တိုင်းဒေသကြီးနှင့်ပြည်နယ်များအနက် ရထားလမ်းမရှိသေးသော ပြည်နယ်သည် ချင်းပြည်နယ်သာဖြစ်ပါကြောင်း၊ ချင်းပြည်နယ်ရှိ တခြားမြို့နယ်များ သည် မြင့်မား လှသော တောင်ကုန်းပေါ်တွင် တည်ရှိသောကြောင့် ရထားလမ်းဖောက်ရန် မလွယ်ကူလှသော်လည်းပဲ ပလက်ဝမြို့သည် ကျောက်တော်မြို့ အရှေ့ဘက် မှ မြေပြန့်လွင်ပြင်အဖြစ် တစ်ဆက်တစ်ဆက်တည်းရှိရာ ရထားလမ်းအတွက် အခက်အခဲရှိမည် မဟုတ်ကြောင်း၊ ယခုအခါ စစ်တွေ-ပုဏ္ဏားကျွန်း -ကျောက်တော်မြို့-မြောက်ဦးမြို့များသို့ ရထားဖြင့် သွားလာနိုင်ပြီဖြစ်ရာ ပလက်ဝ-ကျောက်တော်ကားလမ်း ၃၄ မိုင် ၄ ဖာလုံသည် တောင်ကုန်းမရှိ မြေပြန့် သာဖြစ်သည့် အတွက် ရထားလမ်းဖောက်လုပ်ပါက ကျောက်တော်-မြောက်ဦး-ပလက်ဝမြို့နယ် ပြည်သူများ သာမက ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ပြည်သူများ အတွက်ပါ အကျိုးကျေးဇူးရှိမယ်ဖြစ်ပါကြောင်း၊ ပလက်ဝ-ကျောက်တော်ကားလမ်း တွင် ပေ ၄၂၀ အရှည်ရှိ မီးချောင်းတံတား၊ ပေ ၃၂၀ အရှည်ရှိ သဲမချောင်းတံတား၊ ပေ ၃၄၀ အရှည်ရှိ နှမဒါချောင်းတံတား တည်ဆောက်ရာတွင် ရထားသွားတံတားပါ ပြုလုပ်ပါက အဆင်ပြေချောမွေ့ မည်ဖြစ်ပြီး ရထားလမ်းမရှိသော ပြည်နယ်အဖြစ်မှလည်း လွတ်မြောက်သွားမှာဖြစ်ပါကြောင်း၊ထို့ကြောင့် ရထားလမ်းအတွက် လေ့လာတိုင်းတာရေးလုပ်ငန်း ဆောင်ရွက်ပေးပါရန် အစီအစဉ်ရှိ/မရှိနှင့် မည်သည့် ကာလတွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလို ကြောင်းမေးမြန်းပါသည်။
ပလက်ဝ-ကျောက်တော်လမ်းပိုင်းတွင် ရှိသော မီးချောင်းတံတား၊ သဲချောင်း တံတား၊ နှမဒါချောင်း တံတားစသည့် တံတား ၃ စင်းဆောက်လုပ် ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်ငွေလုံးငွေရင်း ရန်ပုံငွေမှာတင်ပြရန်လျာထားကြောင်းနှင့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်၏ ဖြည့်စွက် ရန်ပုံငွေတွင် တင်ပြရန်လျာထားခြင်းမရှိသေး ပါကြောင်း၊ မြန်မာ့မီးရထား အနေဖြင့် ရခိုင်ပြည်နယ်အတွင်းဖောက်လုပ်လျက်ရှိသော မင်းဘူး-အမ်း-စစ်တွေ ရထားလမ်းဖောက်လုပ်ရေးစီမံကိန်းသည် စစ်တွေ-ရေချမ်းပြင်-ပုဏ္ဏားကျွန်း၊ ရသေ့တောင်-ကျောက်တော်တို့ကိုဖြတ်၍ မဟာမုနိ-တိမ်ညို-မြောက်ဦးမှ တစ်ဆင့် ဖောက်လုပ်ရန် လမ်းအူကြောင်းရွေးချယ်ထားပြီး အဆိုပါလမ်း အူကြောင်းအရ စစ်တွေမှ အမ်းအထိ ဖောက်လုပ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ပလက်ဝ-ကျောက်တော်လမ်းသည် သီးခြားလမ်းပိုင်းဖြစ်နေသည့်အတွက်ကြောင့် လက်ရှိလျာထားဆောင်ရွက်နေသော စီမံကိန်းတွင် ပါဝင်မှု မရှိသေးကြောင်း၊ ပလက်ဝ-ကျောက်တော်နှင့်ယှဉ်လျက် ရထားလမ်းများဖောက်လုပ်ရန် လျာထားအစီအစဉ် မရှိသေးပါကြောင်း ဖြေကြားပါသည်။
