ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း အကျဉ်းချုပ်

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ (၁၄.၂.၂၀၁၈)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၇)ရက်မြောက်နေ့


အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်


(၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄  ရက်)


၁။    ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၇)ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်( ၄၃၃ )ဦးအနက် ( ၃၇၃ )ဦး တက်ရောက်သည်။


၂။    လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
    

(က)    ကြယ်ပွင့်ပြမေးခွန်း(၆)ခု မေးမြန်းဖြေကြားခြင်း
        

(၁)    ဦးစိုင်းငေါင်းဆိုင်ဟိန်း၊ မောက်မယ်မဲဆန္ဒနယ်မှ မေးမြန်းသော ယာဉ်မတော်တဆ ဖြစ်စဉ်များ လျော့နည်းပပျောက်စေရန် ရန်ကုန် - နေပြည်တော် - မန္တလေး အမြန် လမ်းမကြီးအား ခေတ်မီ(၄)လမ်းသွား အဆင့်တိုးမြှင့်ဆောင်ရွက်ပေးခြင်းနှင့်အဆင့်မီ လုံခြုံရေး အထောက်အကူပြုပစ္စည်းများ တပ်ဆင်ထိန်းကျောင်းပေးခြင်း၊ မော်တော် ယာဉ်နှင့်ပတ်သက်၍ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို အထူးစီမံချက်များ ရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက အဆင့် မြှင့်တင် ဆောင်ရွက်သွားဖို့အတွက် ADB မှ ချေးငွေကို Cabinet ကနေ ခွင့်ပြုပြီး ဖြစ်၍ ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာပေးပို့တင်ပြပြီး ပထမဆုံးမိုင် (၄၀) ခန့်ကို နိုင်ငံတကာအဆင့်မီ အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးတစ်လျှောက် ဖြစ်ပေါ်နေသည့် ယာဉ်မတော်တဆ ဖြစ်စဉ်များ လျော့နည်းပပျောက်ရန်အတွက် မိမိတို့ဝန်ကြီးဌာနအနေနှင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
        

(၂)    ဦးမောင်မြင့်၊ မင်းကင်းမဲဆန္ဒနယ်မှ မေးမြန်းသော လာဘို့ရွာ - မင်းကင်းလမ်း ကြောင်းပေါ်ရှိ ညောင်ကုန်းတံတားကို ခံနိုင်ဝန်အတိုင်းသာ ဖြတ်သန်းခွင့်ပြုရန်၊ ကွန်ကရစ်မခင်းရသေးသော လမ်းပိုင်း ၆ မိုင်ကို အမြန်ခင်းပေးရန်နှင့်ပျက်စီးသွား သော ကွန်ကရစ်လမ်းပိုင်းများ အမြန်ပြုပြင်ပေးရန် မေးခွန်းနှင့်စပ်လျဉ်း၍  ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက တန်ပိုယာဉ်များ ဖြတ်သန်းသွားလာခြင်းမပြုစေရန်အတွက် တန်ပိုထိန်းသိမ်းရေးအဖွဲ့များနှင့်စောင့်ကြည့် စစ်ဆေးလျက်ရှိပါကြောင်းနှင့်ဘီးလမ်း ၂ လမ်းကြား မြေသားကို ကွန်ကရစ်အပြည့် ခင်းရန် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး ရန်ပုံငွေမှာ လျာထား တင်ပြထားပြီးဖြစ်သည့်အတွက် ခွင့်ပြုရန်ပုံငွေ ရရှိမှုပေါ်မူတည်ပြီး လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
        

(၃)    ဦးအာမိုးဆီ၊ ခေါင်လန်ဖူးမဲဆန္ဒနယ်မှ မေးမြန်းသော ခေါင်လန်ဖူးမြို့အတွင်းရှိ ပြည်သူလူထုအမှန်တကယ်လိုအပ်သော လမ်းနှင့်တံတားများ ပြုလုပ်ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက လမ်းအဆင့်သတ်မှတ်ချက်အရ Class (A) ပါဝင်သော လမ်းနှင့်တံတားများကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်မတိုင်မီ ရာသီမရွေး သွားလာနိုင်သော လမ်းနှင့်တံတားများအဖြစ် ပြုပြင်တည်ဆောက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
        

(၄)    ဦးလင်းလင်းဦး၊ တနိုင်းမဲဆန္ဒနယ်မှ မေးမြန်းသော မြစ်ကြီးနား - နမ္မတီး -တနိုင်း - ရှင်ဗွေယန် - တဒက်ခ - ပန်းဆောင်လမ်းကို ကတ္တရာလမ်းခင်းနိုင်ရန် မည်ကဲ့သို့ စီမံဆောင်ရွက်နေသည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက အဆိုပါလမ်းသည် လုံခြုံရေး   မကောင်းသော်လည်း ပြည်သူလူထုများ သွားလာနေရသောကြောင့် B.O.T ကုမ္ပဏီ ကို မိုင် ၂၀ သာ ဆောင်ရွက်စေပြီး ကျန် (၁၂၄)မိုင် (၁)ဖာလုံအား ဆောက်လုပ်ရေး ဝန်ကြီးဌာန ဝန်ထမ်းများဖြင့် လမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
        

(၅)    ဦးကျော်တင်၊ ဆောမဲဆန္ဒနယ်မှ မေးမြန်းသော ဆောမြို့နယ်အတွင်းရှိ တပြင်း ကျေးရွာမှ ကျောက်လိပ်ကျေးရွာအထိ (၁၈)မိုင်အရှည် ကျောက်ချောလမ်းအား ကွန်ကရစ် သို့မဟုတ် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် မတိုင်မီရန်ပုံငွေ ရရှိမှုပေါ်မူတည်ပြီး ကတ္တရာ  သို့မဟုတ် ကွန်ကရစ်လမ်းများအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်းပြန်လည်ဖြေကြားခဲ့သည်။
        

(၆)    ဦးထွန်းထွန်းနိုင်၊ ကနီမဲဆန္ဒနယ်မှ မေးမြန်းသော ကနီ - ကင်းလမ်းအူကြောင်း ပိုင်းအား ကျေးရွာအများအပြား လက်လှမ်းမီ အသုံးပြုနိုင်သော လမ်းအူကြောင်း တစ်ခုဖြစ်စေရန် ပြောင်းလဲဖောက်လုပ်ပေးနိုင်ခြင်း ရှိ/မရှိ  မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ အသစ်ဖွဲ့စည်းထားသည့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနကို တာဝန်ပေးအပ်၍ ပထမဦးစွာ လမ်းအူကြောင်းသစ်ရှာဖွေ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(ခ)    ဥပဒေကြမ်း(၁)ခုနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ထပ်မံဖတ်ကြား ရှင်းလင်းခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း
        ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက တင်သွင်းသည့် မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာ ထပ်မံဖတ်ကြားပြီး ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာ တင်ပြချက်အတိုင်း ထပ်မံစိစစ်ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့သွားမည်ဖြစ်ကြောင်း အတည်ပြုသည်။
    

(ဂ)    အဆို(၁)ခုဆွေးနွေခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း
        ဒေါ်နန်းခမ်းအေး၊ နမ္မတူမဲဆန္ဒနယ်က တင်သွင်းသည့် ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရဌာနအဖွဲ့အစည်းများအနေဖြင့် တင်ဒါများအား ခေါ်ယူဆောင်ရွက်ရာတွင် လုပ်ငန်းနှင့်သက်ဆိုင်သော ပစ္စည်းများ၏သယ်ယူပို့ဆောင်ခစရိတ်များနှင့် နည်းပညာ အရ ဝန်ကြီးဌာနမှ လုပ်ဆောင်ရန် မလိုသော လုပ်ငန်းတစ်ခုလုံးအပြီး ဆောင်ရွက်ရသည့် လုပ်ငန်းများကို တင်ဒါမခေါ်ဘဲ ကန်ထရိုက်ရ တင်ဒါအောင်မြင်သူတစ်ဦးကဲ့သို့ လုပ်ကိုင် ဆောင်ရွက်နေခြင်း၊ ညွှန်ကြားချက်များ၊ လုပ်ငန်းလမ်းညွှန်ချက်များနှင့်ကွဲလွဲစွာ ဆောင် ရွက်နေခြင်းတို့ကို ညွှန်ကြားချက်များ၊ လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ အမြန်ဆုံး လိုက်နာဆောင်ရွက်ရန်နှင့်တင်ဒါပေးရာတွင် ဒေသနှင့်ကိုက်ညီသော ပြီးပြည့်စုံသည့် လုပ်ငန်း ပုံစံ(Drawing)များနှင့် တွက်ချက်မှု (Estimate)များကို သက်ဆိုင်ရာဝန်ကြီးဌာနမှသာ တာဝန်ယူဆောင်ရွက်ပေးပြီး ဈေးနှုန်း(Rate)များကို တင်ဒါဆွဲမည့် ကုမ္ပဏီများကို ထည့်သွင်းရေးဆွဲစေခြင်းဖြင့် မျှတစွာ ယှဉ်ပြိုင်မှုကို ဖော်ဆောင်ပေးရန် အဆိုကို ကိုယ်စားလှယ်(၁၁)ဦးမှ ဆွေးနွေးပြီး မဲခွဲဆုံးဖြတ်ရာ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ဆုံးဖြတ်ခဲ့သည်။

၃။    အစည်းအဝေးကို နေ့လယ်( ၁၂ )နာရီ(၃၀)မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၁၅.၂.၂၀၁၈ ရက် (ကြာသပတေးနေ့)  နံနက် ၁၀ နာ ရီ တွင် လျာထားပါသည်။