းများကို မေးမြန်းလိုပါကြောင်း-
(က) ဒေါပုံမြစ်တွင် နစ်မြှုပ်လျက်ရှိသော ဓမ္မစေတီ ခေါင်းလောင်းတော်အား ပြည်ပနိုင်ငံကုမ္ပဏီမှ ကူညီ ဆယ်ပေးမည်ဟု ကမ်းလှမ်းသည့်ကိစ္စမှာ ဟုတ်မှန်ပါသလား။ မည်သည့်နိုင်ငံမှ မည်သည့်အဖွဲ့အစည်းက မည်ကဲ့သို့ ကူညီမည်ဖြစ်ကြောင်း သိရှိလိုပါသည်။
(ခ) အဆိုပါပြည်ပနိုင်ငံမှ ကူညီဆယ်ယူခွင့်ကို ယဉ်ကျေးမှုဝန်ကြီးဌာနမှ ခွင့်မပြုသေး ပါသဖြင့် ဆယ်စုနှစ်များစွာ စောင့်စားခဲ့ရသည့်ကိစ္စသည် ဟုတ်မှန်ပါသလား။ ဟုတ်မှန်မည်ဆိုပါက အဆိုပါ ကူညီမည့်နိုင်ငံအား ကူညီခွင့်မပြုသည့် အကြောင်းများကို သိရှိလိုပါသည်။
(ဂ) ဓမ္မစေတီ ခေါင်းလောင်းတော်အားဆယ်ယူရေးကိစ္စတွင် မည်ကဲ့သို့သော အခက်အခဲများရှိပါ သနည်း။ ခေါင်းလောင်းတော်အား မည်သည့်ခုနှစ်ကို နောက်ဆုံးထားပြီး အပြီးအပိုင်ဆယ်ယူရန် လျာထား သတ်မှတ်ထားပါသနည်း။ စသည့်မေးခွန်းများကိုသိရှိလိုပါကြောင်းမေးမြန်းပါသည်။
ဒေါပုံမြစ် တွင်နစ်မြှုပ်လျက်ရှိသော ဓမ္မစေတီခေါင်းလောင်းတော်သည် လွှတ်တော် ကိုယ်စားလှယ်တော်ကြီး တင်ပြသွားသည့်အတိုင်း သမိုင်းတန်ဖိုးအရ အဖိုးမဖြတ်နိုင်သော ခေါင်းလောင်းကြီးဖြစ်သည်မှာ အမှန်တကယ် ဖြစ်ပါကြောင်း၊ ယင်းခေါင်းလောင်းတော်ကြီးကို ပြည်ပနိုင်ငံကုမ္ပဏီမှ ကူညီဆယ်ယူ ပေးရန် ကမ်းလှမ်းခြင်းဆိုသည်မှာ ၂၀၁၀ ခုနှစ် စင်ကာပူနိုင်ငံမှ SD Mark International LLP ကုမ္ပဏီမှ ကျွမ်းကျင်ပညာရှင်များ သင်္ဘောများငှမ်းရမ်းမှု အမေရိကန်ဒေါ်လာ ၁၀ သန်း အကုန်အကျခံကာ ရှာဖွေ ဆယ်ယူမည်ဖြစ်ကြောင်း စာရေးဆရာ ဦးချစ်စံဝင်းမှတစ်ဆင့် ယဉ်ကျေးမှု ဝန်ကြီးဌာနသို့ ကမ်းလှမ်းလာပါသည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး ၂၀၁၂ ခုနှစ်၊ မတ်လ ၉ ရက်နေ့တွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ထွန်းအုံမှလည်း ဒီရှေးခေတ် မွန်လူမျိုးတို့ရဲ့ လက်ရာတစ်ခုဖြစ်သော ဓမ္မစေတီခေါင်းလောင်းကြီး သယ်ယူရန် အစီအစဉ်ရှိ/မရှိ ကြယ်ပွင့်ပြမေးခွန်းကို မေးမြန်း လာရာ ယဉ်ကျေးမှုဝန်ကြီးဌာနက ဓမ္မစေတီခေါင်းလောင်းတော်ကြီး ဆယ်ယူရန် ကမ်းလှမ်းလာသော ကုမ္ပဏီ ရှိသော်လည်း နည်းပညာ၊ အတတ်ပညာ၊ ပညာရှင်များ၊ ငွေအင်အားလိုအပ်သော ခေတ်မီကိရိယာများ ပြည့်စုံမှသာ ဆက်လက်ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။
ကမ်းလှမ်းသည့် ကုမ္ပဏီအနေဖြင့်လည်း စတင်ကမ်းလှမ်းသည့်အချိန်တွင် ငွေကြေးအတတ်ပညာ ပြည့်စုံပြီး အဆင့်သင့်ဖြစ်သော ကုမ္ပဏီမဟုတ်သည့်အပြင် ပွဲစားသဘောမျိုးဖြင့်သာ ကမ်းလှမ်းသည့်အတွက် ပျက်ပြယ် သွားခြင်းဖြစ်ပါကြောင်း၊ ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့်လည်း ငြင်းပယ်လိုက်ခြင်းမဟုတ်ပဲ ဓမ္မစေတီခေါင်းလောင်းတော်ကြီး ဆယ်ယူရန်အတွက် လိုအပ်သည့် အချက်အလက်နည်းပညာ အထောက်အပံ့ဖြစ်စေမည့် အလုပ်ရုံဆွေး နွေးပွဲတစ်ခုကို ၂၀၁၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့က ရန်ကုန်မြို့ Chatrium Hotel မှာကျင်းပခဲ့ရာ အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် သမိုင်းပညာရှင်များ၊ ရေကြောင်းဆိုင်ရာ ပညာရှင်များ၊ ဆယ်ယူမှုနည်း ပညာဆိုင်ရာပညာရှင်များနှင့် ကျွမ်းကျင်သူများမှ စာတမ်း ၁၁ စောင် ဖတ်ကြားခဲ့ပါသည်။ လိုအပ်မည့် နည်းပညာ၊ ရေကြောင်းပြောင်းလဲမှုနှင့် နုန်းမြေတင်မှုအခြေအနေများ၊ တူးဖော်သည့် စီမံကိန်းများတွင် အခြားလူမှုစီးပွားရေးအတွက် ထည့်သွင်းစဉ်းစားရန် လိုအပ်ပုံများကို အကြံပြု ဆွေးနွေးခဲ့ကြပါကြောင်း၊ ထိုပြင် အခြားလူမှုစီးပွားရေးအတွက် ထည့်သွင်းစဉ်းစားရန် လိုအပ်ပုံများကို အကြံပြု ဆွေးနွေး သွားကြပြီး ခေါင်းလောင်းကြီးနှင့်ပတ်သက်ပြီး ဒဏ္ဍာရီသဖွယ် ဖြစ်နေသော အချက်များအား ထောက်ပြရာ တွင် မြန်မာ့သမိုင်း ဆိုင်ရာ ကျောက်စာအထောက်အထားများ တင်ပြသွားမှုများလည်း ရှိပါကြောင်း၊ ထို့အပြင် နှစ် ၄၀၀ ကျော် အချိန်ကြာမြင့်ခဲ့ပြီးဖြစ်၍ ဒီရေစီးဆင်းမှုနှင့် သဲနှုန်းပို့ချမှုကြောင့် မြေအောက်သို့ ရောက်ရှိမှုများလည်း ရှိနိုင်ကြောင်း တင်ပြခဲ့သည်များ ကြားခဲ့ရပါကြောင်း၊ အထူးသဖြင့် ရေကြောင်းပညာရှင် ဦးချာလီသန်း က ဒီရေကြောင်းပြောင်းလဲမှုသည် နှစ်တစ်ရာတွင် ၁၂ မိုင် ရွေ့လျားသည့်အတွက် ဒီနှစ် ၄၀၀ မှာ ၄၈ မိုင်၊ မိုင် ၅၀ ရွေ့သွားမှာ ဖြစ်တဲ့အတွက် မလွယ်ကူနိုင်ကြောင်း သူတင်ပြခဲ့သည်များလည်း ရှိပါသည်။ ထို့ပြင် ယင်းခေါင်းလောင်းကြီးနဲ့ ပတ်သက်၍ နောက်ပညာရှင်ဦး၏ ဝေဖန်ချက်အရ “ဘရစ်တိုသည် ယင်းခေါင်းလောင်းကြီးအား သန်လျင်သို့ သယ်သွားဆောင်သွားခြင်းသည် သမိုင်းတန်ဖိုးနဲ့ ခေါင်းလောင်းကြီး၏ ယဉ်ကျေးမှုလက်ရာ အတွက် သယ်သွားခြင်းမဟုတ်ပဲ အရည်ကျိုပြီး လက်နက်ထုတ်လုပ်ရန် သယ်ဆောင်သွားခြင်း ဖြစ်သည့်အတွက် ရိုက်ချိုးဖျက်ဆီးပြီး အပိုင်းအစများအဖြစ်လည်း သယ်သွားနိုင်ကြောင်း” တင်ပြခဲ့ပါသည်။ ရှေးဟောင်းဗိသုကာတန်ဖိုးအဖြစ်နဲ့ အကဲဖြတ်ပါက ခေါင်းလောင်း အဖြစ်သာရှိပြီး ဆယ်ယူရရှိခြင်းသည် သာမန်တန်ဖိုးသာဖြစ်၍ ရေကြောင်းပြောင်းလဲနိုင်မှု၊ မြစ်ဝ လမ်းကြောင်းရှုပ်ထွေးနိုင်မှုတို့ ရှိနိုင်သည့် အတွက် ပို့ဆောင်ရေးဝန်ကြီးဌာန၏ သဘောထားလည်း ရယူသင့်ပါကြောင်းလည်း ဆွေးနွေးပွဲတွင် သုံးသပ်ခဲ့ကြပါသည်။
ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေးအတွက် ကျိုက်ထီးဆောင်းဆရာတော်က နိုင်ငံတော်သမ္မတရုံးကို ၂၀၁၃ ခုနှစ် ၄ လပိုင်း ၂၉ ရက်နေ့မှာ တင်ပြခဲ့သည့်အတွက် သမ္မတရုံးမှ ယဉ်ကျေးမှုဝန်ကြီးဌာန၏ သဘောထားကို တောင်းခံခဲ့ရာ ယဉ်ကျေးမှု ဝန်ကြီးဌာနအနေဖြင့် သီးခြားသဘောထား ပြန်ကြားရန် မရှိပါကြောင်း နှင့် အစိုးရအဖွဲ့၏ လုပ်ငန်းလမ်းညွှန်အဖြစ် ခွင့်ပြုပါက ဆရာတော်နှင့် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြ ဆောင်ရွက်သင့်ကြောင်း တင်ပြပြန်ကြားခဲ့ပြီး ဖြစ်ပါသည်။
ပြည်ပနိုင်ငံမှ ကူညီဆယ်ယူခွင့်ကို ယဉ်ကျေးမှုဝန်ကြီးဌာနက ခွင့်မပြုသေးပါသဖြင့် ဆယ်စုနှစ်များ စွာ စောင့်ဆိုင်းခဲ့ရသည့်ကိစ္စမှာ မှန်ကန်မှုမရှိပါကြောင်း၊ ယင်းပြည်ပ ကုမ္ပဏီမှလည်း ကုမ္ပဏီမိတ်ဆက်နဲ့ အတွေ့အကြုံကိုသာ တင်ပြနိုင်ပြီး ငွေကြေးခိုင်ခိုင်မာမာရှိသော အထောက်အထား၊ သုတေသန ပြုစုဆောင်ရွက် မှုများ၊ အဆိုပါ ကုမ္ပဏီနှင့်ပတ်သက်ပြီး ဆောင်ရွက်မှုမှတ်တမ်း အထောက်အထားများနှင့် ပြည့်စုံခိုင်လုံစွာ တင်ပြနိုင်မှု မရှိသည့်အချက်များကြောင့် ကူညီခွင့်ပြုနိုင်ရေးအတွက် ထောက်ခံချက် ပေးနိုင်ခြင်း မရှိပါကြောင်း၊ ယဉ်ကျေးမှုဝန်ကြီးဌာန တစ်ခုတည်းအနေဖြင့်လည်း ထောက်ခံခွင့်ပြု၍ မရသည့်အပြင် ဓမ္မစေတီ ခေါင်းလောင်းတော်ကို ဆယ်ယူရေး ကိစ္စရပ်တွင် တွေ့ကြုံနေရသည့် အခက်အခဲများ၊ ခေတ်မီ နည်းပညာပစ္စည်း အပြည့်အဝ မသုံးစွဲနိုင်ခြင်း၊ ကုန်ကျစရိတ်ကြီးမားမှုကြောင့် ပညာရပ်နယ်ပယ် အသီးသီးမှ ပညာရှင်များ ပံ့ပိုးပါဝင်မှုအားနည်းခြင်း၊ လောကီ၊ လောကုတ္တရာ ယုံကြည်မှုအစွဲအလမ်းများ ရှိနေကြခြင်း၊ ခေါင်းလောင်းတော်ကြီး ရေတွင်ကျခဲ့သည့် အချိန်မှစ၍ နှစ်ပေါင်း ၅၀၀ ခန့်အကြာ ရေကြောင်းပြောင်းလဲမှု၊ နုန်းမြေပို့ချမှု၊ ပထဝီအနေအထားပြောင်းလဲမှု၊ ငလျင်နှင့် မိုးလေဝသအန္တရာယ်များ ပေါ်ပေါက်မှု၊ မြို့ပြဧရိယာချဲ့ထွင်မှု၊ လူနေမှုသိပ်သည်းမှု စသော အခက်အခဲများရှိနေပြီး ဆယ်ယူရရှိရန်အတွက် လျာထားသတ်မှတ်ထားသော အချိန်ကာလ မရှိသေးပါကြောင်း ပြန်လည်ဖြေကြားပါသည်။
