ယနေ့မြန်မာနိုင်ငံတွင် တိုင်းနှင့် ပြည်နယ်၊ မြို့ရွာအသီးသီးများ တွင် မော်တော်ဆိုင်ကယ်များကို တွင်တွင် ကျယ်ကျယ် စီးနင်းအသုံပြုလျက် ရှိကြပြီး ကျေးရွာ အချင်းချင်းနှင့် မြို့နယ်များအထိ အချိန်ကုန်သက်သာစွာ စီးနင်း အသုံးပြုနေသည်ကိုလည်း တွေ့ရှိနေရပါသည်။ သို့ရာတွင် အချို့သော ဆိုင်ကယ်စီးနင်းသူများမှာ ဆိုင်ကယ်ဦးထုပ်မဆောင်းခြင်း၊ မူးယစ် သောက် စားမောင်းနှင်ခြင်း၊ ဆိုင်ကယ်အိပ်ဇောဖြုတ်စီးခြင်း၊ အရွယ်မရောက်သေးသော လူမမယ်များ စီးနင်းနေခြင်းများကြောင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု အားနည်းနေသည်ကို တွေ့ရှိနေရပြီး ယာဉ်တိုက်မှု၊ ယာဉ်မတော်တဆမှုများ နေ့စဉ်နှင့်အမျှ ကြုံတွေ့ နေကြရပါကြောင်း၊ အထူးသဖြင့် မြို့နယ်များတွင် အဖြစ်များပြီး ကိုယ်လက်အင်္ဂါထိခိုက်ကာ အသက် သေဆုံးသည်အထိ တွေ့မြင်ကြရပါကြောင်း၊ သတ်မှတ် ယာဉ်ကြောများမှ မမောင်းနှင်သည့် အတွက်လည်း မော်တော်ကားမာင်းနှင်သော မော်တော်ယာဉ်မောင်းများ အနေဖြင့် စိတ်အနှောက်အယှက်ဖြစ်ကြရပါကြောင်း၊ သက်ဆိုင်ရာ ဝာာဝန်ရှိဌာနများမှ အသိပညာပေး အစီအစဉ်များကို ပြုလုပ် ဆောင်ရွက်နေသော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် မော်တော်ဆိုင်ကယ် စီးနင်းအသုံးပြုသူများမှာ များပြားလွန်းသည့်အတွက် စည်းကမ်းလိုက်နာမှု အားနည်းနေသေးသည်ကို လည်း လေ့လာတွေ့ရှိရပါကြောင်း၊ သက်ဆိုင်ရာဌာနများ အနေဖြင့် ဝန်ထမ်းအင်အားများ တိုးချဲ့ပြီး မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအလိုက် ယာဉ်မောင်းလိုင်စင်များ စိစစ်ထုတ်ပေးခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး အစီအစဉ်များကို ပြည်သူလူထုနှင့် ပူးပေါင်းပြီး ဆင့်ပွားသင်တန်းများ ပြုလုပ်ပေးနိုင်ပါက များစွာ အကျိုးသက်ရောက်မှုရှိမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မော်တော်ဆိုင်ကယ် စီးနင်း အသုံးပြုသူများအား ယာဉ်မောင်းလိုင်စင်များ ထုတ်ပေးခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး အစီအစဉ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အနေဖြင့် ဝန်ထမ်းအင်အား တိုးချဲ့ဖွဲ့စည်းခြင်းနှင့် မြို့နယ်ရုံးခွဲများ တိုးချဲ့ဖွင့်လှစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်ကဲ့သို့ စီစဉ်ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ရည်မှန်းချက်မှာ Road Safety ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေး ဖြစ်သောကြောင့် မော်တော် ယာဉ်နှင့် မော်တော်ဆိုင်ကယ် အသုံးပြုသူများ၊ လမ်းအသုံးပြုသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရန်အတွက် ၁၉၆၄ ခုနှစ် မော်တော်ယာဉ် ဥပဒေ၊ ၁၉၈၉ မော်တော်ယာဉ် နည်းဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပြန်၍ ဆောင်ရွက်လျက်ရှိပါသည်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအား လိုက်နာစေရန်အတွက် က.ည.န ရုံးများတွင် ရက်တိုသင်တန်းများ ဖွင့်လှစ်ခြင်း၊ နယ်လှည့် လုပ်ငန်းဆောင်ရွက်၍ ရက်တို သင်တန်းများဖွင့်လှစ်ပညာပေးခြင်း၊ လက်စွဲစာစောင်များ အခမဲ့ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိ ဖွဲ့စည်းပုံအရ တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခု နှင့် တိုင်ဒေသကြီး/ပြည်နယ် အဆင့် ၁၄ ရုံး အပါအဝင် ခရိုင်အဆင့်ရုံးအထိ ရုံးပေါင်း ၅၅ ရုံးဖွင့်လှစ်ပြီး ဆောင်ရွက်လျက်ရှိပါသည်။ သက်ဆိုင်ရာရုံးအလိုက် ကျောင်းသားကျောင်းသူ လူငယ်များဗဟုသုတနှင့် ပညာရရှိစေရန်အတွက် အထက်တန်းကျောင်းများ၊ မော်တော်ယာဉ်လိုင်းများ၊ အများပြည်သူများနှင့် ဆိုင်သောနေရာများ၊ တက္ကသိုလ်နှင့် ကောလိပ်များ၊ ဌာနဆိုင်ရာများ၊ တပ်ရင်း/တပ်ဖွဲ့များ စသည်ဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာဆောင်ရွက်နိုင်ရန် ဟောပြောဆောင်ရွက်လျက်ရှိရာ ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ပညာပေးဟောပြောခြင်း ၅၆၉ ကြိမ်၊ ရက်တိုသင်တန်း ၉၀၁ ကြိမ် ဖွင့်လှစ် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ အထက်ဖော်ပြပါ ရက်တိုသင်တန်းများ တက်ရောက်စေပြီး အရောင်ကန်း စစ်ဆေးခြင်း၊ စာတွေ့လက်တွေ့ ဖြေဆိုအောင်မြင်မှသာ မော်တော်ဆိုင်ကယ် မောင်းနှင်ခွင့်လိုင်စင်များ ထုတ်ပေးခြင်း ဆောင်ရွက်လျက်ရှိပါသည်။ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသည် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပြန်ဆောင်ရွက် လျက်ရှိပြီး ၎င်းဥပဒေလိုက်နာရန် ပျက်ကွက်မှု အပေါ်အရေးယူ ဆောင်ရွက်ခြင်းအား ဒေသအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုနဲ့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းအဖွဲ့မှ စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့ မန္တလေးတိုင်း ဒေသကြီးသို့ သွားရောက်ခဲ့သော ခရီးစဉ်တွင်လည်း ဒေသပြည်သူများက ဆိုင်ကယ်လိုင်စင်သက်တမ်းကိစ္စနှင့် မြို့နယ်များအလိုက် သက်တမ်း တိုးပေးရန်ကိစ္စတင်ပြခဲ့မှု အပေါ် လက်ရှိ ဖွင့်လှစ်ပြီးဖြစ်သော ရုံးချုပ်၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင် ၅၅ ရုံးတို့မှ ရုံးမရှိသော မြို့နယ်များသို့ လှည့်လှယ် ဆောင်ရွက်မည့် အစီအမံများကို သက်ဆိုင်ရာဒေသ အုပ်ချုပ်ရေးအဖွဲ့နှင့် ညှိနှိုင်း၍ တစ်နှစ်စာဇယား ရေးဆွဲကာ သတင်းစားများမှာ ထည့်သွင်းကြေညာခြင်း၊ တစ်လချင်းအလိုက်ကိုလည်း အချိန်နီးကပ်လာပါက သတင်းစာများမှာ ထပ်မံအသိပေး ဖော်ပြခြင်း၊ လက်ကမ်းစာစောင်များ ပေးပို့ခြင်းများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ မကြာမီအချိန်များတွင်း ရုံးများတွင် ကွန်ပျူတာများ ထပ်မံတပ်ဆင်ခြင်း၊ Network ချိတ်ဆက်ခြင်း ရှိလာစေရန် ဆောင်ရွက်လျက်ရှိပါသည်။ ဝန်ထမ်းအင်အားတိုးချဲ့ခြင်းနှင့် မြို့နယ်ရုံးခွဲများ တိုးချဲ့ဖွဲ့စည်းခြင်း အစား လုပ်ငန်းအများစုကို Online မှ ယခုထက်ပိုမိုမြန်ဆန်အောင် ဆောင်ရွက်သွားခြင်း၊ Computerized Centralization ဆောင်ရွက် ခြင်းများ ပြုလုပ်သွားမည်ဖြစ်သည့် အတွက် လက်ရှိဝန်ထမ်း အင်အားနဲ့ပင် မြန်ဆန်ထိရောက်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်းနှင့် မိမိတို့ဝန်ထမ်းများ၏ Capacity Building မြှင့်တင် ပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြအပ်ပါသည်။
