(ခ)-မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကတရားရုံးများသို့ တရားစွဲဆိုတင်ပို့သည့် အမှုများတွင် အထက်အဆင့်ဆင့်က ကြပ်မတ်ပေးရန်နှင့် ခေတ်နှင့်လျော်ညီသည့် သမ္မန်စာဆင့်ဆိုနည်းကို သုတေသနပြုရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ (၁၅.၂.၂၀၁၈)

တရားစီရင်ရေးမဏ္ဍိုင်တောင့်တင်းခိုင်မာရန် တရားသူကြီးများတွင် အဓိကတာဝန်ရှိသော်လည်း ဆက်စပ်အဖွဲ့အစည်းဖြစ်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း၊ ရာဇဝတ်မှုများတွင် ရဲတပ်ဖွဲ့ဝင်များအပါအဝင် တရားလိုနှင့် တရားလိုပြ သက်သေများ က သက်သေခံမလာရောက်ခြင်းကြောင့် အမှုများကြန့်ကြာခြင်းသည် မှန်မှန်နှင့် မြန်မြန်ဆန်ဆန် တရားစီရင်ရေးကို ထိခိုက်စေနိုင်ပြီး အမှုသည်များတွင် အချိန်ကုန်လူပင်ပန်းကာ တရားစီရင်ရေး မဏ္ဍိုင်ကို ပြည်သူအများယုံကြည်ကိုးစားမှု ကျဆင်းလာစေနိုင်ပါကြောင်း၊ ရဲလက်စွဲအပိုဒ် ၁၀၄၁ အပိုဒ် ခွဲ(ဍ)နှင့် ၁၉၄၅ ခုနှစ်၊ ရဲအက်ဥပဒေ ပုဒ်မ ၁၈ တို့အရ တရားရုံးမှချအပ်သည့် လူဖမ်းဝရမ်းများ ၊ သမ္မန် စာများနှင့် Notice စာများ အတည်ပြုရန်မှာ ရဲတပ်ဖွဲ့ဝင်များ၏ အဓိကတာဝန်များဖြစ်ပြီး ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ ၆၈ မှ ၇၁ အထိနှင့် ရဲလက်စွဲအပိုဒ် ၁၀၅၂ အပိုဒ်ခွဲ(ခ)တွင် သမ္မန်စာချအပ်သည့် နည်းလမ်းများကို ပြဋ္ဌာန်းထားပါကြောင်း၊ ထို့ကြောင့် ရဲတပ်ဖွဲ့ဝင်များသည် အချိန်မီ သမ္မန်စာချအပ်ပြီး ရုံးချိန်းရက်မတိုင်မီ ပြန်လည်ပေးပို့ရမည် ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် သမ္မန်စာများကို နည်း လမ်းတကျချအပ်ခြင်းနှင့် ရုံးချိန်းရက်မတိုင်မီ ပြန်လည်ပေးပို့ခြင်း အလေ့အထများ အားနည်းလျက်ရှိပြီး သမ္မန်စာများကို လုံးဝပြန်လည်မသွင်းသည့်အခြေအနေများတွင်ရှိပါကြောင်း၊ ထို့ကြောင့် သက်သေများ သည် အတည်ဖြစ်/မဖြစ် မသိရှိနိုင်၍ တရားရုံးများက အမှုသည်များကို တစ်နေကုန်စောင့်ဆိုင်း ထားခိုင်းပြီး လာရောက်ခြင်းမရှိသည့်အခါ ရုံးချိန်းကုန်လွန်မှ ရုံးချိန်းပြန်ချိန်းပေးသည်မျိုး ဖြစ်ပေါ် နေပါကြောင်း၊ သမ္မန်စာများကို ရုံးချိန်းရက်မတိုင်မီ ပြန်လည်ပေးပို့ထားပါက သက်သေများလာရောက် နိုင်ခြင်းမရှိကြောင်း သိရှိနိုင်ပါက အမှုများကို နံနက်ပိုင်းတွင် ပြန်လည်ချိန်းဆိုပေးနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၂၀ ပုဒ်မခွဲ(က)တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် ရဲတရားရုံးသို့ဖြစ်စေ၊ ပြစ်မှုဆိုင်ရာတရားရုံးသို့ဖြစ်စေ သက်သေတစ်ဦးအဖြစ် နည်းလမ်းတကျ ဆင့်စာ ချအပ်ခံရပြီးဖြစ်သော်လည်း တမင်သော်လည်းကောင်း၊ ယုတ္တိသန်သောအကြောင်းမရှိဘဲသော် လည်းကောင်း၊ သက်သေခံရန် ပျက်ကွက်ပါက ရဲတရားရုံးမှ အရေးယူနိုင်ကြောင်း ပြဋ္ဌာန်းပါရှိ ပါကြောင်း၊ ရဲတပ်ဖွဲ့ဝင်များကိုယ်တိုင်ပင် ရုံးချိန်း သုံး၊လေးချိန်းမက သက်သေခံလာရောက်ရန် ပျက် ကွက်နေသည်ကို ကြားသိရပါကြောင်း၊ သို့ဖြစ်၍ အမှုသည်များတွင် ရုံးချိန်းများစွာလာရောက် ခဲ့ကြသော်လည်း အမှုစစ်ဆေးနိုင်ခြင်းမရှိဘဲ ရုံးချိန်ကုန်မှသာ အိမ်ပြန်ရသည့်အနေအထားမျိုးကို အမှန် တကယ်ရင်ဆိုင်နေကြရသည့်အပြင် အမှုပြီးပြတ်လိုသောအမှုသည်များက သက်သေများကို စရိတ် စကပေးပြီး ခေါ်ယူနေရပါကြောင်း၊ အထက်ပါဥပဒေပုဒ်မများနှင့် ရဲလက်စွဲအပိုဒ်များအရ တရားရုံး များသို့ ရဲတပ်ဖွဲ့ဝင်များအပါအဝင် တရားလိုနှင့် တရားလိုပြသက်သေများ သက်သေခံလာရောက် နိုင်ရေးသည် ရဲတပ်ဖွဲ့၏အဓိကတာဝန်ဖြစ်သည်ဟု ထင်ရှားပါကြောင်း၊

ဒုတိယအချက်အနေဖြင့် လက်ရှိအခြေအနေတွင် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၆၈ အရ သမ္မန်စာ များကို စာဖြင့်ရေးသားထုတ်ဆင့်ရမည်ဖြစ်ပြီး ထိုစာကိုဆင့်ဆိုခြင်းခံရသူသို့ လူကိုယ်တိုင် သွားရောက် ဆင့်ဆိုရန် လိုအပ်ပါကြောင်း၊ အချို့နိုင်ငံများတွင် သမ္မန်စာ SMS စနစ်ဖြင့် ပေးပို့အတည်ပြုလျက် ရှိသည်ကို လေ့လာသိရှိရပါကြောင်း၊ တိုးတက်လာသောခေတ်နှင့်အညီ SMS စနစ် သို့မဟုတ် အခြား သင့်တော်သည့်စနစ်ဖြင့် သမ္မန်စာများကို ဆင့်ဆိုနိုင်ပါက အချိန်ကုန်၊ လူပန်းသက်သာပြီး တိကျမှု ရှိလာမည် ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်ရန် လိုအပ်ပါကြောင်း၊ ထိုဥပဒေကြမ်းရေးဆွဲတင်ပြရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုတရား လွှတ်တော်ချုပ်၏ တာဝန်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရဲတပ်ဖွဲ့သည် ပြည်ထောင်စုတရားလွှတ်တော်ချုပ် IT ပညာရှင်များနှင့်ပူးပေါင်းကာ သုတေသနလုပ်ငန်းများဆောင်ရွက်ပြီး ဥပဒေပြင်ဆင်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန်လိုအပ်ပါကြောင်း၊

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရားရုံးများသို့ တရားစွဲဆိုတင်ပို့သည့်အမှုများတွင် တရားလိုနှင့် တရားလိုပြသက်သေများ သက်သေခံလာရောက်စေရန်အတွက် အထက်အဆင့်ဆင့်က ကြပ်မတ် ပေးပါရန်နှင့် ခေတ်နှင့်လျော်ညီသည့် သမ္မန်စာဆင့်ဆိုနည်းကို သုတေသနပြုရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း တရားစီရင်ရေးမဏ္ဍိုင်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ် နှင့်အဆင့်ဆင်‌့သော တရားရုံးများက တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ တရားရုံးများတွင် စစ်ဆေးနေသည့်အမှုများ နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲ မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် တရား စီရင်နိုင်ရန်အတွက် သက်သေများ တရားရုံးသို့ သက်သေခံလာရောက်ရေးသည် အဓိအချက်ဖြစ်သည့် အတွက် သက်သေခံများလာရောက်ရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့အပါအဝင် တရားစွဲအဖွဲ့အစည်းများ၊ ဥပဒေအကျိုးဆောင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများက အလေးအနက်ထား ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊

ထိုသို့ တရားရုံးမှ သက်သေများကိုစစ်ဆေးရန် ဆင့်ခေါ်သောသမ္မန်စာများကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၆၈ အရ သက်ဆိုင်ရာတရားရုံးသည် ရဲအရာရှိတစ်ဦး သို့မဟုတ် တရားရုံးအရာရှိ တစ်ဦး သို့မဟုတ် အခြားပြည်သူ့ဝန်ထမ်းတစ်ဦးဦးကို ချမှတ်ဆောင်ရွက်စေနိုင်သည်ဟု ဖော်ပြထားရှိ ပါကြောင်း၊ ထို့အပြင် သမ္မန်စာချအပ်ရန် နည်းလမ်းများကိုလည်း ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၆၈ မှ ၇၄ အထိလည်း ပြဋ္ဌာန်းထားရှိပြီးဖြစ်ပါကြောင်း၊ တရားရုံးများမှ ဆင့်ခေါ်သောသမ္မန်စာများကို ဥပဒေ နှင့်အညီ နည်းလမ်းတကျချမှတ်ရာတွင် တိမ်းရှောင်ခြင်း၊ တားဆီးခြင်း၊ လိုက်နာရန်ပျက်ကွက်ခြင်း တို့ကို အရေးယူဆောင်ရွက်နိုင်ရန်အတွက် ရာဇသတ်ကြီးပုဒ်မ ၁၇၂ မှ ၁၇၄ အထိလည်း ပြဋ္ဌာန်းထား ရှိပြီးဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တရားရုံးများသို့ တရားတင်ပို့သည့်အမှုများတွင် တရားရုံးသည် သမ္မန်စာ အတည် ပြုနိုင်ရေးအတွက် တရားလိုနှင့်သက်သေများ သက်သေခံလာရောက်စေရန် အမှုပထမရုံးချိန်းတောင်း ပုံစံ(၁၀၄)နှင့် သမ္မန်စာတို့ကို သက်ဆိုင်ရာရဲစခန်းမှူးထံပေးပို့ဆောင်ရွက်စေလျက်ရှိပါကြောင်း၊ သက် ဆိုင်ရာရဲစခန်းမှူးသည် မိမိလက်ခံရရှိသည့်သမ္မန်စာကို သက်ဆိုင်ရာနယ်မြေနယ်ထိန်းတပ်ဖွဲ့ဝင် များ ကိုလည်းကောင်း၊ သီးခြားတာဝန်ပေးအပ်ထားသော ရဲတပ်ဖွဲ့ဝင်များကိုလည်းကောင်း အချိန်မီ သမ္မန် စာချအပ်နိုင်ရေး တာဝန်ပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရသည့်အတွက် တပ်ဖွဲ့ဝင် များအနေဖြင့် သက်သေများနေထိုင်သော ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများနှင့်ပေါင်းစပ်ပြီး သမ္မန်စာချအပ်ရမည့်နည်းလမ်းများအတိုင်း ဆောင်ရွက်ပြီး မိတ္တူတစ်စောင်ကို တရားရုံးသို့ ရုံးချိန်းရက်အမီ ပြန်လည်တင်သွင်းရသည့်အပြင် ရဲတပ်ဖွဲ့ဝင်များသည် သမ္မန်စာများ ရုံးချိန်းရက်အမီ အတည်ပြုနိုင်ရေးအတွက်ဆောင်ရွက်ရာတွင် အကြောင်းမဲ့ ပျက်ကွက် ခြင်း၊ ပေါ့လျော့စွာဆောင်ရွက်ခြင်းများ မရှိစေရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊

ဖွဲ့စည်းပုံအခြေခံဥပဒေအရ မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှအခွင့်အရေးရရှိစေရေးနှင့် ဥပဒေအကာအကွယ်ကိုလည်း တန်းတူညီမျှရရှိစေရေးအတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ် နှင့်အဆင့်ဆင့်သော တရားရုံးများက ဆောင်ရွက်ပေးလျက်ရှိပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့အပါအဝင် တရားစွဲအဖွဲ့အစည်းများ၊ ဥပဒေအကျိုးဆောင်များ၊ အုပ်ချုပ်ရေးအဖွဲ့ အစည်းများမှလည်း မိမိတို့ကဏ္ဍအလိုက် အလေးထားပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် တရားရုံးများက ထုတ်ဆင့်သည့် သမ္မန်စာများကို သက်သေ များထံ ရုံးချိန်းအမီဆင့်ဆိုနိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် တရားရုံးတွင်သက်သေခံရန် အကြောင်းမဲ့ပျက်ကွက်မှုမရှိစေရေး တာဝန်ရှိသူအဆင့်ဆင်‌့မှ လုပ်ထုံးလုပ်နည်းနှင့်အညီ အလေးထားကြပ်မတ် ဆောင်ရွက်လျက်ရှိပါ ကြောင်းနှင့် ရာဇဝတ်ကျင့်ထုံးဥပဒေသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ စီမံခန့်ခွဲသည့် ဥပဒေ ဖြစ်ပါသဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေပါ သမ္မန်စာချအပ်သည့်နည်းလမ်းကို ခေတ်နှင့်လျော်ညီစေရန် သုတေသနပြု၍ ရာဇဝတ်ကျင့်ထုံးဥပဒေ ပြင်ဆင်ပြဋ္ဌာန်းခြင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ဆောင်ရွက်ရန် အစီအစဉ် မရှိပါကြောင်းနှင့် သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်မည်ဆိုပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။