(ဈ)-ဆမ္မဆယ် အခြေခံပညာ အလယ်တန်းကျောင်းအား အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) အဆင့်သို့ တိုးမြှင့်ဖွင့်လှစ် ပေးပါရန် အစီအစီရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ (၅.၈.၂၀၁၃)

ဦးကျော်မြင့် (နောင်ချို) နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာသည် ဆမ္မဆယ်အုပ်စုတွင်တည်ရှိပြီး လူဦးရေ ၂၁၃၁ ဦးရှိသောကျေးရွာ ဖြစ်ပါကြောင်း၊ ဆမ္မဆယ် အခြေခံပညာအလယ်တန်းကျောင်းမှ နှစ်စဉ် အဋ္ဌမတန်းကျောင်းသား ၄၀ ခန့်အောင်မြင်ပြီး အထက်တန်းပညာကို ငွေကြေးတတ်နိုင်သူများ၏ သားသမီးများသာ သွားရောက်သင်ကြားနိုင်သည့်အပြင် အ.ထ.က (နောင်ချို) နှင့် သွားလာရာ တွင်လည်း အလွန်ခက်ခဲပါကြောင်း၊  ကျောင်းအတွက် လိုအပ်သော မြေဧရိယာ ၅.၄၈ ဧက ပိုင်ဆိုင်ထားပြီး ပညာရေးကို အားပေးသော ကျေးရွာတစ်ရွာဖြစ်သည့်အပြင် အထက်တန်း ကျောင်းခွဲ ဖွင့်လှစ်ခွင့်ပြုမည်ဆိုပါက ပတ်ဝန်းကျင်ကျေးရွာ မှ တက်ရောက်နိုင်သည့် ကျောင်းသား အင်အားများစွာ ရှိပါကြောင်း၊ ထို့ကြောင့် နောင်ချို  မြို့နယ်၊ ဆမ္မဆယ် အခြေခံပညာ အလယ်တန်းကျောင်းအား အခြေခံပညာ အထက်တန်းကျောင်းခွဲသို့ တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် အချိန်ကာလတွင ်ခွင့်ပြုပေးနိုင်မည်ကို သိလိုကြောင်းမေးမြန်း ပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာစန်းလွင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာစန်းလွင် ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာစန်းလွင် ပညာရေးဝန်ကြီးဌာနက ကျောင်းများကို နှစ်စဉ်အဆင့် တိုးမြှင့်ပေးလျက်ရှိရာ ထိုကဲ့သို့ အဆင့်တိုးမြှင့်ပေးနိုင်ရန် အတွက် ပထမဦးဆုံး ကျောင်းသားဦးရေ၊ နယ်မြေဒေသ အခြေ အနေတွေကို အသေးစိတ်စိစစ်ပြီး ဦးစားပေးတိုးမြှင့်ပေးမည့် အစီအစဉ်ကို မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် သက်ဆိုင်ရာ ဦးစီးဌာနတို့က ရေးဆွဲရပါကြောင်း၊  ပညာရေးဝန်ကြီးဌာနက စိစစ်ပြီး ထွက်ပေါ်လာသည့် ဦးစားပေးအစီအစဉ်ကို အခြေခံပြီး ကျောင်းများကို အဆင့်မြှင့်ပေးလျက်ရှိရာတွင် ပညာသင်နှစ် တစ်နှစ်လျှင် တစ်ကြိမ်သာဆောင်ရွက်နိုင်ပါကြောင်း၊ တစ်ကြိမ်ထက်ပိုပြီးဆောင်ရွက်မည် ဆိုပါက ပေါ်ထွက်လာသော လစ်လပ်နေရာများအတွက် ဆရာ/ဆရာမ များကို ပြောင်းရွှေ့ ရခြင်း၊ ရာထူးတိုးမြှင့် ပေးရခြင်းတို့ကြောင့်  သင်ကြားရေးအစီအစဉ်များကို ထိခိုက်နိုင်ပါကြောင်း၊ ယခု ပညာရေး ဝန်ကြီးဌာန အနေနှင့် ၂၀၁၃-၁၄ ပညာသင်နှစ်အတွက် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဦးစားပေးအစီအစဉ်အရ အခြေခံပညာ ကျောင်းပေါင်း ၄၀၅ ကျောင်းကို အဆင့်များ တိုးမြှင့်ပေးခဲ့ပြီးဖြစ်ရာ နောင်ချိုမြို့နယ်အတွင်းက အခြေခံပညာ ကျောင်းပေါင်း ၁၃ ကျောင်းပါဝင်ပြီးဖြစ်သော်လည်း ယခုတင်ပြခဲ့သောကျောင်း မပါဝင်သေးသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ပြင် နောင်ချိုမြို့နယ် ဆမ္မဆယ် အခြေခံပညာ အလယ်တန်းကျောင်းကို ယခုအချိန်တွင် အခြေခံပညာ အထက်ကျောင်းခွဲအဖြစ် တိုးမြှင့်ပေးရန် အစီအစဉ် မရှိသေး ပါကြောင်း ဖြေကြားပါသည်။