(ဃ)-၂၀၁၃-၁၄ ဘဏ္ဍာနှစ်ဝက်ပြည်တွင်း ပြည်ပ ရင်းနှီး မြှပ်နှံမှု အခြေအနေ၊ နိုင်ငံလုပ်ငန်း အမျိုးအစားနှင့် ရင်းနှီးမြှပ်နှံမှု ပမာဏပေါင်း၊ FDI ဥပဒေ၊ နည်း ဥပဒေနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ (၅.၈.၂၀၁၃)

ဦးဝင်းဦး (ရေဖြူ) ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ပထမ ၆ လပိုင်းအတွင်း နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ပမာဏများ နှင့်စပ်လျဉ်း၍ အဓိကသိချင်သည်မှာ မည်သည့်နိုင်ငံများက မည်သို့လုပ်ငန်းမျိုးအပေါ်တွင် စိတ်ဝင်စားစွာဖြင့် မည်မျှရင်းနှီးမြှုပ်နှံသည် ဆိုသည်ကိုလည်းကောင်း၊   ပြည်ထောင်စု လွှတ်တော်ကြီးက အတည်ပြုပြဋ္ဌာန်းပေးလိုက်သော FDI Law၊ ၎င်း နည်းဥပဒေများနှင့် ပတ်သက်၍လည်း လိုအပ်သည်များရှိပါက ပြင်ဆင်ပေးနိုင်ရန် ရင်းနှီးမြှုပ်နှံသူများ၏ အမြင်၊ တုန်ပြန့်မှုများ မည်သို့ရှိသည်ကိုလည်းကောင်း၊ ဥပမာ FDI Law ဥပဒေတွင် နိုင်ငံခြားသားများကို ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံ မှု ပေးထားခြင်း၊  နိုင်ငံသားများနှင့် ဖက်စပ်၍ စိတ်ကြိုက် ရင်းနှီးမြှုပ်နှံမှု အချိုးအစားနှင့် ခွင့်ပြုပေးထားသော်လည်း နည်းဥပဒေ တွင် တားမြစ် ကန့်သတ် ချက်များအပေါ် ၈၀ ရာခိုင်နှုန်းအထိ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးလိုက်ရခြင်း မျိုး ရှိပါကြောင်း၊ တားမြစ် ကန့်သတ်ချက်များဆိုသည်မှာ ဓလေ့ထုံးစံများ၊ သဘာဝဂေဟစနစ်များမပျက်စီးရေး၊ အထူးသဖြင့် နယ်စပ်မျဉ်းများသည်  တချို့နေရာများတွင် သေချာမသတ်မှတ်ရသေးသည့်အတွက် နယ်စပ်မျဉ်းမှ အတွင်းဘက် ၁၀ မိုင်ထိကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ မပြုလုပ်သေးရန် တားမြစ်ကန့်သတ်ခဲ့သော်လည်း အဆိုပါကန့်သတ်ချက်များကို  ၈၀ ရာခိုင်နှုန်း အထိ ခွင့်ပြုပေးလိုက်ရခြင်းမျိုးကို သတိထား၊ စဉ်းစားရန် တင်ပြလိုကြောင်း၊ ပြည်ထောင်စု လွှတ်တော်ကြီးက ပြဋ္ဌာန်းပေးလိုက်သည့် ဥပဒေတိုင်းသည် တစ်ဦးတစ်ယောက် အတွက်မဟုတ်ဘဲ နိုင်ငံနှင့်နိုင်ငံသား အားလုံးအတွက် အများကြီး စဉ်းစားပြီးမှ ခွင့်ပြုပေးခဲ့သောဥပဒေများဖြစ်ရာ အကယ်၍ လိုအပ်နေပါက ပြန်လည် ပြင်ဆင်ရန်သည် လွှတ်တော်၏ တာဝန်ဖြစ်ကြောင်း၊ အမိန့်ကြော်ငြာစာ၊ ဥပဒေ၊ နည်းဥပဒေနှင့်ပတ်သက်ပြီး ထုတ်ပြန်လာသော အမိန့် ကြော်ငြာစာများတွင် တချို့မှားယွင်းဖော်ပြထားသည့် အချက်များရှိပါကြောင်း၊ ဥပမာအားဖြင့် ခွင့်မပြုသည့် စီးပွားရေးလုပ်ငန်းများ စာရင်းထဲတွင် လျှပ်စစ်ဓာတ်အား ကုန်သွယ်ခြင်းလုပ်ငန်းကို ခွင့်မပြုကြောင်း ဆိုထားသော်လည်း ပြည်တွင်းမှ ထုတ်လုပ်သောလျှပ်စစ် ဓာတ်အားများကို တချို့နေရာများတွင်ပိုလျှံ၍ တစ်ဖက်နိုင်ငံသို့ ရောင်းရခြင်း၊ တချို့နေရာများတွင် လိုအပ်၍ တစ်ဖက်နိုင်ငံမှ ဝယ်ယူနေရခြင်းမျိုးရှိရာ၊ ယင်းကဲ့သို့ပြုလုပ်ခြင်းကို ကုန်သွယ်ခြင်း လုပ်ငန်းဟု မိမိယူဆပါကြောင်း၊ ပုံနှိပ်နှင့်အသံလွှင့်မီဒီယာလုပ်ငန်းများကို ပူးတွဲလုပ်ကိုင်ခြင်း ခွင့်မပြုဟု ဆိုထားရာ  တစ်ဦးတည်း လုပ်ပါက ခွင့်ပြု၊ မပြု ကိုမသိရှိကြောင်း၊ သို့သော် ပြန်ကြားရေးဝန်ကြီးဌာနက ဖော်ပြထားသည့် နေရာတွင် နိုင်ငံခြားဘာသာနှင့် အချိန်မှန်ထုတ်သောသတင်းစာများ၊ စာအုပ်စာတမ်းများ၊ FM ရေဒီယို အသံလွှင့်လုပ်ငန်း၊ Direct to Home (DTH) လုပ်ငန်း၊ DVD 2 လုပ်ငန်း၊ ကေဘယ်တီဗွီလုပ်ငန်း၊ ရုပ်ရှင်နှင့် ရုပ်သံရိုက်ကူးထုတ်လုပ် ဖြန့်ချီရေး လုပ်ငန်းများကို  ခွင့်ပြုထားကြောင်း၊ သစ်တောရေးရာနှင့်ပတ်သက်၍ ၂၀၁၄ ခုတွင် သစ်အလုံးလိုက် တင်ပို့ခွင့်မပြုတော့ဟု ဆိုသော်လည်း သစ်လုံးများ ထုတ်ယူ၍ ပြည်ပသို့ တင်ပို့ရောင်းချရေးခွင့်ပြုထားကြောင်း၊ ထို့ကြောင့် ဥပဒေ၊ နည်းဥပဒေများ တွင် အမိန့်ကြော်ငြာစာမှာ ထုတ်ပြန်သည့်အခါ တချို့နေရာများတွင် လွဲနေခြင်းများရှိကြောင်း၊ သစ်တောနယ်မြေကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများကို နှစ်ရှည်ငှားရမ်းပြီး သစ်ခုတ်လဲခြင်း လုပ်ငန်း ဆောင်ရွက်ခြင်းမျိုးတွင် မိမိတို့ရှိ သစ်တောများ အတော်ကုန်နေသည့်အတွက်  ထပ်မံစိုက်ပျိုးရန် လိုအပ်နေသည့်အချိန်တွင် သစ်တောနယ်မြေများကို နှစ်ရှည်ငှားရမ်းပြီး သစ်ခုတ်လှဲခြင်း လုပ်ငန်းများ ဆောင်ရွက် ခွင့်ပြုမည်ဟု ရေးထားသည့်အတွက်ကြောင့် မိမိတို့အနေဖြင့်  စဉ်းစားပြီး လိုအပ် ပါက ပြင်ဆင်သင့်ပါကြောင်း၊ လယ်ဆည်ဝန်ကြီးဌာနနှင့် ပတ်သက်၍  စိုက်ပျိုးမြေဧရိယာ ပမာဏများပြားစွာ သီးနှံစိုက်ပျိုး ထုတ်လုပ်ခြင်း လုပ်ငန်း၊ ခေတ်မီ လယ်ယာဖော်ထုတ်လုပ်ရေး လုပ်ငန်းများကို များပြားစွာ ခွင့်ပြုထားသည့်အတွက် ယခု လုပ်ကိုင်နေသော လယ်ယာမြေပြဿနာများ ဖြေရှင်း၍ မပြီးသေးချိန်တွင် ထပ်မံ၍ မလိုလားအပ်သော ပဿနာများပါ်ပေါက် လာမည်ကိုစိုးရိမ်သည့်အတွက် တင်ပြရခြင်းဖြစ်ပါကြောင်း   မေးမြန်းပါသည်။


 

ဖြေကြားသူ
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီ
အဖြေ

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီ ၂၀၁၃-၁၄ ဘဏ္ဍာနှစ် နှစ်ဝက် ၆ လပတ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုခဲ့သည့် စိုက်ပျိုးရေးလုပ်ငန်းတွင် ရင်းနှီးမြှပ်နှံမှု ပမာဏ ၂.၆ သန်း၊ စက်မှုလုပ်ငန်း ၁၃ ခု အနက် ယခင်ခွင့်ပြုခဲ့ခြင်းများနှင့် ယခုခွင့်ပြုခြင်းများပေါင်း ပါက ၅၆၉.၄၆၆ သန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ယခင်ခွင့်ပြုပြီးခြင်း များနှင့်ပေါင်းမည်ဆိုပါက ဒေါ်လာသန်းပေါင်း ၂၂၁ သန်း၊ ဝန်ဆောင်မှု လုပ်ငန်း တစ်ခု ရင်းနှီးမြှုပ်နှံမှုပမာဏ  ဝ.၃ သန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း ဒေါ်လာ ၁၇.၁၆၆ သန်း၊ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုနှင့် စီးဝင်လာမှုပမာဏ ၁၆ ခု ရှိပြီး ကျပ်သန်းပေါင်း ၈၁၀ သန်းနှင့် ယခုနှစ် အတွင်း စီးဝင်လာသော ငွေကတော့ ဒေါ်လာ ၄၈၀ သန်း၊  နိုင်ငံအလိုက် ရင်းနှီးမြုပ်နှံမှုတွင် သြစတြေးလျနိုင်ငံက ၁၇.၁၆၆ သန်း၊  ဘရူနိုင်းနိုင်ငံက လုပ်ငန်းတစ်ခု ဒေါ်လာ ၁.၂၃၃ သန်း၊ ကနေဒါက တစ်ခု ၁.၀၉၂ သန်း၊ တရုတ် ပြည်သူသမ္မတနိုင်ငံက ၃ ခု အမေရိကန် ဒေါ်လာ ၄.၈၆ သန်း၊ အိန္ဒိယနိုင်ငံမှ တစ်ခု အမေရိကန်ဒေါ်လာ ၉.၆ သန်း၊ မလေးနိုင်ငံမှ တစ်ခု အမေရိကန် ၃.၅ သန်း၊ ကိုရီးယား ပြည်သူ့သမ္မတနိုင်ငံမှ တစ်ခု ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ၃၄.၄၇၄ သန်း၊ စင်ကာပူနိုင်ငံမှ ၄ ခု နှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် အမေရိကန်ဒေါ်လာ ၁၃၆ သန်း၊ ထိုင်းနိုင်ငံမှ ၃ ခု အမေရိကန်ဒေါ်လာ ၄၁၀ ယူနိုက်တက်ကင်းတန်းမှ ၃ ခု ဒေါ်လာ ၅၂.၉၄၉ သန်း၊ ဗီယက်နမ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု ထပ်တိုးခြင်း ၁၄၀ သန်း၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွင် အဟောင်းရော၊ အသစ်ပါ ပေါင်းထားသော ကိန်းဂဏန်းတွေ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအနေနှင့် စက်မှုလုပ်ငန်း ၅ ခုတွင် ကျပ်သန်းပေါင်း ၁၉၅၇၉.၁၉ သန်း၊ ဟိုတယ်လုပ်ငန်းတစ်ခုတွင် ၇၇၇၈.၇၀ သန်း၊ ဝန်ဆောင်မှုလုပ်ငန်း ၅ ခုတွင် ကျပ်သန်းပေါင်း ၁၀၄၁၉၅.၁၁ သန်း၊ စက်မှုတည်ဆောက်မှုလုပ်ငန်း ၁ ခုအတွက် ကျပ် ၅၁၅၀၀ သန်း၊ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ၁၂ ခုအတွက် ကျပ်သန်းပေါင်း ၁၈၃၂၃၃ သန်းရှိပါကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံမှု အတွက် လေ့လာမှု၊ ဆန်းစစ်မှုတွေ ပြုလုပ်ပြီး တဖြည်းဖြည်း ဝင်ရောက်လျက်ရှိရာ ယခုနှစ် ၆ လပိုင်းတွင် ဝင်လာတာများရှိပါကြောင်း၊ အသစ်ပြဋ္ဌာန်းခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ နည်းဥပဒေနှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံသူများက ယခင်ဥပဒေထက် ပိုမိုကောင်းမွန်သော ဥပဒေအဖြစ်အသစ်ပြဋ္ဌာန်းရမှာ ဖြစ်သည့်အတွက် ပိုမို ကောင်းမွန်ပြီး ပွင့်လင်းမြင်သာမှုရှိကာ ကြိုတင်ခန့်မှန်း တွက်ဆနိုင်သော စီးပွားရေး ပတ်ဝန်းကျင်ကောင်းအတွက် လိုအပ်သည့် ဥပဒေဟု မျှော်လင့်ထားကြပါကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများက ယင်းဥပဒေသစ်ထုတ်ပြန်ခဲ့ခြင်းသည် မြန်မာနိုင်ငံအတွက် မှန်ကန်သော ပြုပြင်ပြောင်းလဲမှုဖြစ်ပြီး နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ ဖြစ်စေမည်ဟု သုံးသပ်ခဲ့ပါကြောင်း၊ ဖွံ့ဖြိုးရေးအကူအညီပေးသော Organization of Economic Coporation and Development (OECD) က ယင်းဥပဒေသစ်သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနယ်ပယ်တွင် သိသာသောပြောင်းလဲမှုဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များနှင့် ပတ်သက်၍ ဆွဲဆောင်မှုပိုမိုကောင်းမွန်လာမည့် နိုင်ငံအဖြစ်သို့ ရောက်ရှိလာမည်ဟု သုံးသပ်ပါကြောင်း၊ အသစ်ပြဋ္ဌာန်းခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ နည်းဥပဒေနှင့် ဆက်စပ်နေသည့် အမိန့်ကြေညာချက်တွေနှင့် အောက်ခြေတွင်  လက်တွေ့ (Materialize) လုပ်သည့်အချိန်သည် အင်မတန်မှ အရေးကြီးပါကြောင်း၊ အလုပ်လုပ်ရင်းဖြင့် အထက်တွင်ဦးဝင်းဦးတင်ပြခဲ့သည်ကို ထောက်ခံပြီး ပြန် လည်ပြင်ဆင်ရမည် ဆိုသည်ကိုလက်ခံပါကြောင်း၊ထို့ကြောင့် အမိန်ကြေညာချက်များကို ပြန်လည် သုံးသပ်ပြီး ပြန်လည်ပြင်ဆင်နိုင်ရေးအတွက် ၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၇ ရက်မှစတင်ကာ ဝန်ကြီးဌာနများနှင့်လည်းကောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်လည်းကောင်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်  ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့်လည်းကောင်း အသေးစိတ် ညှိနှိုင်း ပြင်ဆင်ဆောင်ရွက်လျက် ပြင်ဆင်ချက်မူကြမ်းကိုလည်း ဇူလိုင်လအတွင်း ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့  တင်ပြခဲ့ပြီးှ ထပ်မံပြင်ဆင်လျက်ရှိပါကြောင်း၊ ပြင်ဆင်ပြီးပါက ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြပြီး ပြင်ဆင် ထုတ်ပြန်သွားမှာဖြစ်ကြောင်းနှင့်  နောင်တွင်လည်း အမိန့်ကြေညာချက်များနှင့် ပတ်သက်၍ အရှေ့ အနောက် မညီညွတ်ခြင်းများကို သုံးသပ်ပြီး လိုအပ်သလို ဆက်လက်ပြင်ဆင်သွားမှာဖြစ်ကြောင်း ဖြေကြားပါသည်။