ပြည်တွင်းဂျာနယ်များတွင် အလုပ်သမားနှင့် အလုပ်ရှင်များ ပြဿနာ၏ အဓိကအချက်မှာ လုပ်ခလစာကြောင့်ဖြစ်ရခြင်းကို လေ့လာ သုံးသပ်မိသဖြင့် ယခုမေးခွန်းကို မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ ယင်းအလုပ်သများတွင် အမျိုးသမီး အလုပ်သမားများ ပိုမိုပါဝင်များ ပြားနေခြင်း၊ ထို့ပြင် အလုပ်သမားများ၏ အခြေခံလစာနှုန်းကို သတ်မှတ်ပေးပါက အမျိုးသမီးများသာမက အမျိုးသားများ၊ အမျိုးသမီးများအတွက်ပါ အကျိုးရှိမည် ဖြစ်ပါကြောင်း၊ အလုပ်ရှင်နှင့် အလုပ်သမားများ၏ ပြဿနာများကိုလည်း ပြေလည်သွားမည်ဟု ယုံကြည်မိ ပါကြောင်း၊ သို့ဖြစ်ပါ၍ လုပ်ခလစာဖြင့် စားဝတ်နေရေး ကို ဖြေရှင်းနေ ရသော အောက်ခြေ အလုပ်သမားများ အတွက် အနိမ့်ဆုံးလစာ သတ်မှတ်ပေးပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
[ဘားအံမဲဆန္ဒနယ်မှ ဒေါ်နန်းစေအွာ ကိုယ်စား ထန်တလန်မဲဆန္ဒနယ်မှ ဒေါ်ဇာတလမ်း မေးမြန်းပါသည်။]
လုပ်ခလစာဖြင့် စားဝတ်နေရေးကို ဖြေရှင်းနေရသော အောက်ခြေ အလုပ်သမား များ အတွက် အနိမ့်ဆုံးလစာ သတ်မှတ်ပေးရန် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိပါရာ အနည်းဆုံး အခကြေးငွေ ဥပဒေကို နိုင်ငံတော်သမ္မတက ဇွန်လ ၄ ရက်နေ့တွင် အာဏာ သက်ရောက်ကြောင်း အမိန့်ကြော်ငြာစာ အမှတ် (၅၂/၂၀၁၃) ဖြင့်ထုတ်ပြန်ကြေ ညာပြီး အနည်း ဆုံးအခကြေးငွေ နည်းဥပဒေများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီ ချက်အရ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ အနည်းဆုံး အခကြေးငွေဥပဒေပုဒ်မ ၃ နှင့် ၄ တို့အရ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီဖွဲ့စည်းရန် ကိုယ်စားလှယ်အမည်စာရင်း တောင်းခံနိုင်ရေးအတွက် နိုင်ငံတော် သမ္မတရုံးသို့ တင်ပြခဲ့ရာ နိုင်ငံတော်သမ္မတရုံးမှ ဆက်လက်ဆောင်ရွက်သွားရန် ခွင်ပြုသဖြင့် အနည်းဆုံး အခကြေးငွေ နည်းဥပဒေပုဒ်မ ၃ နှင့် ၄ အရ အမျိုးသားကော်မတီဖွဲ့စည်းရာတွင် တာဝန်ပေးအပ် သင့်သည့် အစိုးရဌာနများ၊ အစိုးရအဖွဲ့အစည်းများ၊ အလုပ်သမားအဖွဲ့အစည်းများ၊ အလုပ်ရှင်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ အခကြေးငွေသတ်မှတ်ခြင်းဆိုင်ရာလုပ်ငန်းကျွမ်းကျင်ပြီး အလုပ်ရှင်၊ အလုပ်သမားတို့ကြား မျှတစွာ ဆောင်ရွက်မည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းများ တောင်ခံထားရှိပြီး လည်းဖြစ်ပါကြောင်း။
အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဖွဲ့စည်းပြီးနောက် အမျိုးသားကော်မတီမှ ဥပဒေပုဒ်မ ၅(ခ) အရ ပြည်ထောင်စု နယ်မြေကော်မတီ၊ တိုင်းဒေသကြီး ကော်မတီနှင့် ပြည်နယ်ကော်မတီများ ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များ သတ်မှတ်ပေးရမည်ဖြစ်ပါကြောင်း၊ ထိုသို့ ဖွဲ့စည်းနိုင်ရေးအတွက် ကိုယ်စားလှယ် အမည်စာရင်းများ တောင်းခံနိုင်ရေးနှင့် ပတ်သက်၍ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးသို့တင်ပြခဲ့ရာ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ ကိုယ်စားလှယ်များ၏ အမည်စာရင်းကို အမျိုးသားကော်မတီသို့ တင်ပြနိုင်ရေးအတွက် ကြိုတင်ပြင် ဆင် ထားရန် တိုင်းဒေသကြီး/ပြည်နယ်အစိုးရများသို့ အကြောင်းကြားပြီး လည်းဖြစ်ပါကြောင်း၊ ပြည်ထောင်စု နယ်မြေ ကော်မတီ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ကော်မတီများ အနေဖြင့် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးနှင့် စပ်လျဉ်း၍ အခြေခံရမည့် အချက်များဖြင့် သတ်မှတ်သင့်သည့် အနည်းဆုံး အခကြေးငွေ နှုန်းထားများကို အမျိုးသားကော်မတီသို့ သဘောထား အကြံပြုချက်များ တင်ပြရမည်ဖြစ်ပါကြောင်း၊ အမျိုးသားကော်မတီသည် ပြည်ထောင်စု နယ်မြေကော်မတီ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ကော်မတီ များမှ တင်ပြလာသော အကြံပြုချက်များကို လေ့လာစိစစ်ပြီး သတ်မှတ်သင့်သော အဆိုပြု အနည်းဆုံး အခကြေးငွေနှုန်း ထားများကို အများပြည်သူ သိရှိစေရန် ရက်ပေါင်း ၆၀ ကြိုတင်၍ ထုတ်ပြန်ကြေညာ ရမည်ဖြစ်ပါကြောင်း၊ အဆိုပြု အနည်းဆုံး အခကြေးငွေနှုန်းထားများ ကန့်ကွက်ချက်များ ရှိလာပါက အဆိုပါရက်ပေါင်း ၆၀ အတွင်း ပြီးစီးအောင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ကန့်ကွက်ချက် မရှိပါက သက်ဆိုင်ရာ အနည်းဆုံးအခကြေးငွေနှုန်းထားကို ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် သတ်မှတ်ပြီး အများပြည်သူသိရှိရန် အမိန့်ကြော်ငြာစာကို နိုင်ငံတော်ပြန်တမ်းနှင့် သတင်းစာများတွင် ထည့်သွင်းကြေညာ သွားမည် ဖြစ်ရာ အနည်းအခကြေး ငွေသတ်မှတ်ရာတွင်လည်း ဒေသအလိုက်၊ လုပ်ငန်း အမျိုးအစား အလိုက် သတ်မှတ်နိုင်ရေး လုပ်ဆောင်လျက်ရှိပါကြောင်း ဖြေကြားပါသည်။
