(က)-ကျောင်းကုန်းမြို့နယ်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် မြို့နယ်မှူးရုံးအပါအဝင် ရဲစခန်းများ၊ ရဲကင်းများ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ (၁၅.၂.၂၀၁၈)

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် မြို့နယ်မှူးရုံး၊ ကျောင်းကုန်းမြို့မစခန်း၊ ဒေါင့်ကြီးနယ်မြေစခန်း၊ လှည်းဆိပ်ရဲကင်း၊ မင်းမနိုင်ရဲကင်းများရှိ အဆောက်အဦများသည် ဥပဓိရုပ်မကောင်းခြင်း၊ လုံခြုံရေးအရမကောင်းခြင်း၊ အန္တရာယ်ရှိ အဆောင်များအဖြစ် စိုးရိမ်ရသည့် အခြေအနေများအဖြစ် တည်ရှိနေပါကြောင်း၊ မြို့မရဲစခန်းမှလွဲ၍ ကျန်အဆောက်အဦများသည် ကိုယ့်အားကိုယ်ကိုး အဆောက်အဦများဖြင့် ဆောက်လုပ်နေထိုင်ကြရ ပါကြောင်း၊ မြို့မရဲစခန်း၏ အဆောက်အဦတွင်လည်း ၁၉၁၅ ခုနှစ်ကတည်းက အဆောက်အဦများ ဖြစ်ပြီး နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိနေပြီ ဖြစ်သည့်အတွက်ကြောင့် ဟောင်းနွမ်းပျက်စီး၍ မဖြစ်မနေ နေထိုင်ရခြင်းဖြစ်ပါကြောင်း၊ လက်ရှိဝန်ထမ်းအင်အားစာရင်းမှာ စုစုပေါင်း ၈၅ ဦးရှိပြီး လက်ရှိစီစဉ်ပေးနိုင်သည့် နေရာထိုင်ခင်းပေးနိုင်သည့် အင်အားမှာ ၅၃ ဦးဖြစ်ပြီး လိုအပ်လျက်ရှိသည့် နေရာထိုင်ခင်းက ၃၂ ဦးအတွက် လိုအပ်လျက်ရှိပါကြောင်း၊ သို့ပါ၍ ကျောင်းကုန်းမြို့နယ်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် မြို့နယ်မှူးရုံးအပါအဝင် ရဲစခန်းများ၊ ရဲကင်းအဆောက်အဦများ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့မရဲစခန်း၊ ဒေါင့်ကြီးနယ်မြေရဲစခန်း၊ လှည်းဆိပ်ရဲကင်းစခန်းနှင်‌့ မင်းမနိုင်ရဲကင်းစခန်းတို့ရှိပြီး ကျောင်းကုန်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင်‌့ မြို့မရဲစခန်းသည် ကျောင်းကုန်းမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ မြေဧရိယာ ၅.၁၀၁ ဧကပေါ်တွင် တစ်ဆက်တစ်စပ်တည်း တည်ရှိပါကြောင်း၊ ကျောင်းကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် အရာရှိလေးဦး၊ အခြားအဆင်‌့ ၁၁ ဦး ပေါင်း ၁၅ ဦး၊ မြို့မစခန်းတွင် အရာရှိကိုးဦး၊ အခြားအဆင်‌့ ၂၇ ဦး ပေါင်း ၃၆ ဦးနှင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်လျက်ရှိပါကြောင်း၊ ကျောင်းကုန်းမြို့မ ရဲစခန်းဝင်းအတွင်း ရုံးအဆောက်အဦသုံးလုံး၊ လူနေအဆောက်အဦ ၂၃ လုံးရှိပြီး အခန်းပေါင်း ၃၅ ခန်းရှိသည့်အနက် လုံးချင်းတစ်ထပ်နှစ်လုံးနှင်‌့ နှစ်ခန်းတွဲတစ်လုံးတို့သည် ပြုပြင်သုံးစွဲ၍မရသော အဆောက်အဦများ ဖြစ်ကြောင်းလည်း တွေ့ရှိရပါကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင်‌့ မြို့မရဲစခန်းတွင်ရှိသည့် အိမ်ထောင်သည် ၃၄ ဦးရှိသည့်အနက် ၂၈ ဦးက  လိုင်းခန်းများတွင် နေထိုင်ပြီး ခြောက်ဦးမှာဒေသခံများဖြစ်သည့်အတွက် ပြင်ပတွင် နေထိုင်နေရပါကြောင်း၊ လူပျို ၁၇ ဦးရှိသည့်အနက် ခြောက်ဦးသည် လိုင်းခန်းတွင်နေပြီး ကျန် ၁၁ ဦးမှာ ဒေသခံများဖြစ်သည့်အတွက် ပြင်ပတွင်နေထိုင်လျက်ရှိပါကြောင်း၊

ဒေါင့်ကြီးနယ်မြေ ရဲစခန်းတွင် အရာရှိသုံးဦး၊ အခြားအဆင့်ကိုးဦး ပေါင်း ၁၂ ဦးဖြင့် လုပ်ငန်း တာဝန်များ ဆောင်ရွက်လျက်ရှိပြီး ရဲစခန်းအတွင်း အဆောက်အဦနှစ်လုံးနှင့် လူနေအဆောက်အဦ ငါးလုံး၊ အခန်းပေါင်းကိုးခန်းရှိပါကြောင်း၊ ဒေါင့်ကြီးနယ်မြေရဲစခန်းတွင် အိမ်ထောင်သည် ၁၂ ဦးရှိသည့် အနက်ကိုးဦးက လိုင်းခန်းများတွင် နေထိုင်ပြီးသုံးဦးက ဒေသခံများဖြစ်သည့်အတွက် ပြင်ပတွင် နေထိုင်ရလျက်ရှိပါကြောင်း၊ လှည်းဆိပ်ရဲကင်းစခန်းတွင် အရာရှိတစ်ဦး၊ အခြားအဆင့် ခုနစ်ဦးပေါင်း ရှစ်ဦးဖြင့် တာဝန်များထမ်းဆောင်လျက် ရှိကြပါကြောင်း၊ ရဲစခန်းအတွင်း ရုံးအဆောက်အဦတစ်လုံး၊ လူနေအဆောက်အဦ သုံးလုံးရှိသည့်အနက် အဆောက်အဦတစ်လုံး ပြုပြင်သုံးစွဲ၍မရသည့် အဆောက်အဦ ဖြစ်ပါကြောင်း၊ လှည်းဆိပ်ရဲစခန်းတွင် ရှိသည့်အိမ်ထောင်သည် ငါးဦးနှင့် လုံးချင်းနှစ်လုံးတွင် နှစ်ဦးသာနေထိုင်နိုင်ပြီး ကျန်သုံးဦးသည် ဒေသခံများဖြစ်သည့်အတွက် ပြင်ပတွင် နေထိုင်ရပါကြောင်း၊ လူပျိုရဲတပ်ဖွဲ့ဝင်သုံးဦးက ရဲစခန်းရုံးတွင် နေထိုင်လျက်ရှိပါကြောင်း၊ မင်းမနိုင်ရဲကင်းစခန်းတွင် အရာရှိတစ်ဦး၊ အခြားအဆင့်ကိုးဦး ပေါင်း ၁၀ ဦးဖြင့် လုပ်ငန်းတာဝန်များ ဆောင်ရွက်လျက်ရှိပြီး မင်းမနိုင်ရဲကင်းစခန်းတွင် ရုံးအဆောက်အဦများတွင် စခန်းရုံး၊ အချုပ်ခန်းများ အပါအဝင် တစ်ထပ်တစ်လုံးရှိပြီး ဝန်ထမ်းအိမ်ရာ အဆောက်အဦများက လုံးချင်းတစ်ထပ်လေးလုံး ရှိပါကြောင်း၊ အိမ်ထောင်သည် ခုနစ်ဦးရှိသည့်အတွက် လေးဦးသည် တစ်ထပ်လေးလုံးတွင် နေထိုင်ပြီး သုံးဦးက ဒေသခံများဖြစ်သည့်အတွက် ပြင်ပမှာနေထိုင်ပြီး လူပျိုတပ်ဖွဲ့ဝင်သုံးဦးက ရဲစခန်းတွင် နေထိုင်ရလျက် ရှိပါကြောင်း၊

သို့ဖြစ်ပါ၍ ကျောင်းကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့မရဲစခန်းများ၏ အဆောက်အဦသည် ပြုပြင်နေထိုင်ရသည့် အခြေအနေသည် ခက်ခဲလာပြီဖြစ်ခြင်းကြောင့် မြို့မရဲစခန်းအတွက် လေးခန်းတွဲ နှစ်ထပ်တစ်လုံး၊ လှည်းဆိပ်ရဲကင်းစခန်းအတွက် လေးခန်းတွဲနှစ်ထပ်တစ်လုံး၊ ဒေါင့်ကြီးနယ်မြေ ရဲစခန်းအတွက် ခြောက်ခန်းတွဲနှစ်ထပ်တစ်လုံး၊ မင်းမနိုင်ရဲကင်းစခန်းအတွက် ခြောက်ခန်းတွဲ နှစ်ထပ်တစ်လုံးတို့ကို ဆောက်လုပ်ပေးနိုင်ရန်အတွက် ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်း (မူလ) အသုံးစရိတ်ရန်ပုံငွေတွင် ထည့်သွင်းတောင်းခံသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးသိန်းထွန်း (ကျောင်းကုန်းမဲဆန္ဒနယ်) ကဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ကျောင်းကုန်းမြို့နယ်သည် ရန်ကုန်-ပုသိမ်လမ်းမကြီး မိုင်ပေါင်း ၁၁၅ မိုင်တွင် မိုင် ၃၀ ခန့် ပါဝင်နေသည့်အတွက်ကြောင့် တကယ်တမ်းယာဉ်တိုက်မှုများက များပြားလျက်ရှိပါကြောင်း၊ များပြားသည့်အခါ ပထမတစ်ချက်အနေဖြင့် တင်ပြရလျှင် ရဲဝန်ထမ်းအင်အားက နည်းသည့်အတွက်ကြောင့် ဖွဲ့စည်းပုံအရတိုးမြှင့်ပေးခြင်း ရှိ/မရှိနှင့် ဒုတိယတစ်ချက်အနေဖြင့် လှည်းဆိပ်ရဲကင်းနှင့် မင်းမနိုင်ရဲကင်းကလည်း နှစ်ပေါင်းမြောက်မြားစွာကတည်းက ရှိပြီးဖြစ်သည့် အတွက်ကြောင့် ရဲကင်းနှစ်ခုကိုလည်း ရဲစခန်းများအဖြစ် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံကို နောက်ဆုံးအတည်ပြု ပြင်ဆင်ထားသည့်အခါ ၁၆၀၀၀၀ ကျော်ရှိပါကြောင်း၊ လက်ရှိအင်အား ၈၀၀၀၀ ကျော်ရှိသည့်အတွက် အင်အား၏ ၅၀ ရာခိုင်နှုန်းကျော် မိမိတို့တွင် ရှိပါကြောင်း၊ ရှိသည့်အင်အား ၅၀ ရာခိုင်နှုန်းကို နယ်မြေဒေသ၏ အခြေအနေအပေါ် မူတည်ပြီး အင်အားများ ဖြည့်တင်းနေရာချထား ပေးလျက်ရှိပါကြောင်း၊ ဦးစားပေးအနေဖြင့် ရန်ကုန် တိုင်းဒေသကြီးက မြန်မာနိုင်ငံလူဦးရေ၏ ၁၂ ရာခိုင်နှုန်းခန့်က ရန်ကုန်မှာရှိသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးကို မိမိတို့က ဖွဲ့စည်းပုံရာခိုင်နှုန်း၏ ၈၀ ရာခိုင်နှုန်းခန့် ပေးနိုင်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးကို ၁၀၀ ရာခိုင်နှုန်းပြည့်အောင် မပေးနိုင်သေးပါကြောင်း၊ ထို့ကြောင့် အင်အား တိုးမြှင့်စုဆောင်းနိုင်ရန်နှင့် လေ့ကျင့်မှုအရေအတွက်ကို တိုးမြှင့်နိုင်ရန်အတွက် ပြီးခဲ့သည့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတ၏ အထူးရန်ပုံငွေကနေပြီး လေ့ကျင့်ရေးကျောင်းများကို တိုးမြှင့်ပြီးဖွင့်လှစ်နိုင်ရန်အတွက် တစ်နှစ်၊ တစ်နှစ်ကို လေ့ကျင့်ရေးကနေပြီး မွေးထုတ်ပေးနိုင်သည့် ရဲတပ်သားသစ်များနှင့် ရဲအရာရှိအင်အားများကို တိုးမြှင့်နိုင်ရန်အတွက်လည်း စီမံချက်များ အလေးထားပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် နယ်မြေဒေသလိုအပ်ချက်အရ မှုခင်းဖြစ်ပွားမှု၊ ရာဇဝတ်မှုဖြစ်ပွားမှုများသည့် ဒေသများကိုလည်း သီးခြားသုံးသပ်ပြီး ဖွဲ့စည်းပုံမပြည့်မီသော်လည်း သာမန်နယ်မြေဒေသတွေထက် အင်အားများလည်း တိုးမြှင့်ချထားပေးလျက် ရှိပါကြောင်း၊ တစ်နိုင်ငံလုံးရှိ မြို့နယ်များတွင် ရဲတပ်ဖွဲ့အင်အားကို ရာခိုင်နှုန်းပြည့် ချမထားပေးနိုင်သော်လည်း နယ်မြေဒေသ၏ မှုခင်းဖြစ်ပွားမှုနှင့် လိုအပ်ချက်အပေါ် မူတည်ပြီး သုံးသပ်ဖြည့်ဆည်းလျက် ရှိပါကြောင်း၊ ကျောင်းကုန်းမြို့နယ်နှင့် ပတ်သက်၍လည်း လက်ရှိ ချထားပေးသည့် အင်အားက နယ်မြေဒေသ၏ အခြေအနေနှင့် မှုခင်းဖြစ်ပွားမှု အခြေအနေအပေါ် မူတည်ပြီး ဖြည့်တင်းထားပေးခြင်း ဖြစ်ပါကြောင်း၊ ထို့နောက် လှည်းဆိပ်ရဲကင်းနှင့် မင်းမနိုင်ရဲခင်းကို စခန်းအဖြစ်တိုးမြှင့်ရန် ပြန်လည်လေ့လာသုံးသပ်ပြီး ဖွဲ့စည်းပုံရရှိရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနဲ့ သုံးသပ်တွေ့ရှိချက်ကိုလည်း လွှတ်တော်ကိုစာဖြင့် ပြန်လည်ဖြေကြား ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။