ဒီမိုကရေနိုင်ငံတော်သစ်၏ အစိုးသစ်လက်ထက်တွင် (၆၄) ကြိမ် မြောက်နှင့် (၆၅)ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များအားလုံး တက်ရောက်ဆင်နွှဲခွင့်ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ် (၆၆)ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် တိုင်းရင်းသား ကိုယ်စားလှယ်များ၊ ယဉ်ကျေးမှုအဖွဲ့များနှင့် ငြိမ်းချမ်းရေးဆောင်ရွက်ထားသည့် အဖွဲ့အစည်းများဖြင့် ကျင်းပခဲ့ကြပါကြောင်း၊ တိုင်းရင်းသားပေါင်းစုံ ဖွဲ့စည်း မှီတင်းနေထိုင်ကြသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး တွင် ပြည်ထောင်စုနေ့သည် နေ့ထူးနေ့မြတ်ကြီးဖြစ်သည်နှင့်အညီ ယခင်အစိုးရ လက်ထက်၌ ပြည်ထောင်စုနေ့အခမ်းအနားကို အမြို့မြို့အနယ်နယ် တွင် လူထု ချီတက်ပွဲ၊ ပြပွဲ၊ ပြိုင်ပွဲ၊ အားကစားပြိုင်ပွဲများနှင့် တိုင်းရင်းသားရိုးရာ အကများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည့်အပြင် ပြည်နယ်နှင့် တိုင်းဒေသကြီး အနှံ့ ပြည်ထောင်စုအလံတော်သယ်ဆောင်ခြင်း အခမ်းအနားကိုလည်း အထူးအစီအစဉ် တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်ခဲ့ကြပါကြောင်း၊ယနေ့ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပပုံကို လေ့လာကြည့်ပါက နယ်မြို့ဒေသများတွင် နိုင်ငံတော်အလံအလေးပြုခြင်း အခမ်းအနားနှင့် နိုင်ငံတော်သမ္မတကြီးမှပေးပို့သော သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားများကို သာ ဆောင်ရွက်နိုင်သည်ကိုတွေ့ရှိရပြီး ဌာနဆိုင်ရာပြခန်းများ ခင်းကျင်း ပြသခြင်း၊ ကျောင်းသူ/သားများ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပခြင်း၊ စုပေါင်းသွေးလှူဒါန်းခြင်းအစီအစဉ်များကို အချို့မြို့ကြီးများ တွင်သာ ဆောင်ရွက်နိုင်ကြောင်း၊ သို့ဖြစ်ပါ၍ ဒီမိုကရေစီနိုင်ငံတော်ခေတ်သစ်ကြီးတွင် မျိုးဆက်သစ် လူငယ်လူရွယ်များ ပြည်ထောင်စုနေ့၏အနှစ်သာရကို ပိုမိုထိတွေ့ခံစားနိုင်စေရန်နှင့် တိုင်းရင်းသားစည်းလုံး ချစ်ကြည်မှု အစဉ်ရှင်သန်စေရန် ရည်သန်လျက် နှစ်စဉ်ပြည်ထောင်စုနေ့အခမ်းအနားကို ပြပွဲ၊ ပြိုင်ပွဲ၊ အားကစားပွဲ၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုထုတ်ဖော်ပြသပွဲတို့ဖြင့် အမြို့မြို့အနယ်နယ်တို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားရန် အစီအစဉ်ရှိ/မရှိနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအနှံ့ ပြည်ထောင်စုအလံတော် သယ်ဆောင်ခြင်း အခမ်းအနားကို ပြန်လည် ထုတ်ဖော် ဆောင်ရွက်သွားရန် အစီအစဉ်ရှိ/မရှိကိုမေးမြန်းပါသည်။
ပုံမှန်အားဖြင့် နှစ်စဉ်ဒီဇင်ဘာလမှာ ပြည်ထောင်စုနေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးနှင့်ပတ်သက်ပြီးတော့ ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော်မတီ နှင့် ပြည်ထောင်စုနေ့ ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ များကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီတွင် ပါဝင်သော ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များသည် တိုင်းရင်းသား အားလုံးသွေးစည်းညီညွတ်မှု ပြည်ထောင်စုစိတ်ဓာတ် ယုံကြည်သက်ဝင်မှု ရှိစေရေးတို့အတွက် အထူးအလေးထား တာဝန်ယူဆောင်ရွက်ကြရပါကြောင်း၊ ယခုလာမည့် (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဗဟိုကော်မတီနှင့် စီမံခန့်ခွဲမှုကော်မတီများ မဖွဲ့စည်းရသေးကြောင်းနှင့် ဖွဲ့စည်းပြီးပြီးက ဗဟိုကော်မတီဥက္ကဋ္ဌသို့ ယခုမေးမြန်းချက်ကို တင်သွင်း ပေးမည်ဖြစ် ပါကြောင်း၊ နေပြည်တော်၊တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးတွင် ဆောင်ရွက်ကြသော လုပ်ငန်းစဉ်များကို ဘဏ္ဍာငွေသုံးစွဲမှုအားသင့်လျော်စွာ ခွဲဝေဆောင်ရွက်ပေးသွားစေနိုင်ပါကြောင်း၊ (၆၆) နှစ်မြောက် ပြည်ထောင် စုနေ့ အခမ်းအနားကို နိုင်ငံတော်အဆင့် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ၊ စီမံခန့်ခွဲမှုကော်မတီတို့ ဖွဲ့စည်းပြီး နိုင်ငံတော်အဆင့်၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဆင့်တို့ဖြင့် ကျင်းပပြုလုပ်ပေးနိုင်ခဲ့ ပါကြောင်း၊ နိုင်ငံတော်အဆင့် ပြည်ထောင်စုနေ့အခမ်းအနားတွင် ရိုးရာယဉ်ကျေးမှုအဖွဲ့များကို ဖိတ်ခေါ်ပြီး ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်များ ပူးပေါင်းပါဝင်သော တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကများ ကို ဖျော်ဖြေတင်ဆက်ဆောင်ရွက်ပေးခဲ့ခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ပိုစတာ၊ ပန်းချီ၊ စာစီစာကုံး၊ ကျပန်းစကားပြော ပြိုင်ပွဲများ၊ပြေးခုန်ပစ်ပြိုင်ပွဲများ၊ အခြားတိုင်းရင်းသားရိုးရာအားကစားပြိုင်ပွဲများနှင့် တိုင်းရင်းသားတို့၏ ယဉ်ကျေးမှု အကများဖြင့် ကပြဖျော်ဖြေခြင်း၊ တိုင်းရင်းသားယဉ်ကျေးမှုပြခန်းများဖွင့်လှစ်ပြသခြင်း၊ တိုင်းရင်းသားရိုးရာအစားအစာများ ထည့်သွင်းရောင်း ချပေးခြင်းများကို ကျင်းပပြုလုပ်ပေးခဲ့ပါကြောင်း၊ အားကစားဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုအလံတော် သယ်ဆောင်ခြင်း၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပခြင်းတို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပေးခဲ့ပါကြောင်း၊ ကြီးကျယ်ခမ်းနားစွာဆောင်ရွက်သွားပါရန် သဘောဆန္ဒရှိပါကလည်း ၂၀၁၄ ခုနှစ် (သို့)၂၀၁၄ အလွန်နှစ်များတွင် ရန်ပုံငွေချထားပြီး အားလုံးဆန္ဒတူ၊ ကိုယ်တူ ဆောင်ရွက်သွားနိုင် ပါကြောင်း ဖြေကြားပါသည်။
