(ခ)-ဆိုင်ကယ်ဦးထုပ်မဆောင်း၍ဒဏ်ကြေးပေးဆောင် ရသောငွေဖြင့်ဆိုင်ကယ်ဦးထုပ်ကိုချက်ချင်းရောင်း ချပေး၍ လက်တွေ့ ဆောင်းသွားစေရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ (၂.၈.၂၀၁၃)

ဦးဝင်းမြင့် (ပြည်)မြန်မာနိုင်ငံတွင် ယခုအခါမှာ ဆိုင်ကယ်များ အသုံးပြုသွားလာမှု များပြားလျှက် ရှိပြီး ယင်းဆိုင်ကယ်များမှာ ဥပဒေအရ၊ ဥပဒေမဲ့ အခြားနိုင်ငံများက အလုံး အရင်းနှင့် ဝင်ရောက်လျှက်ရှိရာ အသုံးပြုရာတွင်လည်း ကျွမ်းကျင်မှုမရှိခြင်း၊ စည်းကမ်းလိုက်နာမှု မရှိခြင်းတို့ကြောင့် မကြာခဏထိခိုက်ဒဏ်ရာရရှိမှု၊ အသက် ဆုံးရှုံးမှု များကိုလည်း နေ့စဉ်ကြားနေရပါကြောင်း၊ ယင်းကိစ္စကို အုပ်ချုပ်သူ အာဏာပိုင်များကလည်း ဆိုင်ကယ်မတော်တဆဖြစ်ပါက အသက်အန္တရာယ် ကာကွယ်နိုင်စေရန် ဆိုင်ကယ်စီးဦးထုပ်ဆောင်းရန်အတွက် ပညာပေးခြင်း များ ပြုလုပ်ပြီး ယခုအခါမှာ အချို့မြို့များတွင် ဆိုင်ကယ်စီးဦးထုပ် မဆောင်းပါက ဖမ်းဆီးပြီး ဒဏ်ငွေ ပေးဆောင်နေရသည်ကိုလည်း တွေ့ရှိနေရရာ ဆိုင်ကယ်စီး ဦးထုပ်မဆောင်းသည့်အတွက် ဒဏ်ငွေ ပေးဆောင်ရခြင်း၏ အဓိက ရည်ရွယ် ချက်မှာ ဆိုင်ကယ်စီးသူများ၏အသက် အန္တရာယ်ကို ကာကွယ်လိုခြင်း သာဖြစ်ပါသဖြင့် ပေးဆောင်ရသောဒဏ်ငွေကို ယင်းပုဂ္ဂိုလ်အတွက် ဆိုင်ကယ်စီးဦးထုပ်ဝယ်ပေးခြင်းက ရည်ရွယ်ချက်ပိုမိုအောင်မြင်မည်ဟု ယူဆမိပါသဖြင့် အောက်ပါ မေးခွန်းကိုမေးမြန်းလိုပါကြောင်း-

မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိမြို့များတွင် ဆိုင်ကယ်စီးသွားစဉ် ဆိုင်ကယ်စီး ဦးထုပ်ဆောင်မထား သောကြောင့် ဖမ်းဆီးခံရသူအား ဒဏ်အဖြစ် ပေးဆောင်ရသောငွေအား ဆိုင်ကယ်စီးဦးထုပ်ကို ချက်ချင်းရောင်းချ၍ လက်တွေ့ဆောင်းသွားစေရန် ညွှန်ကြားချက်များထုတ်၍ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်း လိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးချန်မောင်
အဖြေ

ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးချန်မောင် ရထား ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုး ဦးစီးဌာန၏ ရည်မှန်းချက်ဖြစ်သော Road Safety ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးဖြစ်သောကြောင့် မော်တော် ယာဉ်နှင့်  မော်တော် ဆိုင်ကယ် အသုံးပြုသူများ၊ လမ်းအသုံးပြုသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရန်အတွက် မော်တော်ယာဉ် ဥပဒေနှင့် မော်တော်ယာဉ် နည်းဥပဒေ များ၊ အမိန့်နှင့် ညွှန်ကြားချက်များထုတ်ပြန်ပြီး ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း များ ပြည်သူလူထု အလွှာအသီးသီး၊ အဖွဲ့ အသီးသီးမှ သိရှိလိုက်နာနိုင်စေရန် ပညာပေးဟောပြောခြင်း ကိုလည်ကောင်း၊ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ စစ်ဆေးခြင်းများကိုလည်းကောင်း၊ မော်တော် ဆိုင်ကယ်စီးနင်းသူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းသိရှိနားလည်ပြီး ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး အတွက် မိမိတို့ဦးစီးဌာန တိုင်းဒေသကြီး/ပြည်နယ်/ခရိုင် အဆင့်ရှိရုံးများတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးသင်တန်းများ ဖွင့်လှစ်လေ့ကျင့်ပေး လျက်ရှိပါသည်။ အဆိုပါ သင်တန်းကိုတက်ရောက်လာသူများအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ပညာပေးစာသားနှင့် ရုပ်ပုံများကို ရုံးဝင်းအတွင်းတွင် လည်းကောင်း၊ သင်တန်းခန်းမ အတွင်းတွင် လည်းကောင်း ချိတ်ဆွဲထားပါကြောင်း၊ မော်တော်ဆိုင်ကယ်စီးဦးထုပ်နှင့် ပတ်သက်၍လည်း သီးခြားသင်ခန်းစာများ ပြုစုပို့ချခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် Vinyl နဲ့ ပြုလုပ်ထားသောစာသားနှင့် ရုပ်ပုံများချိတ်ဆွဲထားရှိခြင်း၊ ပညာပေးသင်တန်းများမှ အဆင့်မြင့်အောင်သူများကို သင်တန်းသားအရေအတွက်အလိုက် ဆိုင်ကယ်စီးဦးထုပ် ဂုဏ်ပြုချီးမြှင့်ခြင်းများကို ဆောင်ရွက် ပေးလျက် ရှိပါကြောင်း၊ စစ်ဆေးအရေးယူခြင်းအနေဖြင့် ပြဋ္ဌာန်းချက်များကို လိုက်နာရန် ပျက်ကွက် သူများကို အရေးယူရန် အလို့ငှာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးမှုး ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့မှ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ဆိုင်ကယ်စီးဦးထုပ် မဆောင်းဘဲ မော်တော်ဆိုင်ကယ် စီးနင်း သူများအား ဖမ်းဆီးပြီး ဒဏ်ငွေ‌‌ပေးဆောင်စေရေးဆောင်ရွက် လျက်ရှိပါသည်။ သင်တန်းကာလအတွင်း ဆိုင်ကယ်စီးဦးထုပ်များ ထူးချွန်ဆုအဖြစ်ပေးခြင်းပြုနိုင်ခဲ့ သော်လည်း လက်ရှိဒေသအလိုက် အရေးယူဆောင်ရွက် ရသော ဒဏ်ကြေးများသည် တရားရုံးမှ အမိန့်ချမှတ်ဆောင်ရွက်ခြင်း ဖြစ်၍ ပြန်လည်ငွေထုတ်ယူကာ ဆိုင်ကယ်စီးဦးထုပ် ဝယ်ယူပေးနိုင်သော အခြေအနေ မရှိဘဲ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အလိုက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီများမှ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ကိစ္စရပ်များတွင် သုံးစွဲလျက်ရှိကြောင်း ရှင်းလင်းဖြေကြား ပါသည်။