ဂန့်ဂေါမြို့နယ်သည် မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီးအတွင်း ပါဝင်ခဲ့သော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲ သဖြင့် ခေတ်နောက်ကျ ကျန်ခဲ့ရပြီး ဖွံ့ဖြိုးတိုးတက်မှု နည်းခဲ့သည့် ဒေသဖြစ်ခဲ့ ပါကြောင်း၊ တပ်မတော်အစိုးရလက်ထက်က ဂန့်ဂေါဒေသကို ဖွံ့ဖြိုးတိုးတက်စေ လိုသာ စိတ်စေတနာများဖြင့် ပခုက္ကူ-ဂန့်ဂေါ-ကလေး ရထားလမ်းကြီး ကို ဖောက်လုပ်ပေး ခဲ့ခြင်းကြောင့် ယခုအခါ လမ်းပန်းဆက်သွယ်ရေး များသည်လည်း အတော်အတန်အသင့် ကောင်းမွန်နေပြီ ဖြစ်ပါကြောင်း၊ ဂန့်ဂေါမြို့နယ် ကျွန်းခုံသာရွာအနီးရှိ ရထားလမ်းနှင့် ကားလမ်းသာမက အခြားယာဉ် အမျိုးမျိုးပါ ဖြတ်သန်းသွားလာနိုင်သော ကျွန်းခုံသာ-မြစ်သာမြစ်ကူး တံတားကြီး သည် မြစ်အနောက်ဘက်ကမ်းတွင် ရှိကြသော ရွာပေါင်း ၂၀ ကျော် က ပြည်သူပေါင်း ၅၀၀၀၀ ကျော်သည်လည်းကောင်း၊ မြစ်သာမြစ် အရှေ့ဘက်ကမ်းတွင်ရှိသော ရွာပေါင်း ၁၅ ရွာမှ ပြည်သူပေါင်း ၃၀၀၀၀ ကျော်သည်လည်းကောင်း အဆိုပါတံတားကြီးကို ဖြတ်သန်းပြီး အခြားဒေသအသီးသီးသို့မိမိတို့၏ကိစ္စအဝဝကို လွယ်လင့် တကူဆောင်ရွက်နိုင်ကြပြီဖြစ်ရာ ဒေသခံများအတွက်များစွာအကျိုးကျေးဇူးပြုနေသော တံတားကြီး တစ်စင်း လည်း ဖြစ်ပါကြောင်း၊ ယခုအခါတံတားကြီး၏ အခင်းကတ္တရာလမ်းများသည် နှစ်ပေါင်း ၂၀ ခန့် ကြာမြင့်ခြင်း ၊ အသုံးချမှုများ များပြားလွန်းခြင်းတို့ကြောင့် ပျက်စီးယိုယွင်းပြီး ချိုင့်ခွက်ကြီးများဖြစ်ပေါ်နေကာ ဖြတ်သန်း သွားလာကြရသော ယာဉ်၊ ရထားများနှင့်ဆိုင်ကယ်စီးသူများအတွက်များစွာ အန္တရာယ်ရှိနေပါကြောင်း၊ ထို့ကြောင့် မြစ်သာမြစ်အရှေ့ဘက်ကမ်း နှင့် အနောက်ဘက်ကမ်းရှိပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများကို များစွာ အထောက်အကူပြုနေသော ဂန့်ဂေါမြို့နယ် ကျွန်းခုံသာရွာအနီးရှိ ရထားလမ်း နှင့် ကားလမ်းပါရှိသော မြစ်သာမြစ်ကူး တံတားကြီး၏ အခင်း ကတ္တရာလမ်းများ ကြီးမားစွာပျက်စီးနေမှုအား အမြန်ဆုံးပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါကမည်သည့်အချိန်ကာလတွင် ပြုပြင်ပေးနိုင်မည်ကို သိရှိ လိုပါကြောင်း မေးမြန်းပါသည်။
ကျွန်းသာရွာအနီးတွင် ရှိသော မြစ်သာမြစ်ကူးတံတား သည် ရထားလမ်းနှင့် ကားလမ်း နှစ်မျိုးပါရှိပြီး မြန်မာ့ မီးရထားမှ တည်ဆောက်ထား ခဲ့ခြင်း ဖြစ် ပါကြောင်း ၊ ပင်မတံတားအရှည် ၆၈၀ ပေနှင့် ချဉ်းကပ်လမ်းများအပါအဝင် အရှည် ၁၀၅၀ပေနှင့် တံတားအကျယ် ၁၄ ပေ ဖြစ်ပါကြောင်း၊ တံတားပေါ်တွင် ကားများ သွားလာနိုင်ရန်အတွက် ကျောက်ခင်းကတ္တရာလမ်း ၁၂ လက်မထု ခင်းထားပြီး လှည်းဖနောင့်သံပြားသုံးထားသည့် နွားလှည်း များ ဖြတ်သန်း မှုကြောင့် ကျောက် ခင်း ကတ္တရာလမ်းတွင် လှည်းဘီးရာများ သည် အနက်လေးလက်မခန့် ချိုင့်ဝင်ပြီး လမ်းမျက်နှာပြင်တွင် ချိုင့်ခွက်များ ဖြစ်ပေါ်နေကြောင်း၊ တံတားကြီးပေါ်တွင် ရှိသော ကတ္တရာ လမ်းချိုင့်ခွက်များ၊ လှည်းဘီးရာများကို ပြန်ဖို့ပြုပြင်ပေးခြင်း၊ လှည်းဘီးကျရောက်မည့်နေရာများတွင် အပျက်အစီးသက်သာစေရေး အတွက် သစ်သားဗျက် ရှစ်လက်မ၊ ထုလေးလက်မ သို့မဟုတ် အမာခင်း ပေးခြင်းများကို မိုးရာသီကုန်ဆုံးချိန် ယခုနှစ် အောက်တိုဘာလကုန်ခန့်တွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
