(ဂ)-အဓိကရထားလမ်းပိုင်းများတွင် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်နိုင်ရန် အတွက် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ (၂.၈.၂၀၁၃)

ဦးဘိုနီ (ရမည်းသင်း)မြန်မာနိုင်ငံ၏ အခြေခံလူတန်းစားအများစုသည် မြန်မာ့မီးရထားကို အားကိုး အားထားပြုပြီး ခရီးသွားလာကြရပါသည်။ လောလောဆယ် တွင် မြန်မာ့မီးရထား တွင် အဓိက ရထား လမ်းပိုင်းများဖြစ်သော ရန်ကုန်-မန္တလေး၊ ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ပုဂံ၊ ရန်ကုန်-ပြည်၊ မန္တလေးမြစ်ကြီးနား၊ မန္တလေး-လားရှိုး၊ မန္တလေး-သာစည်၊ မုံရွာ-ပခုက္ကူလမ်းပိုင်းများအစရှိသော ခရီးသည်နှင့် ကုန်စည်ရထား များနေ့စဉ် ပြေးဆွဲနေပါသည်။ ထို့အပြင် တိုးချဲ့ ဖောက်လုပ် ထားသော ရထားလမ်းပိုင်းများတွင်လည်း ပြေးဆွဲနေကြောင်း သိရှိရပါသည်။ နိုင်ငံတော် အနေဖြင့် စီးပွားရေးမြို့တော် ရန်ကုန်နှင့် မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးမြို့သို့ ဆက်သွယ် ထားသော အရှည်  ၆၄၀ ကီလိုမီတာ ရထားလမ်း အဆင့် မြှင့်တင်ရေးနှင့် ဒီဇယ်စက်ခေါင်းစက်ရုံ၊ တွဲဆိုင်းစက်ရုံများ အား ဖြည့်ဆည်းတည်ဆောက်ရေးအတွက် အစီအမံများ ထားရှိကြောင်းလည်း သိရှိရပါသည်။ မြန်မာ့မီးရထားဖြင့် ခရီးသွားလာရပါက ပြည်သူလူထု အနေဖြင့် အန္တရာယ် လုံခြုံစိတ်ချ၍ ပြည်သူလူထု အားထားပြုပြီး ခရီးသွားများပြားခြင်း တစ်ချိန်က ရှိခဲ့ပါသည်။ သို့ရာတွင် ယခုအခါမှာ မြန်မာ့ခရီးသွားများ အနေဖြင့် မြန်မာ့မီးရထားကို အားကိုးအားထား မပြုတော့ကြောင်း လေ့လာ သိရှိ တွေ့မြင်နေရပါသည်။ အကြောင်းမှာ သက်တောင့်သက်သာရှိသော Express မော်တော်ယာဉ်များ လိုင်းပေါင်းစုံ မော်တော်ယာဉ်များ ပေါ်ပေါက်လာသည့် အတွက် ပြည်သူများ အနေဖြင့် ခရီးသွားသက်တောင့် သက်သာရှိခြင်း၊ အချိန်မှန်ခြင်း၊ သွားလိုသည့်ခရီးကို အချိန်မီရခြင်း စသည့် အားသာချက် များကြောင့် မော်တော် ယာဉ်ဖြင့် ခရီးသွားခြင်းကို ပြည်သူလူထု ပို၍အားကိုးအားထားပြု လာကြောင်း တွေ့ရှိနေရပါသည်။

နိုင်ငံတော်အနှံ့ ကွန်ရက်သဖွယ် ဆောက်လုပ်ဖောက်လုပ်ထားသော လမ်းပိုင်းပေါင်း မြောက်များစွာရှိသော်လည်း လမ်းပိုင်းနှင့် နှိုင်းဆပါက မီးရထားတွဲဆိုင်းများ အလွန်နည်းနေကြောင်း တွေ့ရှိရပါသည်။ မီးရထားခရီးစဉ် နည်း၍ ခရီစဉ်ပြေးဆွဲမှု ရထားစီးရေ လျှော့နည်းရခြင်းဖြစ်ကြောင်း ပြောဆိုနိုင်သော်လည်း မည်သည့် အတွက်ကြောင့် ခရီစဉ် နည်းရခြင်းဖြစ်ကြောင်းကို တာဝန်ရှိသူများ သုံးသပ်အဖြေရှာရန် လအပ်ပါကြောင်း၊ အလားတူ တစ်ချိန်က ကုန်စည်ပို့ဆောင်မှုများကို ရန်ကုန်-မန္တလေး မြန်မာ့မီးရထားလမ်းပေါ်က မြို့များမှ ဒေသထွက်ကုန်မျိုးစုံကို အလုအယက် ဘူတာတွင် တန်းစီစောင့်ဆိုင်း တင်ပို့ခဲ့ရသော်လည်း ယခု အခါမှာ ကုန်စည်ပို့ဆောင်နိုင်မှု လုံးဝပျောက်ကွယ်လုမတတ် ဖြစ်နေသည်ကြုံတွေ့နေကြရပြီး မြန်မာ့မီးရထား၏ လူထုအားကို အားထားပြုခြင်း ခံရအောင် အောင်လံထူနိုင်မှုသည် ယခု “မည်သည့်အတွက်ကြောင့် အောင်လံမထူနိုင်သလဲ” ဆိုသည်ကို ခြုံငုံသုံးသပ်ပြီး အဖြေရှာရန် လိုပြီဟု မိမိအနေဖြင့် ယူဆပါကြောင်း၊ သို့ပါ၍ မြန်မာ့မီးရထား လမ်းပိုင်းများတွင် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး အတွက် မည်သို့သော အစီအမံများဖြင့် အဆင်‌့မြှင့်တင် ဆောင်ရွက်ပေးရန် အစီအစဉ် ထားရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးချန်မောင်
အဖြေ

ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးချန်မောင်နိုင်ငံတကာရှိ ပို့ဆောင်ရေးယာဉ်မျိုးအစားအလိုက်  လုပ်ငန်းဆောင်ရွက်ပေးနိုင်မှု အ‌ခြေအနေကို လေ့လာကြည့်လျှင် ခရီးသည် ပို့ဆောင်မှု၌ သာမန် ရထားစနစ် သည် မော်တော်ယာဉ်နဲ့ လေယာဉ်ကို ယှဉ်ပြိုင်နိုင်ခြင်း မရှိဘဲ တစ်နှစ် ထက်တစ်နှစ် ခရီးသည်ရရှိမှု ကျဆင်းလာကြောင်း တွေ့နေရပါသည်။ သို့သော်လည်း အမြန်ရထားများ အထူးသဖြင့် တစ်နာရီကီလိုမီတာ ၂၅၀ အထက် ပြေးဆွဲသော အမြန်ရထားများ ကို လူကြိုက်များပြီး ခရီးသည်များ စီးနင်းအသုံးပြုနေကြသည်ကို လေ့လာတွေ့ရှိရပါသည်။

မြန်မာနိုင်ငံ၏ ခရီးသည်နှင့် ကုန်စည်သယ်ယူပို့ဆောင်ရရှိမှု အ‌ခြေအနေကို ကြည့်ပါက စက်ရုံကြီးများ နည်းပါးခြင်း (အကျိုးဆက်အဖြစ် ကုန်ကြမ်း/ကုန်ချော ပို့ရန် နည်းပါးခြင်း)၊ ဒေသအလိုက် စားသုံးရိက္ခာ ဖူလုံရေး အတွက် ဆောင် ရွက်နိုင်ခြင်းကြောင့် သယ်ပို့ရမှုနည်းပါးခြင်း၊ (ဥပမာ-ဆန်ဖူလုံရေး ဆောင် ရွက်နိုင်သဖြင့် ဆန်ပို့ဆောင်ရမှု နည်းသွားခြင်း)၊ စီးပွားရေးဖွံ့ဖြိုးမှု နည်းပါးသေးသဖြင့် သယ်ယူပေးရမည့် စားဝတ်နေရေးဆိုင်ရာ ကုန်စည်အမျိုးအမည်နှင့် ပမာဏနည်းပါးခြင်း၊ ပြည်ပ ပို့ကုန်/သွင်းကုန် နည်းပါးခြင်း၊ ရထားလမ်းမရှိသော တမူး၊ မူဆယ်၊ တာချီလိတ်၊ မြဝတီ၊ ကော့သောင်းစသော နယ်စပ်ကုန်သွယ်ရေး မြို့များ၌ ပို့ကုန်/သွင်းကုန် အများ အပြားရှိနေခြင်းတို့ကြောင့် ရထားအနေဖြင့် မန္တလေး-မြစ်ကြီးနားလမ်းနှင့် ရန်ကုန်-မန္တလေး ရထားလမ်းတို့မှအပ ကျန်လမ်းပိုင်းတွင် ကုန်စည်အများအပြား သယ်ဆောင်ရန်မရှိကြောင်း တွေ့ရပါသည်။

မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတွင် မန္တလေး၊ စစ်ကိုင်း၊ ရွှေဘိုတို့မှ မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်းသို့ ဆန်ပို့ကုန် ရှိသော်လည်း မြစ်ကြီးနားဘက်မှ မန္တလေးသို့ အစုံအမြန်ကုန်ရထားများမှာ ပို့ကုန်လုံလောက်စွာ မရကြောင်း တွေ့ရပါသည်။ ခရီးသည်ပို့ဆောင်ရေးအ‌ခြေအနေတွင်လည်း ကြည့်လျှင်လည်း ရန်ကုန်-မန္တလေးအမြန်ကားလမ်း ပေါ်ပေါက်လာပြီးနောက် ခရီးသွားချိန် တိုတောင်း သွားသဖြင့် ယင်းလမ်းကို လူသုံးများလာခြင်း တစ်နိုင်ငံလုံးရှိ ကုမ္ပဏီများက တာဝန်ယူပြုပြင်ထားသော Toll Road စနစ်များ ပေါ်ပေါက်လာသည့် အတွက်ကြောင့် ကားလမ်းများ  ပိုမိုကောင်းမွန်လာခြင်း၊ ကျေးရွာများမှ မြို့သို့ ဆက်သွယ်သော မော်တော်ကား သာမက ထရော်လာဂျီများ၊ လေးလုံးထိုး/ နှစ်လုံးထိုးအင်ဂျင် တပ်ဆင်ထားသော ထရပ်ကားများပါ ပေါ်ပေါက်လာခြင်း၊ မော်တော် ဆိုင်ကယ်များ အဆမတန် တိုးပွားလာပြီး မြို့ရော၊ ကျေးရွာ များတွင်ပါ ကျယ်ပြန့်စွာ စီးနင်းသုံးစွဲလာခြင်း၊  ထရော်လာဂျီ တက္ကစီများ ပေါ်ပေါက်လာခြင်း၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်မှုအနေနှင့် မိမိအိမ်ကနေ ပို့လိုသောကုန်ပစ္စည်းများကို ဈေး၊ ပွဲရုံများသို့ တိုက်ရိုက်ရောက်အောင် ပို့နိုင်ခြင်း၊ ကျေးရွာအများအပြားမှာ  နေ့စဉ် ဈေးကားများ၊ ကုန်ရောင်းကုန်ဝယ်ကားများ ထားရှိသုံးစွဲလာခြင်း၊ မြို့မှ ပွဲစားများ ကျေးရွာအထိ ဆင်း၍ သီးနှံများကို ဝယ်ယူလာခြင်း၊ ကျေးရွာများ၌ပင် ပဲခွဲစက်၊ ဆန်ဟာလာစက်များ ရှိလာသဖြင့် မြို့သို့ပို့ပြီး ကြိတ်ခွဲရန် လိုအပ်မှုနည်းလာခြင်း စသည်တို့ကြောင့် ရန်ကုန်မြို့ပတ် ရထားစီးခရီးသည်မှအပ ကျန်ရထားခရီးစဉ်အသီးသီးမှာ ရထားစီးခရီးသည်နှင့် ကုန်စည်ပို့ဆောင်မှု ကျဆင်းလျက်ရှိရာ နောင်တွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ချိန်နှင့် ခေတ်မီအမြန်ရထားများ ပြေးဆွဲနိုင်ချိန်ကျမှသာ ခရီးသည်နှင့် ကုန်စည်များ ပြန်လည်တိုးတက်လာမည်ဟု မျှော်မှန်းရပါကြောင်း တင်ပြအပ်ပါသည်။

မြန်မာ့မီးရထားအနေဖြင့် ရထားလမ်းများကို လက်ရှိအခြေအနေထက် တိုးတက်စေရေး ဆောင်ရွက်လျက်ရှိရာ ခရီးသည်နဲ့ ကုန်စည်အများဆုံးရရှိနေသော လမ်းပိုင်းများ  ရရှိနိုင်ရန် အလားအလာရှိသော ရထားလမ်းပိုင်းများကို အဓိကဦးစားပေးလမ်းအဖြစ် သတ်မှတ်ပြီး အဆင်‌့မြှင့်တင်ဆောင်ရွက်လျက် ရှိပါကြောင်း၊  ရထားလမ်းများ အဆင်‌့မြှင်တင်ရန်အလို့ငှာ ပထမ ဦးစားပေးအဖြစ် ရန်ကုန်-မန္တလေးလမ်းကို အဆင်‌့မြှင့်ရန်အတွက် ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ဖြစ်မြောက်နိုင်ခြေနှင့် ကုန်ကျစရိတ်ကို လေ့လာခဲ့ရာ ရန်ကုန်-မန္တလေး ခရီးမိုင် ၃၈၆ မိုင် အဆင့်မြှင့်တင်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၁၄၀၀ ခန့် ကုန်ကျမည်ဖြစ်ကြောင်း တွေ့ရပါကြောင်း၊ ထိုသို့ အဆင့်မြှင့်တင်ရာတွင် လက်ရှိတစ်မီတာ အကျယ်ရထားလမ်း အတိုင်းသာ ထားရှိပြီး ရထားလမ်းများကို ပြုပြင်ခြင်း၊ ရထားကွပ်ကဲ ထိန်းချုပ်မှုစနစ်၊ လမ်းတစ်လျှောက် တံတားများနှင့် ဆက်သွယ်ရေး/ အချက်ပြများအား အဆင်‌့မြှင့်တင်ပြုလုပ်မည်ဆိုပါက  ပျှမ်းမျှ တစ်မိုင်လျှင် အမေရိကန်ဒေါ်လာ ၃.၆ သန်းခန့် ကုန်ကျမှာ ဖြစ်ပါသည်။ ရထားတွဲများကိုပါ အဆင့်မြှင့်မည်ဆိုပါက ရထားအမြန်နှုန်း တစ်နာရီမိုင် ၇၅ မိုင်ခန့် အထိ ပြေးဆွဲနိုင်မည် ဖြစ်ပါကြောင်း၊ အကယ်၍ ရထားကို တစ်နာရီမိုင် ၂၀၀ ခန့် အထိ တိုးမြှင့်မည်ဆိုပါက ယခု ရထားလမ်းထက် ကျယ်သော Standard Gauge (သံလမ်းအကျယ် ၄ ပေ၊ ၈.၅ လက်မ)ကို အသစ်ဖောက်လုပ်ရမည် ဖြစ်ပါကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် အနည်းဆုံး တစ်မိုင်လျှင် အမေရိကန်ဒေါ်လာ ၁၀ မှ ၁၅ သန်းဖြင့် ရန်ကုန်-မန္တလေး တစ်လမ်းလုံးအတွက် ကုန်ကျ စရိတ် အမေရိကန်ဒေါ်လာ ၃၈၆၀ သန်းမှ ၅၈၀၀ သန်းအထိ ကုန်ကျမည်ဖြစ်ရာ ယင်းရထားလမ်း ဖောက်သင်‌့/မဖောက်သင့်ကို ယင်းလမ်းဖောက်လုပ်ခြင်းအားဖြင့် ရရှိလာမည့် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးစသော ကဏ္ဍစုံတွင် ဖြစ်ပေါ်လာမည့် အကျိုးကျေးဇူးများကို လည်းကောင်း၊ မိမိတို့ ဘဏ္ဍာရေးအခြေအနေအရ သော်လည်းကောင်း ချင့်ချိန်သုံးသပ်ရန် လိုအပ်လာမည် ဖြစ်ကြောင်း တင်ပြပါသည်။

ယင်သို့ သုံးသပ်ဖော်ထုတ်ရာတွင် နိုင်ငံတော်၏ နောင်ဖြစ်ပေါ်လာမည့် ဖွံ့ဖြိုးမှု အလာအလာများကို သာမက ရထားမှအပ ကျန်သော သယ်ယူပို့ဆောင်ရေး ကဏ္ဍအသီးသီး၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် အရေးပါမှု များကိုပါ ထည့်သွင်း စဉ်းစားသုံးသပ်ရမှာ ဖြစ်ပါကြောင်း၊ မိမိနိုင်ငံ၏ ကဏ္ဍစုံ အခြေအနေ အရပ်ရပ်ကို လေ့လာပြီး နောင်ဖြစ်ပေါ် လာမယ့် ခရီးသည်နှင့် ကုန်စည် ပို့ဆောင်ရေး လိုအပ်ချက်များကို အထိရောက်ဆုံး ဖြည့်ဆည်းနိုင်မည့် ပင်မစီမံချက် (Comprehensive National Transport Master Plan)ကို ရေးဆွဲးရန်အတွက် ဂျပန်နိုင်ငံ၏  အကူအညီဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာ့မီးရထားအနေဖြင့် ယခုကဲ့သို့ ရေရှည်မျှော်မှန်းဆောင်ရွက်နေသည်သာမက လတ်တလောကာလနှင့် လာမည့် ၃ နှစ်ကာလအတွင်း ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု အရည်အသွေး မြှင့်တင်နိုင်ရေး တို့အတွက်လည်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်လျက်ရှိပါသည်။ ယခင် လမ်းများ မကောင်းမွန်ခြင်းမှာ သစ်သားဇလီဖားများ ဆွေးမြေ့သည်ကို မလဲလှယ်နိုင်ခြင်း၊ လမ်းခင်းကျောက်များ လုံလောက်စွာ မဖြည့်တင်းနိုင်ခြင်းတို့ ကြောင်းဖြစ်ပြီး၊ ယခုအချိန်တွင် သစ်သားဇလီဖားနေရာ၌ ကွန်ကရစ် ဇလီဖားများကို အလုံးအရင်းနဲ့ အစားထိုးလဲလှယ်ခြင်း၊ လမ်းခင်းကျောက်များကို ယခင်ထက် ပိုမိုထုတ်လုပ်၍ လမ်းပိုင်း၌ ထည့်သွင်းစေခြင်းများ ဆောင်ရွက် လျက်ရှိရာ ပထမဦးစားပေး သတ်မှတ်ထားသော ရန်ကုန်-မန္တလေးလမ်း ပင်မရထားပြေးလမ်း တစ်ခုလုံးကို ကွန်ကရစ်ဇလီဖားဖြင့် လဲလှယ်တပ်ဆင်ထားပြီး ဖြစ်ပါကြောင်း၊ လမ်းခင်းကျောက်ကိုလည်း ပိုမိုဖြည့်တင်းထားလျက်ရှိရာမှာ ရထားများ ခုန်ခြင်း၊ ဆောင့်ခြင်း၊ လူးခြင်းများ ယခင်ထက် လျှော့နည်းအောင် ပြုလုပ်နိုင်ခဲ့ပါကြောင်း၊ အထူးသဖြင့် ရထားသံလမ်းဆက်များတွင် ရထားဆောင့်ခြင်းဖြစ်ရာ သံလမ်းဆက် နည်းပါးစေ‌ရေးအတွက် သံလမ်း(၃)လမ်းဆက်ခြင်း၊ (၆) လမ်းဆက်ခြင်းများကို Flash Butt Welding နည်း၊ Thermit Welding နည်းတို့နဲ့ ဂဟေဆက်လျက်ရှိပါတယ်။ သံလမ်းပြုပြင်ရေးလုပ်သား ရှားပါခြင်းသည်လည်း သံလမ်းကောင်းမွန်ရေး ဆောင်ရွက်ခြင်း၏ အခက်အခဲတစ်ရပ် ဖြစ်ပါကြောင်း၊ ဤကိစ္စရပ်များအား အလုပ်စံနှုန်းအလိုက် ပုတ်ပြတ်ငွေ ပေးချေသော စနစ်ဖြင့် ကျော်လွှာရန် ဆောင်ရွက်လျက်ရှိရာ အသင့်အတင့် အောင်မြင်မှုရရှိနေပြီ ဖြစ်ပါသည်။ ရထားလမ်းများ ကောင်းမွန်ရေးနှင့် မတော်တဆမှုဖြစ်စဉ် လျော့ပါးရေးအတွက် အဆင့်မြင့်နည်းပညာ နဲ့ပေါင်းစပ်ပြီးတော့ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းရှိ သင်္ဃန်းကျွန်းဘူတာနှင့် လေးထောင့်ကန် ဘူတာအကြား အကွာအဝေး ၁၂ မိုင်ခန့် လမ်းပိုင်းကို စမ်းသပ်ကွက်အဖြစ် သတ်မှတ်ပြီး ဂျပန်နည်းပညာရှင်များ၏ အကူအညီဖြင့် ပူးပေါင်း လေ့လာပြုပြင်လျက် ရှိရာ ယင်းစမ်းသပ်ကွက် အောင်မြင်ပါက ရန်ကုန်-မန္တလေးလမ်းပိုင်း တစ်လျှောက်နဲ့ ကျန်လမ်းပိုင်းများသို့ပါ နည်းပညာနှင့် အတွေ့အကြုံဖြန့်ချီပြီး ရထားလမ်းအဆင်‌့မြှင့်တင်ရေး ကျယ်ပြန့်စွာ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

အဝေးပြေးရထားများ၏ စက်ခေါင်းများ လူစီးတွဲ၊ ကုန်တွဲ များကိုလည်းကောင်း၊ ရန်ကုန်မြို့ပတ်ရထားအတွက် လူစီးတွဲများကိုလည်းကောင်း အဆင့်မီဖြစ် လာစေရန် စက်ခေါင်းသစ်၊ တွဲအသစ်များ ဝယ်ယူထားသည့်အပြင် ရေရှည်တွင် စက်ခေါင်းများကို ပြည်တွင်း၌ ထုတ်လုပ်တပ်ဆင်နိုင်ရန်နှင့် စီးနင်းမှုညက်ညောသည့် အဆင်‌့မြင့် လူစီးတွဲများကို လုံလောက်စွာ ထုတ်လုပ်နိုင်ရန် အတွက် တရုတ်ချေးငွေနဲ့ စက်ခေါင်းစက်ရုံနဲ့ လူစီးတွဲ ထုတ်လုပ်တဲ့  စက်ရုံများကိုလည်း စာချုပ်ချုပ်ဆို ဝယ်ယူထားလျက်ရှိပါသည်။ စက်ရုံထူထောင်ပြီးစက်ခေါင်းများ၊ တွဲများကို ဆက်လက်ပြီး ထုတ်လုပ်သွားမည်ဖြစ်ရာ အဆင်‌့မီသော သံလမ်းဖြစ်စေရေး အတွက် အဆင့်မီသော တွဲများ၊ အဆင်‌့မီသော ဝန်ဆောင်မှုများ ဖြစ်စေရေးအတွက် ဝန်ထမ်းများ၏ အသိပညာ၊ အတတ်ပညာ၊ နည်းစနစ်၊ ကျွမ်းကျင်မှုများ လိုအပ်ရာ သံလမ်း၊ တွဲ၊ စက်ခေါင်း၊ စက်ပစ္စည်းများကို စနစ်တကျ ပြုပြင်ထိန်းသိမ်းမည့် ဝန်ထမ်းများရရှိရေးအတွက် စနစ်တကျ လေ့ကျင့်ပေးလျက် ရှိပါကြောင်း၊ လေ့ကျင်‌့ရာတွင် လိုအပ်မည့် နည်းပညာနှင့် သင်ထောက်ကူပစ္စည်း ရရှိနိုင်ရန်အတွက် ဂျာမနီနိုင်ငံ၏ GTZ မှ ထောက်ပံ့မှု အကူအညီ Grant ရရှိရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ထမ်းအသီးသီး မိမိတို့ဆိုင်ရာ လုပ်ငန်းများမှာ ကျွမ်းကျင်ရေး၊ နည်းစနစ်တကျ ဆောင်ရွက်တတ်စေရေးတို့အတွက် မိမိတို့ဝန်ကြီး ဌာနလက်အောက်ရှိ လေ့ကျင်‌့ရေးကျောင်းတွင် ဘာသာရပ်စုံလင်စွာ လေ့ကျင်‌့ပေးလျက်ရှိရာ စက်ခေါင်း မောင်းများ အား လာမည့်ကာလအတွင်း လေ့ကျင်‌့ရေးစက်ခေါင်းအတု (Simulator) အသုံးပြုပြီး လေ့ကျင်‌့ခြင်း၊ အခြားဘာသာရပ် အသီးသီးတွင်လည်း သင်ထောက်ကူပစ္စည်း ပြည့်ပြည့်ဝဝနှင့် လေ့ကျင်‌့ သွားနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အထူးသဖြင့် ရထားဝန်ဆောင်မှု တိုးတက်ရေးအတွက် လူထု အကျိုး၊ ခရီးသည်အကျိုး၊ ပိုမိုဆောင်ရွက်လိုသော ဝန်ထမ်းကောင်းများ တိုးပွားလာစေရေး အတွက် ကောင်းသော အမူအကျင်‌့ (Mind Set) များ ဖြစ်ပေါ် ပြောင်းလဲစေရေးလေ့ကျင့်ပေးခြင်း၊ ခရီးသည်နှင့် ရထားဝန်ထမ်းများ သဟဇာတ ပိုမိုဖြစ်ပေါ်ပြီး အပြန်အလှန် အကျိုးပြုထိန်းကျောင်းသော စနစ်တစ်ရပ် ဖြစ်ပေါ်လာစေရေးအတွက် စမ်းသပ်လေ့ကျင့်ခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ရထားဝန်ထမ်းများကို တာဝန်ကျရာ နေရာဒေသမှာရှိ ဒေသခံများက ဆွေမျိုးများ ကဲ့သို့ ဆက်ဆံလာစေရေး၊ ဝန်ထမ်းများ အမှားအယွင်းရှိပါက သက်ဆိုင်ရာအုပ်ချုပ်သူများထံ အကြောင်းကြားပေးခြင်း၊ တိုင်ကြားခြင်းများ ပြုလုပ်ရန် အတွက် မေတ္တာရပ်ခံသည့် နှိုးဆော်စာများကို ဘူတာများနဲ့ ရပ်ကျေးအုပ်ချုပ်ရေးရုံး များတွင် ကပ်ပြီးတော့ ကြေငြာပေးခြင်း၊ ဘူတာရုံများတွင်လည်း ခရီးသည်များ၏ မကျေနပ်ချက်များ မှတ်တမ်းတင် တိုင်ကြားနိုင်ရန်အတွက် စာအုပ်များ ထားပေးခြင်း စသည်များကို ကျင်‌့သုံးဆောင်ရွက်လျက်ရှိပါသည်။ 

ရထားဆိုက်ရောက်ချိန်/ထွက်ခွာပြ Digital Display Board များကိုလည်း နေပြည်တော်၊ ရန်ကုန်၊ ပျဉ်းမနား၊ ပြည်၊ ဟင်္သာတ၊ ပုသိမ်ဘူတာများတွင် တပ်ဆင်ထားခြင်း၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပြည်၊ ပုသိမ်၊ မော်လမြိုင်၊ ထားဝယ်၊ ပြင်ဦးလွင်၊ မုံရွာ၊ မိုးကောင်းစတဲ့ ဘူတာကြီးများ အပါအဝင် စုစုပေါင်း ၄၈ ဘူတာတွင် စောင်‌့ဆိုင်းနေသော ခရီးသည်များ ကြည့်ရှုနိုင်ရန်အတွက် ရုပ်မြင်သံကြားစက်များ တပ်ဆင်ပေးခြင်း၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး အပါအဝင် စုစုပေါင်း ဘူတာ ၁၁ ဘူတာတွင် အခမဲ့ကြည့်ရှုနိုင်ရန် အတွက် စာပေရေချမ်းစင်များ ထားရှိ ဖွင့်လှစ်ပေးခြင်း၊ ရထား ဆိုက်ရောက်/ထွက်ခွာမှုကို ခရီးသည်များ ကြိုတင်သိရှိစေရန်အတွက် အသံချဲ့စက်ဖြင့် ကြေငြာပေးခြင်း၊ ခရီးသည်များက မိမိတို့စီးနင်းရမည့် တွဲကို ရထားမဆိုက်ရောက်မီ ကတည်းက ကြိုတင်သိရှိ နိုင်ရေးအတွက် ရထားအလိုက် တွဲဆိုင်း အ‌ခြေပြဘုတ်များကို ခရီးသည်များ မြင်သာသည့်နေရာတွင် ထားရှိပေးခြင်း၊ ခရီးသည်များ လိုက်နာသင့်တာတွေကို ကြော်ငြာဘုတ်များဖြင့် ကြေညာခြင်း၊ အသံချဲ့စက်ဖြင့် ကြေညာခြင်း၊ လူကူး ခုံးကျော်တံတားများကို ပြန်လည်ပြင်ဆင်ပေးခြင်း၊ ခရီးသည်များ သက်တောင့်သက်သာ နားနေနိုင်ရန် ဖိုင်ဘာထိုင်ခုံများ စီစဉ်ပေးခြင်းစသည့် ခရီးသည်များ စိတ်ချမ်းမြေ့ စေရေးအတွက်ကိုလည်း စဉ်ဆက်မပြတ် ကြိုပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကို ပထမဦးစားပေးအဖြစ် သတ်မှတ်ပြီး ရထားစီးနင်းမှု ညက်ညော သက်သာစေရေး အရှိန်မြှင့်တင်ပြီး ရထားပြေးဆွဲချိန် လျော့ချနိုင်ရေး တို့ကို ဆောင်ရွက်နေသည့် နည်းတူ ဒုတိယဦးစားပေးဖြစ်သော မန္တလေး-မြစ်ကြီးနားလမ်း၊ တတိယ ဦးစားပေးဖြစ်သည့် ရန်ကုန်-မော်လမြိုင် လမ်းပိုင်းများ ကောင်းမွန်ရေးကိုလည်း တွန်းအားပေးဆောင်ရွက်လျက် ရှိပါကြောင်း တင်ပြပါသည်။

ရန်ကုန်မြို့ပတ်နှင့် ဆင်‌ခြေဖုံးရထားများမှာ လက်ရှိနေ့စဉ် လူဦးရေ ကိုးသောင်းမှ တစ်သိန်းနီးပါးအထိ ပို့ဆောင်နေရပြီး တစ်စတစ်စ မော်တော်ယာဉ် ကြပ်တည်းမှု ပိုလာသည့်အတွက် ဒီအ‌ခြေအနေကို လျော့ပါး သွားစေနိုင်ရန် မြို့ပတ်ရထား၏ ပို့ဆောင်မှု စွမ်းရည်ကို တိုးမြှင့်ပေးလျက် ရှိပါသည်။ ထို့ကြောင့် မြို့ပတ်ရထားလမ်းများတွင် ကွန်ကရစ် ဇလီဖား အစားထိုးထည့်သွင်းခြင်း၊ လမ်းခင်ကျောက် ထပ်မံဖြည့်သွင်းခြင်း၊ အနီးဝန်းကျင်ရပ်ကွက်များမှ ရထားလမ်းပေါ်သို့ စွန့်ပစ်လာသော အနံ့ဆိုးရွားသည့် အမှိုက်ပုံကြီးများ ဖယ်ရှားနိုင်ရန် ရပ်ကွက်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာအုပ်ချုပ်ရေးမှူး များနဲ့ ပေါင်းစပ် ဆောင်ရွက်ခြင်း များကို ပြုလုပ်လျက် ရှိပါသည်။ လာမည့်အောက်တိုဘာလတွင် ဘူတာများ ပြင်ဆင်ဆေးသုတ်ခြင်းများအပြင် ဘူတာဘေးရှိ မော်တော်ယာဉ် ဘတ်စ်ကားလိုင်းများ ရပ်နားနိုင်ရန်အတွက် နေရာပြုလုပ်ပေးခြင်း တို့ကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မြန်မာ့မီးရထားအနေဖြင့် ပြည်သူလူထု၏ကျိုးအတွက် အရှုံးပေါ်နေသော်လည်း ပြေးဆွဲနေသော ခရီးစဉ်များ ရှိသည့်အတွက်ကြောင့် အရှုံးများကို ကာမိစေရန်အတွက် ရထားနယ်မြေများကို အသုံးပြုပြီး ဝင်ငွေပိုမိုရရှိရေး အတွက်လည်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ရန်ကုန်၊ မန္တလေးနဲ့  စီးပွားရေးအရ အလားအလာရှိသော ဘူတာ ရထား‌မြေနေရာများတွင်  လက်ရှိရထားပြေးသံလမ်းများနှင့် ရထားလုပ်ငန်းများကို ယခုအတိုင်း ရှိစေပြီးဘူတာ၏ အပေါ်ပိုင်းတွင် ဈေးဆိုင် Shopping Mall များ၊ ကုမ္ပဏီရုံးခန်းများ၊ ဟိုတယ်များ၊ ကားရပ်နားရန်နေရာများ ထားရှိရန် ပြည်တွင်း/ပြည်ပ လုပ်ငန်းရှင်များနှင့် အများထင်သာ မြင်သာရှိသော ယှဉ်ပြိုင်တင်ဒါစနစ် ဖိတ်ခေါ်ပြီး BOT စနစ်ဖြင့် ငှားရမ်းခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ရထားလမ်းတစ်လျှောက် Fiber Optic Cable လျှပ်စစ်ကြိုးစသည်များ မြှုပ်နှံလိုသော ကုမ္ပဏီများအနေဖြင့် ဘူတာနေရာများမှာ ဆက်သွယ်ရေး antenna တပ်ဆင်လိုသော ကုမ္ပဏီများအား နှစ်ဘက်သဘောတူသော နှစ်အကန့်အသက်ဖြင့် လုပ်ပိုင်ခွင့်ပြုပြီး နှစ်စဉ်အငှားခ ရယူခြင်း၊ ထိုသို့ဆောင်ရွက်ခြင်း ဖြင့် မြန်မာ့မီးရထားဘူတာတိုင်း လျှပ်စစ်မီး ရရှိရေးအတွက် လည်းကောင်း၊ ဘူတာအချင်းချင်း ဆက်သွယ်နိုင်ရေးနှင့် ဘူတာမှ ရထားကွပ်ကဲမှုရုံးသို့ ဆက်သွယ်နိုင်ရေးအတွက်လည်း အဆင်ပြေအောင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုနီမေးမြန်းမှုနဲ့ ပတ်သက်၍ မြန်မာ့မီးရထား အနေဖြင့် ဖွဲ့စည်းမှု ကျစ်လျစ်ရေး၊ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်မှု အဆင်‌့မြှင့်တင်ပြီး ဖွံ့ဖြိုးတိုးတက်လာမည့် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးအ‌ခြေအနေကို အထောက်အကူပြုနိုင်ရေး၊ ရထားဝန်ဆောင်မှု အရည်အသွေးမြှင့်တင်ရေး ဝန်ထမ်းများ၏ နည်းပညာ၊ လုပ်နည်းစနစ်နှင့် စေတနာပိုင်းဆိုင်ရာ တိုးတက်ရေးတို့အတွက် စဉ်ဆက်မပြတ် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း လုပ်ငန်းအားလုံး ခြုံငုံ၍ ရှင်းလင်းဖြေကြားပါသည်။