ရခိုင်ပြည်နယ်၏ ကစ္စပနဒီမြစ် (ခေါ်) လေးမြို့မြစ်သည် ချင်းပြည်နယ် မှ မြစ်ဖျားခံပြီး ပလက်ဝမြို့နယ်၊ မြောက်ဦးမြို့နယ်၊ မြေပုံ မြို့နယ်နှင့် ပေါက်တော မြို့နယ်များကို စီးဝင်သွားသောမြစ် တစ်စင်ဖြစ်ပြီး မတ်စောက်သော တောင် တန်းပေါ်မှ မြစ်ဖျားခံပြီးသည်ကတစ်ကြောင်း၊ မြစ် တိုတောင်းလွန်းသည်က တစ်ကြောင်း၊ မိုးရေချိန်လက်မ ၂၀၀ ကျော် ရွာသွန်းသည့်ဒေသ ဖြစ်သည် ကတကြောင်း စသည့် အကြောင်း များကြောင့် အလွန်ရေစီး ပြင်းထန်သည့် မြစ် တစ်စင်းလည်း ဖြစ်ပါသည်။ မင်းပြားမြို့၊ မြို့မိမြို့ဖများဖြင့် ဖွဲ့စည်းထားသော ကမ်းပြို ထိန်းသိမ်းရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့၏ တင်ပြချက်အရ နှစ်စဉ် ကမ်းပြိုမှုဟာ အနံ ၁၀ ပေမှ ပေ ၂၀ အထိ၊ မိုးရာသီပြင်းထန်သော ကာလများ တွင် ပေ ၅၀ ခန့်ထိ ပြိုကျကြောင်းကြား သိရပါသည်။ ယခုအချိန်အထိ မင်းပြားမြို့တွင် မြေအလျား ၁ မိုင်နှင့် ၄ ဖာလုံ၊ အနံအားဖြင့် ၆ ဖာလုံခန့် ပြိုကျပျက်စီးသွားပြီးဖြစ်ကြောင်းလည်းသိရပါသည်။ ယင်းကဲ့သို့ ပျက်စီးလာခြင်းများကြောင့် ပြည်သူ့ဆေးရုံ၊ မီးသတ်ဝန်း၊ ဆန်စက်ကွင်း၊ ဘောလုံးကွင်း၊ သမဝါယမ အရောင်းဆိုင်များအပါအဝင် အိမ်ခြေ ၁၀၀၀ ခန့်မှာ မူလနေရာက ပြောင်းရွှေ့သွားခဲ့ရပြီးဖြစ် ကြောင်းလည်းတင်ပြထားပါသည်။ မင်းပြားမြို့ကမ်းပြို ထိန်းသိမ်းခြင်း ကို နှစ်စဉ်နိုင်ငံတော်မှ ဘဏ္ဍာ ငွေများချပေးပြီး သဲအိတ်ချခြင်း၊ ကျောက်ထုတ်ချခြင်း၊ တိုင်လုံးများစိုက်ခြင်း၊ ကွန်ကရစ်နံရံများ တည်ဆောက်ခြင်းစသည်ဖြင့် ကာကွယ်ထိန်းသိမ်းခဲ့ကြပါသည်။ သို့သော်လည်း အောက်ခံမြေ လွှာ မာကျောမှုမရှိသည်က တစ်ကြောင်း၊ နှုန်းမြေအမျိုးအစား ဖြစ်သည်ကတစ်ကြောင်း အောက်ခြေပေ ၂၀ အနက်အထိအောင် လှိုက်စားပြီး တိုက်စားသည့်အတွက် ပြိုကျမြဲ၊ ပြိုကျဆဲဖြစ်သည့်အတွက် ဘဏ္ဍာငွေများသာ ဆုံးရှုံးနစ်နာရပါသည်။ မြို့မိမြို့ဖများ၏ အကြုံပြု တင်ပြချက်အရ မင်းပြားမြို့အထက်ဘက် ၃ မိုင်အကွာတွင် ရာမောင်တံတား တည်ဆောက်စဉ်က ယင်းတံတားကို ကမ်းမပြိုရအောင် မြစ်ညာမှပိုင်တိုင်ကြီးများကို စက်ကြီးများဖြင့်စိုက်ထူပြီး ထိန်းသိမ်းခဲ့ကြရာ တံတား၏ မြေနေရာမှာ မပြိုမပျက်ဘဲ တည်တံ့ခဲ့ကြောင်းကိုလည်း သိရှိခဲ့ရပါသည်။ မင်းပြားမြို့ ကမ်းပြိုထိန်းသိမ်းခြင်း ကို အချိန်မီ မဆောင်ရွက်နိုင်ပါက ရေတိုက်စား မှုကြောင့် မင်းပြားမြို့၏ ဧရိယာ ကျဉ်းလာပြီး “ကြိမ်း”တောင်ခြေရင်း ထိရောက်ရှိလာပါက မင်းပြားမြို့ပါ ပျက်စီး ပျောက်ကွယ် သွားမည် ဖြစ်ပါကြောင်း၊ ယခုဖြစ်ရပ်မှာ ရွာတစ်ရွာ၊ လယ်ကွင်းတစ်ကွင်း ပျက်စီးရသော အရေးမဟုတ်ဘဲ ရခိုင်ပြည်နယ်၏ စည်ကားသော မြို့တစ်မြို့ ပျက်စီးသွားရမည် ဖြစ်သည့်အတွက် မိမိတို့အနေဖြင့် အတတ်နိုင်ဆုံး ကာကွယ်ရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်မရှိသည့်အတွက် တင်ပြရန်အခက်အခဲ ရှိနေသော အားကိုးရာမဲ့ မင်းပြားမြို့သူ မြို့သားများကိုယ်စား အောက်ပါမေးခွန်းကို မေးမြန်း အကူအညီတောင်းခံ အပ်ပါသည်။
မင်းပြားမြို့ကမ်းပြိုထိန်းသိမ်းရေးဆောင်ရွက်ရာ၌ သမရိုးကျ ထိန်းသိမ်းလုပ်ဆောင်နေခြင်းသည် နိုင်ငံတော်၏ ဘဏ္ဍာငွေများကို အကျိုးမရှိ အလဟသဖြုန်းတီးရာရောက်ပါသဖြင့် သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ကွင်းဆင်းလေ့လာပြီး ပိုမိုကောင်းမွန်သော နည်းပညာများအသုံးပြု၍ ကမ်းပြိုခြင်းကိုထိန်းသိမ်းရန် အစီအစဉ်ရှိ/မရှိသိလိုပါကြောင်း မေးမြန်းပါသည်။
[ ကျောက်တော်မဲဆန္ဒနယ်မှ ဦးသာစိန်ကိုယ်စား မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်းမှ မေးမြန်းပါသည်။ ]
ရခိုင်ပြည်နယ်၊ မင်းပြားမြို့ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း များအား ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၁၉၉၉-၂၀၀၀ ဘဏ္ဍာရေးနှစ်မှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အထိ ကျပ်သန်းပေါင်း ၂၄၆.၄၀၆ သန်း ကိုသုံးစွဲပြီးတော့ သဲမွေ့ယာချထားခြင်း ၁၃၂၀ ပေ၊ Geotube ချထားခြင်း ၂၄၉၀ ပေ၊ ကျောက်စီတမံ ၅၃၀ ပေ၊ Steel Basket မြေထိန်းနံရံ ၁၂၀ ပေ၊ Steel Basket အခြေပြုကျောက်စီနံရံ ၈၀၀ ပေ၊ Timber Pile အခြေပြုကျောက်စီနံရံ ၅၀ ပေ၊ မျောတိုင်၊ တိုင်တန်း သဲအိတ်ခံကျောက်စီ ရေကာရေလွှဲ ရေကာ ၅၀ ပေ ၃ ခု ၁၅၀ ပေကို ဒီ ၁၂ နှစ် ကာလအတွင်းတွင် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ မင်းပြားမြို့ အထက် ဘက်ရှိ လေးမြို့မြစ်၏ မြစ်ကြောင်း ပုံသဏ္ဍာန်အရ ရေ လမ်းကြောင်း ပြောင်းလွှဲ၍ တူးမြောင်းဖောက်လုပ်ရန် မဖြစ်နိုင်ခြင်း၊ မင်းပြားမြို့မြစ်ကမ်းတစ်လျှောက်နှင့် မြို့အထက်ဘက်ရှိ မြစ်ကမ်းတစ်လျှောက်တွင် ရေအနက်မြင့်မားသောအတွက် ရေလွှဲ ရေကာများ တည်ဆောက်ရန် မလွယ်ကူ ခြင်းတို့ကြောင့် တိုက်ရိုက်ကာကွယ်နည်းစနစ်ဖြစ်သော ကမ်းထိန်းတမံများနှင့် ကမ်းထိန်း နံရံများအား တည်ဆောက် ကာကွယ်ပေးရခြင်း ဖြစ်ပါကြောင်း၊ မင်းပြားမြို့ ကမ်းပြိုကာကွယ်ရေး အတွက် ရေ လမ်းကြောင်း ပြောင်းလွှဲရန် မလွယ်ကူသည့်အတွက် ကမ်းထိန်းတမံများနဲ့ အတူ ရေကာတိုများအား အုန်းတိုင် သို့မဟုတ် ကွန်ကရစ်တိုင်များ အသုံးပြု၍ အဆင့်ဆင့် တည်ဆောက်ကာကွယ်ရန် လိုအပ်ပါသည်။ နှစ်စဉ် ခွင့်ပြုရရှိသော ရန်ပုံငွေ အပေါ်မူတည်ပြီး ကွင်းအခြေအနေအရ လုပ်ငန်းသုံး ပစ္စည်းများ အားရွေးချယ် အသုံးပြု သွားရမည်ဖြစ်ပါသည်။ ထို့အပြင် တိုးတက်ဖြစ်ပေါ်လာတဲ့ ကမ်းပါးအခြေအနေ အပေါ်မူတည်ပြီး နှစ်အလိုက် ဆက်လက် ဆောင်ရွက်သွား ရန်လည်း လိုအပ်မည်ဖြစ်ပါသည်။ ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ရေ အရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ရေကြောင်းသွားလာမှုရှိသော အဓိကမြစ်ကြီးများ၏ ရေလမ်းကြောင်း ကောင်းမွန်ရေးအတွက် မြစ်ကြောင်း ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ဘဏ္ဍာငွေ လျာထားသတ်မှတ်တောင်းခံပြီး ဦးစားပေးဆောင်ရွက်လျက် ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ် ကျောက်တော် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မေးမြန်းထားသော မင်းပြားမြို့ ရေ တိုက်စားမှု ကာကွယ်ရေး လုပ်ငန်းများအတွက် ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခေတ်မီနည်းပညာများ ပံ့ပိုးကူညီမှုကိုသာ ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပြီး ဘဏ္ဍာငွေရရှိရေးကဏ္ဍအား ရခိုင်ပြည်နယ်အစိုးအရ အဖွဲ့အနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြတောင်းခံ ဆောင်ရွက်သွားသင့်ပါကြောင်း ဖြေကြားပါသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးမှလည်း
ဦးဖေသန်းမေးမြန်းသော မေးခွန်းအပေါ်မူတည်ပြီး ပြည်ထောင်စု ဒုတိယ ဝန်ကြီး ဖြေကြားချက်တွင် “သက်ဆိုင်ရာ ရခိုင်ပြည်နယ်က ဘဏ္ဍာငွေ တောင်းရ မည် ဆိုသည်မှာ မှန်ကန်မှုရှိပါသလား” မေးမြန်းရာ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟံစိန်က မှန်ကန်ကြောင်းဖြေကြား ခဲ့သည့်အတွက် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီးက ရခိုင်ပြည်နယ်အစိုးရကို လွှတ်တော်အနေဖြင့် အကြောင်းကြားပေး သွားမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အနေဖြင့်လည်း ကမ်းပြိုကမ်းထိန်းကိစ္စနှင့် ပတ်သက်၍ အလေးထားပြီး တင်ပြပေးရန် ဆက်လက် ဆောင်သွားမည် ဖြစ်ပါကြောင်း၊ ဤကိစ္စရပ်များကို သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနက သိရှိပြီး လိုအပ်သည်များ အား ပေါင်းစပ် ညှိနှိုင်းပေးရန်ဖြစ်ကြောင်း ညွှန်ကြားပါသည်။
