ပေါက်ခေါင်းမြို့နယ်တွင် ရှိသောကျေးရွာများမှ စာသင်ကျောင်းများ သည် ကျောင်းဥပဓိရုပ်၊ အင်္ဂါရပ်များနှင့် မညီညွတ်သော ကျောင်းများရှိနေရာ အုပ်စုပေါင်း ၃၀ တွင် ကျောင်းပေါင်း ၅၅ ကျောင်းရှိပါကြောင်း၊ အဆိုပါကျောင်းများတွင် အမိုးရှိသော်လည်း အကာမရှိခြင်း၊ အခင်းများနှင့် သန့်ရှင်းသော အိမ်သာများ ပြည့်စုံစွာမရှိခြင်း၊ မြေထပ်တွင်သာ သင်ကြား နေရခြင်းတို့ကြောင့် စိတ်အားငယ်မှုများ ဖြစ်နေကြပါကြောင်း၊ ၎င်းကျောင်းများသည် ဆက်သွယ်မှု ခက်ခဲသော တာင်ပေါ် ဒေသများဖြစ်ခြင်း၊ ဒေသခံ များသည် တောင်သူ လယ်သမားများဖြစ်ပြီး ဝင်ငွေ နည်းခြင်း၊ ပညာရေးကို စိတ်ဝင်စားသော်လည်း စားဝတ်နေရေးအတွက် အားဖြည့်နေရခြင်းတို့ကြောင့် ဖွံ့ဖြိုးတိုးတက်မှု အားနည်းရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ပေါက်ခေါင်းမြို့နယ်ရှိ ကျေးရွာများမှ ကျောင်းဥပဓိရုပ်၊ အင်္ဂါရပ်များနှင့် မညီညွတ်သော ကျောင်းများကို ပြန်လည်ပြုပြင် ပေးလျှင် ကျောင်းသား ကျောင်းသူများအတွက် ပညာရည်မြင့်မားပြီး ဖွံ့ဖြိုးတိုးတက်နိုင်သဖြင့် အဆိုပါကျောင်းများကို ပြန်လည်ပြုပြင်ပေးရန် အထူးလိုအပ်လျက်ရှိပြီး ထိုကဲ့သို့ ပြုပြင် မွမ်းမံပေးရာ တွင်လည်း နိုင်ငံတော်မှ ကူညီပံ့ပိုးနိုင်ခြင်း ရှိ/ မရှိကို သိရှိလိုကြောင်းမေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာနအနေနှင့် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် တွင် ငွေလုံးငွေရင်းခေါင်းစဉ်ဖြင့် ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းတွင် ဦးစားပေးအစီ အစဉ်အရ အခြေခံပညာကျောင်းပေါင်း ၂၁၀ အတွက် ကျောင်းဆောင်သစ်များ တည်ဆောက်ပေးမည်ဖြစ်ပြီး သုံးစွဲရန်လျာ ထားသော ဘဏ္ဍာငွေမှာ ကျပ်သန်း ၄၉၂၈ သန်း ဖြစ်ပါကြောင်း၊ အဆိုပါ ကျောင်းအသစ် တည်ဆောက်ပေးမည့် ကျောင်းပေါင်း ၂၁၀ တွင် ပေါက်ခေါင်းမြို့နယ်အတွင်းမှ အခြေခံပညာကျောင်းပေါင်း ၂၀ ပါဝင်ပြီး သုံးစွဲမည့်ဘဏ္ဍာငွေသည် ကျပ် ၄၅၃.၆ သန်းနှင့် အဆိုပါကျောင်း ၂၀ တွင် ဇွဲကွင်း အခြေခံပညာမူလတန်းကျောင်း ပါဝင်ပြီး ကျန်ရှိသော ၅၄ ကျောင်း အတွက် ပြုပြင်အသစ်တည်ဆောက်ပေးရန် အစီအစဉ်မရှိသေး ပါကြောင်း ဖြေကြားပါသည်။
