(စ)-ညောင်လေးပင် မြို့နယ်တွင်မီးသတ် တပ်ဖွဲ့စခန်း (ခွဲ) တစ်ခုဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ (၁၅.၂.၂၀၁၈)

ညောင်လေးပင်မြို့က ရန်ကုန်-မန္တလေး ကားလမ်းမတစ်လျှောက် မိုင်တိုင် ၉၇ ကနေ မိုင်တိုင် ၁၀၀ ကြားတွင်တည်ရှိပြီး မြို့မရပ်ကွက် ငါးခုရှိပါကြောင်း၊ ရန်ကုန်-မန္တလေး မီးရထားလမ်းက မြို့လယ်လောက်က ဖြတ်သန်းပြီး မော်တော်ကားလမ်းကို ကန့်လန့်ဖြတ်သွားနေသည့်အတွက် မြို့သည်ရထားလမ်း အရှေ့ခြမ်းနှင့်အနောက်ခြမ်းဆိုပြီး ခွဲခြားထားသကဲ့သို့ ဖြစ်နေပါကြောင်း၊ ရထားလမ်း၏ အရှေ့ခြမ်းမြို့မ (၁) (၂) (၃) ရပ်ကွက်သုံးခုသည် အိမ်ထောင်စုပေါင်း ၃၃၅၄ စု၊ လူဦးရေ ၁၅၂၀၀ ကျော်ရှိပါကြောင်း၊ အိမ်ထောင်စု ၃၅၉၄ စုနှင့်လူဦးရေ ၁၅၄၀၀ ကျော်ရှိသည့် ကျေးရွာပေါင်း ၇၀၀ နှင့်လည်း ဆက်စပ်လျက်ရှိပါကြောင်း၊ မဒေါက်မြို့၊ ပြွန်တန်ဆာမြို့တို့နှင့်လည်း ဆက်သွယ်လျက်ရှိပါကြောင်း၊ ရထားလမ်း၏ အနောက်ဘက်အခြမ်း မြို့မ(၄)နှင့် မြို့မ(၅) ရပ်ကွက် အိမ်ထောင်စုပေါင်း ၂၇၀၀ ကျော်၊ လူဦးရေ ၁၁၆၀၀ ကျော်ရှိပါကြောင်း၊ အိမ်ထောင်စုပေါင်း ၃၆၀၀ ကျော်နှင့် လူဦးရေ ၁၅၀၀၀ ကျော်ခန့်ရှိသည့် ကျေးရွာပေါင်း ၅၀၀ ဖြင့်လည်း ဆက်စပ်လျက်ရှိပြီး ပိန်းဇလုပ်မြို့နှင့်လည်း ဆက်စပ်လျက်ရှိပါကြောင်း၊ ထို့အပြင် သစ်တောရုံး၊ ဆည်မြောင်းရုံး၊ စိုက်ပျိုးရေးရုံး၊ စက်မှုလယ်ယာအထက်တန်းကျောင်းများ၊ တန်တရာဆန်စက်၊ ဘုန်းတော်ကြီး ကျောင်းများနှင့် အသစ်တိုးတက်ဖြစ်ပေါ်လာသော လယ်ယာသုံးစက်ကိရိယာ အရောင်းပြခန်းများ၊ ဆန်စက်၊ ဆီစက်များ၊ ပဲ၊ စပါးပွဲရုံများ၊ စက်သုံးဆီအရောင်းဆိုင်များနှင့် အိမ်ခြေများလည်း တိုးပွားလျက်ရှိနေပါကြောင်း၊ 

ညောင်လေးပင်မြို့ မီးသတ်တပ်ဖွဲ့စခန်း ရန်ကုန်-မန္တလေး ကားလမ်းဘေး ညောင်လေးပင်မြို့မဈေးနှင့် ဒပလယ်ဂို့ရထားလမ်း၏ အရှေ့ဘက် ကိုက် ၇၀၀ ခန့်အကွာတွင် တည်ရှိ ပါကြောင်း၊ ရထားဖြတ်သွားပါက လမ်းပိတ်သည့်အခါ အချိန်အနည်းဆုံး ၁၀ မိနစ်မှ နာရီဝက်ခန့် ကြာတတ်ပြီး တစ်ရက်အခါ ၂၀ ခန့်လမ်းပိတ်လျက်ရှိပါကြောင်း၊ မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက မီးသတ်ယာဉ်များ မီးလောင်ရာကိုအချိန်မီ အလျင်အမြန်ရောက်ရှိရန် ခက်ခဲလျက်ရှိပါကြောင်း၊ ညောင်လေးပင်မြို့ မီးသတ်တပ်ဖွဲ့စခန်းတွင် တပ်ဖွဲ့ဝင်အင်အား ၂၂ ဦး၊ အရန်အင်အား ၅၀ ဦး စုစုပေါင်း ၇၂ ဦးရှိပြီး မီးငြိမ်းသတ်ယာဉ် ၄ စီး၊ မီးသတ်ရေသယ်ယာဉ် ၅ စီး၊ အပေါ့စားရေစုပ်စက် ၅ လုံးရှိသည့်အတွက် မီးသတ်စခန်းခွဲတစ်ခု ဖွင့်လှစ်ရန်အင်အားပြည့်စုံ လုံလောက်ကြောင်းကိုလည်း သိရှိရပါကြောင်း၊ မီးသတ်စခန်းခွဲ ဖွင့်လှစ်နိုင်ရန် သင့်တော်သည့်နေရာလည်း မြို့မ (၅) ရပ်ကွက် ရထားလမ်း၏အနောက်ခြမ်း ရန်ကုန်-မန္တလေးကားလမ်း ညာဘက်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနလက်ဝယ်တွင် တည်ရှိပါကြောင်း၊ ၎င်းမြေကွက်တွင် ကုန်လှောင်ရုံတစ်လုံး အပါအဝင် ဧက ၁.၁ ကျယ်ဝန်းပြီးမည်သည့် လုပ်ငန်းမျှ လုပ်ဆောင်ထားခြင်းလည်း မရှိပါကြောင်း၊ ယာဉ်ဝင်/ထွက်သွားလာရန် လွယ်ကူအဆင်ပြေပါကြောင်း၊ ယခုအခါ ရထားလမ်းအနောက်ဘက်ခြမ်း မီးဘေးအန္တရာယ်ကာကွယ်ရေးအတွက် ပြည်သူများ၏ တောင်းဆိုချက်အရ ၁၈-၁-၂၀၁၈ ရက်နေ့ကစပြီး စက်မှုလယ်ယာဝင်းအတွင်း မီးသတ်ယာဉ် ၂ စီး၊ တပ်ဖွဲ့ဝင်အင်အား ၆ ဦးနှင့် ယာယီစခန်းချ ဖွင့်လှစ်ထားရှိပါသော်လည်း တိုးပွားလာသည့် ဓာတ်ဆီဆိုင်များ၊ စက်မှုလုပ်ငန်းများနှင့် စပါးပွဲရုံ၊ ပဲပွဲရုံများ၊ လူနေအိမ်ခြေများကြောင့် ရထားလမ်း၏ အနောက်ဘက်ခြမ်း မီးသတ်တပ်ဖွဲ့စခန်း (ခွဲ) တစ်ခု အမြဲတမ်းထားရှိရန် အမှန်တကယ် လိုအပ်နေပါသောကြောင့် (၁) ညောင်လေးပင်မြို့ မီးရထားလမ်း အနောက်ဘက်ခြမ်းတွင် မီးသတ်တပ်ဖွဲ့စခန်း(ခွဲ) တစ်ခုဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိပါက မည်သည့် အချိန်ကာလတွင် ဖွင့်လှစ်ပေးပါမည်နည်းနှင့် အစီအစဉ်မရှိပါက အဘယ်ကြောင့်နည်း ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် ဦးစီးအရာရှိ ဦးစီးအင်အား ၉ ဦးပါဝင်သည့် မြို့နယ် မီးသတ်ဦးစီးမှူးရုံး ၁ ရုံး၊ ဒုတိယမီးသတ်ဦးစီးမှူး ဦးစီးအင်အား ၂၈ ဦး၊ မီးငြိမ်းသတ်ယာဉ် ၂ စီး၊ မီးသတ်ရေယာဉ် ၁ စီး၊ မီးသတ်စက်ယာဉ် ၁ စီး စုစုပေါင်း မီးသတ်ယာဉ် ၄ စီးပါဝင်သည့် မြို့နယ်မီးသတ်စခန်းတစ်ခုတို့နှင့် ဖွဲ့စည်းပုံခွင့်ပြုမိန့်ရရှိထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ညောင်လေးပင်မြို့နယ် မီးသတ်ဦးစီးမှူးရုံးတွင် ဦးစီးအရာရှိ ဦးစီးအင်အား ၅ ဦး၊ မြို့နယ်မီးသတ်စခန်းတွင် ဒုတိယမီးသတ်ဦးစီးမှူး ဦးစီးသည့်အင်အား ၂၀၊ မီးငြိမ်းသတ်ယာဉ် ၅ စီး၊ မီးသတ်ရေယာဉ် ၁ စီး စုစုပေါင်း မီးသတ်ယာဉ် ၆ စီး၊ အပေါ့စားမီးသတ်စက် ၅ လုံးတို့နှင့် ညောင်လေးပင်မြို့၏ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြိမ်းသတ်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ညောင်လေးပင်မြို့၊ မြို့မ ၄ ရပ်ကွက် မီးသတ်စခန်းဖွင့်လှစ်ရန် လိုအပ်ပါကြောင်း၊ မြေပြင်စစ်ဆေးမှုများ ဆောင်ရွက်သည့်အခါ အမှန်တကယ်ဖွင့်လှစ်ရန် လိုအပ်သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ကွင်းအမှတ် ၁၉၆ (ခ)၊ ငှက်ပျောတောကွင်း၊ ဦးပိုင်အမှတ် ၇၆/၂ တွင်ရှိသည့် စားသုံးသူရေးရာ ဦးစီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနပိုင် ‌မြေဧရိယာအပေါ် မီးသတ်စခန်းတစ်ခု ဖွင့်လှစ်ရန်သင့်တော်သည့်အတွက် ၎င်းမြေနေရာ လွှဲပြောင်းရရှိရေးကို ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကို ၇-၂-၂၀၁၈ ရက်နေ့တွင် ညှိနှိုင်းပေးပို့ဆောင်ရွက် လျက်ရှိပါကြောင်း၊ မီးသတ်ဦးစီးဌာန အမည်ပေါက်ရရှိသည်နှင့် နယ်မြေမီးသတ်စခန်းတစ်ခု ဖွင့်လှစ်နိုင်ရေးအတွက် ဖွဲ့စည်းပုံခွင့်ပြုမိန့်ရရှိရေးကိုလည်း ဆက်လက်တင်ပြ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခုလိုဆောင်ရွက်နေစဉ် မီးဘေးကြိုတင် ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ် ကျရောက်ပါက အချိန်မီမီးသတ်နိုင်ရေး ဆောင်ရွက်နိုင်ရန်အတွက် ညောင်လေးပင်မြို့နယ် မီးသတ်စခန်းတွင်ရှိသည့် မီးသတ်ယာဉ် ၅ စီးအနက် ဒေါင်ဖန်းမီးသတ်ယာဉ် တစ်စီး၊ တီအီးမီးငြိမ်းသတ်ယာဉ်တစ်စီး စုစုပေါင်းနှစ်စီးနှင့် လက်ထောက်မီးသတ် ဦးစီးမှူးဦးစီးသည့် တပ်ဖွဲ့ဝင် ခြောက်ဦးကို ထုတ်နှုတ်ပြီး မြို့မ ၄ ရပ်ကွက် စက်မှုလယ်ယာဝင်းအတွင်း ၁၈-၁-၂၀၁၈ ရက်နေ့က စတင်ပြီး ယာယီနယ်မြေ မီးသတ်စခန်းတစ်ခုကို ဖွင့်လှစ်ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ ညောင်လေးပင်မြို့၊ မီးရထားလမ်း၏ အနောက်ဘက်အခြမ်းတွင်ရှိသည့် ရပ်ကွက် ကျေးရွာများ၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မြို့မ ၄ ရပ်ကွက် စက်မှုလယ်ယာ ဝင်းအတွင်း ယာယီနယ်မြေ မီးသတ်စခန်းကို ဖွင့်လှစ်ဆောင်ရွက်ပြီး ဖြစ်ပါကြောင်းနှင့် နယ်မြေမီးသတ် စခန်းတစ်ခု ဖွင့်လှစ်ခွင့်ရရှိရေးအတွက် မြေနေရာရရှိရေးနှင့် ဖွဲ့စည်းခွင့်ရရှိရေးတို့ကို ဆက်လက်ဆောင်ရွက် လျက်ရှိပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။