(စ)-ဌာနဆိုင်ရာ အဆင့်ဆင့်တွင် မည်သို့သော အကြောင်းကြောင့် ဝန်ထမ်း ဖွဲ့စည်းပုံအတိုင်း ပြည့်မီအောင် ခန့်ထားခြင်း မရှိသည်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ (၅.၈.၂၀၁၃)

ဦးဖေသန်း (မြေပုံ) ဝန်ကြီးဌာနများတွင် မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းနဲ့ပြည်နယ်အဆင့်၊ ဗဟိုအဆင်‌့များတွင် ဝန်ထမ်းဖွဲ့စည်းပုံအတိုင်း ပြည့်မီအောင် မခန့်ထားနိုင်သည့် အတွက် ဝန်ထမ်းများအနေဖြင့် အခက်အခဲများ ကြုံတွေ့နေရပါကြောင်း၊ တချို့ ဌာနများတွင် သုံးပုံနှစ်ပုံ ၇၀ ရာခိုင်နှုန်း စသဖြင့် မရှိကြောင်း လည်း ပြောဆိုသံများ ကြားနေရရာ ဌာနတိုင်းတွင် လုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင်  ဝန်ထမ်းများအနေဖြင့် အခက်အခဲများ ကြုံတွေ့နေပါကြောင်း၊ အလုပ်ကို မျှော်လင့်စောင့်စားနေကြသော ဘွဲ့ရ ကျောင်းသားကျောင်းသူ များလည်း ရှိနေကြပါကြောင်း၊ ထို့ပြင် တစ်မြို့နယ်မှာတွင် ဆရာဝန် တစ်ယောက်စ နှစ်ယောက်စ၊ ကျောင်းတစ်ကျောင်းမှတွင် ဆရာ တစ်ယောက်စ နှစ်ယောက်စသာ ရှိသည့်ဒေသများအနေဖြင့် နိုင်ငံက ဆင်းရဲသည့်အတွက် လွှတ်တော်က ဘတ်ဂျက်ကို ဖြတ်တောက်နေကြောင်း စသည်ဖြင့် ပြောဆိုဝေဖန်နေသံများ အား လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း ကြားသိနေကြရပါသည်။ ထိုအတွက်ကြောင့် ဌာနဆိုင်ရာတိုင်းတွင် မည်သည့်အတွက်ကြောင့် ဝန်ထမ်းများကို ဖွဲ့စည်းပုံအတိုင်း ပြည့်မီအောင် မခန့်ထားပေးနိုင်သည်ကို သိရှိလိုသည့်အတွက် ရှင်းလင်းတင်ပြပေးပါရန် တိုက်တွန်းတင်ပြပါသည်။


 

ဖြေကြားသူ
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်စန်းရီ
အဖြေ

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်စန်းရီဝန်ကြီးဌာနများတွင် အထူးသဖြင့် ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှိဌာနများတွင် ဝန်ထမ်းဖွဲ့စည်းပုံအတိုင်း အပြည့်ခန့်ထားခြင်းမပြုဘဲ ကုန်ကျစရိတ်နှင့် ဝင်ငွေ အချိုးညီညွတ် ကောင်းမွန်စေရန် တွက်ချက်ပြီး လုပ်ငန်း ပမာဏနှင့် လျော် ညီသော ဝန်ထမ်းနှင့် လုပ်သားဦးရေကိုသာ ခန့်ထားဆောင်ရွက် ခဲ့သည့် ကိစ္စများ ရှိပါကြောင်း၊ လူမှုရေးနှင့် စီမံခန့်ခွဲရေးရာ ကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိသော ဝန်ကြီးဌာနများတွင် ရုံးလုပ်ငန်းနှင့် ရုံးလုပ်ငန်းစီမံခန့်ခွဲမှုစနစ်တို့ကို တိုးတက်အောင် လုပ်ဆောင်ပြီးမှသာ ဝန်ထမ်းဦးရေကို တွက်ချက်ခန့်ထားလျက် ရှိပါကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် အစိုးရအဖွဲ့အစည်းဌာနမျိုးမှာ လုပ်ငန်းစွမ်းဆောင် ရည်မြှင့်တင်နိုင်ရေး၊ e-Government စနစ် တစ်ခုဖြစ်လာနိုင်ရေး ဆောင်ရွက် လျက်ရှိရာ လုပ်ငန်းအဖွဲ့အစည်းတွင် နည်းပညာများ တိုးတက်ပြီး စွမ်းဆောင် ရည်မြင့်မားလာပါက ဝန်ထမ်းပိုလျှံမှုများ မဖြစ်ပေါ်စေရေးအတွက်လည်း ချင်‌့ချိန်စဉ်းစား ဆောင်ရွက် လျက်ရှိပါကြောင်း၊ သို့သော်လည်း လူမှုစီးပွား ဖွံ့ဖြိုးရေးအတွက် မရှိမဖြစ်လိုအပ်သော လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနများ၏ ဖွဲ့စည်းပုံကို အပြည့်အဝ ခန့်ထားရန် ခွင့်ပြုထားပြီး ရပ်ရွာတည်ငြိမ်ရေးနှင့် အေးချမ်းသာယာရေးကို တာဝန်ယူဆောင်ရွက် လျက်ရှိသော ပြည်ထဲရေးဝန်ကြီးဌာနကိုလည်း ဖွဲ့စည်းပုံအပြည့် ခန့်ထားဆောင်ရွက်ရန် ခွင့်ပြု ထားပြီး ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ဖွဲ့စည်းပုံအတိုင်း ဝန်ထမ်းအပြည့် ခန့်ထားနိုင်ရေး ဆောင်ရွက် လျက်ရှိသော်လည်း ဝန်ထမ်းအလုံအလောက်မရနိုင်ခြင်း၊ ဘတ်ဂျက် ပြန်လည် တွက်ချက်မှုများအရ ဝန်ထမ်းအပြည့် မခန့်နိုင်သေးခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းအပြည့်ခန့်ထား နိုင်ရေး အတွက်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြပါသည်။

သို့သော် တခြား ဝန်ကြီးဌာနများတွင် မိမိတို့ လုပ်ငန်းလိုအပ်ချက်အရ ကုန်ကျစရိတ်၊ ဘတ်ချက်လိုငွေ၊ ပိုငွေ၊ အကျိုးနှင့်ရလာဒ် (Cost & Benefit)များကို ချင့်ချိန်ပြီး လက်ရှိဖွဲ့စည်းပုံထက် ပိုမိုခန့်ထားရန် လိုအပ်ပါက သတ်မှတ်ထားသော နည်းလမ်းနှင့်အညီ ဝန်ထမ်းအင်အား လိုအပ်သည့် ပမာဏအထိ ခန့်ထားနိုင်သည့်အပြင် ဖွဲ့စည်းပုံကိုလည်း လိုအပ်ပါက ပြင်ဆင်ရေးဆွဲနိုင်ကြောင်း ရှင်းလင်းဖြေကြား အပ်ပါသည်။