(ခ)-လာဘို့ရွာ-မင်းကင်း လမ်းကြောင်းပေါ်ရှိ ညောင်ကုန်းတံတားကို ခံနိုင်ဝန်အတိုင်းသာ ဖြတ်သန်းခွင့်ပြုရန်၊ ကွန်ကရစ်မခင်းရသေးသော လမ်းပိုင်း ၆ မိုင်ကို အမြန်ခင်းပေးရန်နှင့် ပျက်စီးသွားသော ကွန်ကရစ်လမ်းပိုင်းများ အမြန်ပြုပြင်ပေးရန်တို့နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ (၁၄.၂.၂၀၁၈)

မုံရွာ-ယာကြီး-ကလေးဝကားလမ်းသည် ကလေးဝ-တမူးနှင့် ချင်းပြည်နယ်(မြောက်ပိုင်း)ကို မဟာဗျူဟာကျကျထောက်ပံ့ပေးနိုင်သည့် လမ်းကြောင်းတစ်ခုဖြစ်ပြီး တပ်မတော် အစိုးရလက်ထက်က ဖောက်လုပ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ သို့သော် အဆိုပါလမ်းပိုင်းတွင် မြေသားမကောင်းသော အစိတ် အပိုင်း မိုင် ၂၀ ခန့်ရှိပြီး မိုးတွင်းတွင် မြေကျွံ၊ ဗွက်ပေါက်လေ့ရှိပါကြောင်း၊ ယာကြီး-ကလေးဝ ကားလမ်းသည် အိန္ဒိယ-မြန်မာ-ထိုင်း Trilateral Linkage တွင်လည်း အကျုံးဝင်သောလမ်း ဖြစ်သည့် အတွက် မြန်မာဘက်ကလည်း အိန္ဒိယဘက်ကပြုပြင်ပေးမည့်အချိန်ကို စောင့်ဆိုင်းပြီး ကြီးမားသော ပြုပြင်ထိန်းသိမ်းမှုမရှိခဲ့ပါကြောင်း၊ ၎င်းလမ်းတွင် လာဘို့ရွာမှ ၂၆ မိုင်အကွာအဝေးရှိသော မင်းကင်းမြို့ ကို Concrete Tract လမ်း စတင်ပြီး လွန်ခဲ့သည့် နှစ်နှစ်က ခင်းခဲ့ပါကြောင်း၊ မနှစ်က ပွင့်လင်းရာသီအထိ စုစုပေါင်း မိုင် ၂၀ ပြီးစီးသွားပြီ ဖြစ်ပါကြောင်း၊ အလားတူ လာဘို့နှင့် မင်းကင်း လမ်းကြောင်းရှိ ပုထိုးလုံးချောင်းကိုလည်း ပေ ၆၀၀ ရှည် တံတားတစ်စင်း တည်ဆောက်ပြီးစီးသွားပြီ ဖြစ်ပါကြောင်း၊ တစ်ဖန်မင်းကင်းက ယာကြီး-ကလေးဝလမ်းပေါ်ရှိ တောင်တွင်းဒေသမြို့မရွာအထိ ကိုလည်း မြေသားလမ်းနှင့်ကျောက်ချောလမ်းအပိုင်းလိုက်ခင်းပြီး ဖြစ်သည့်အတွက် လမ်းပန်းဆက် သွယ်ရေးသည် တစ်ချိန်ကကဲ့သို့ ချင်းတွင်းမြစ်ကြောင်းတစ်ခုတည်းကိုသာ အားကိုးရသော အချိန်မှ ကားလမ်းကိုပါအသုံးပြုနိုင်သည့်အတွက် ပိုမိုပြီးမြန်ဆန်သွက်လက်လာခဲ့ပါကြောင်း၊ သို့သော် ပြီးခဲ့သည့် မိုးတွင်းတွင် လာဘို့-တောင်တွင်းလမ်းပိုင်းသည် သွားလာမရသည့်ကာလက များနေသည့် အတွက် မော်တော်ယာဉ်အများစုက မုံရွာ-လာဘို့-မြို့မ-ကလေးဝလမ်းအစား မုံရွာ-လာဘို့-မင်းကင်း-မြို့မ-ကလေးဝလမ်းကို ပိုမိုအသုံးပြုလာကြပါကြောင်း၊ လာဘို့-မင်းကင်းလမ်းက Concrete Tract လမ်းသာဖြစ်ပြီး ကွန်ကရစ်တစ်လွှာသာခင်းထားသည့်အတွက် တန်ချိန် ၂၀၊ ၂၅ ရှိ မော်တော်ယာဉ်များ ရေရှည်တွင် သွားလာရေးအဆင်မပြေနိုင်ပါကြောင်း၊ ပြီးခဲ့သည့်မိုးတွင်းတွင် တန်ချိန်များသည့် ကားများ သွားလာသည့်အတွက် ပူပူနွေးနွေးခင်းထားသော လမ်းကြီးသည် ကွန်ကရစ်များကျိုးပျက်၊ ကားများလည်း ဗွက်နစ်ပြီး ရက်ပိုင်းမျှသွားလာမှုပြတ်တောက်ခဲ့ရပြီး ပိတ်မိနေသောကားများကိုလည်း Backhoe များ၊ Budoza များနှင့် ဆွဲထုတ်ခဲ့ရသည့် အနေအထားဖြစ်ပါကြောင်း၊ ၎င်းလမ်းကို ဆောက်လုပ်ရေး ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့်သွားရောက်စစ်ဆေးပြီး လိုအပ်သောပြုပြင်မှုများ ဆောင်ရွက်ပေးခဲ့သည့်အတွက် အဆင်ပြေသွားပါကြောင်း၊ ကွန်ကရစ်မခင်းရသေးသော မြေသားလမ်း ၆ မိုင်ကိုလည်း မနေ့ကထိ နောက်ဆုံးရသတင်းအရ အားလုံးနီးပါးခင်းပြီးသွားပြီဟု သိရပါကြောင်း၊ သို့သော် လာမည့်ကာလများတွင် တန်ချိန်များသောကားများ ဖြတ်သန်းမောင်းနှင်နေဦးမည်ဆိုပါက မနှစ်ကကဲ့သို့  ကွန်ကရစ်လမ်းများကျိုးကြေပြီး သွားလာမရအောင် ပျက်စီးဦးမည်ဟု  မိမိယုံကြည် ပါကြောင်း၊ အထူးသဖြင့် ပေ ၆၀၀ ရှည် ညောင်ကုန်းတံတားက ခံနိုင်ဝန် ၁၃ တန်ဟု ရေးထားပါကြောင်း၊ ဘေလီတံတားသာ ဖြစ်သည့်အတွက် ၁၃ တန်ထက်များသည့် ကားကြီးများ ဖြတ်သန်းသွားလာသည့်အတွက် စစ်ဆေးကြပ်မတ်မှုမလုပ်ပါက တံတား၏ကြံ့ခိုင်မှု၊ ရေရှည်ယာဉ်ခံ နိုင်မှုကို မေးခွန်းထုတ်စရာဖြစ်လာပါကြောင်း၊ အကယ်၍ ၎င်းတံတားက ကျိုးလို့ပျက်စီးမည်ဆိုပါက နွေ၊ မိုး၊ ဆောင်း အမြဲတမ်းရေရှိနေသော သဲချောင်းဖြစ်သည့်အတွက် ကားများဖြတ်သန်းနိုင်မည်  အနေအထားမရှိပါကြောင်း၊ ယခုမေးခွန်းကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့က မိမိ မေးမြန်းခဲ့ပါကြောင်း၊ မေးခွန်းတွင် သုံးခုပါပါကြောင်း၊ (ခ)အချက်ဖြစ်သော ကွန်ကရစ်လမ်းမခင်း ရသေးသော ၆ မိုင်ကို ခင်းပြီးသွားပြီ ဖြစ်ပါကြောင်း၊ ပျက်စီးသွားသောလမ်းပိုင်းများကိုလည်း ပြန်လည်ပြင်ဆင်ပြီးပြီ ဖြစ်ပါကြောင်း၊ သို့သော်လည်း အရေးကြီးဆုံးအချက်က ညောင်ကုန်းတံတား သည် ၁၃ တန်သာ ခံနိုင်ဝန်ရှိသည်ကို အလွန် Weight များနေသော ကားကြီးများ ဖြတ်သန်းခွင့်ပြုမည် ဆိုပါက တံတားတစ်ခုတည်းသာမက ကွန်ကရစ်လမ်းသည်လည်း ရေရှည်တွင်ပျက်စီးဦးမည်ဖြစ်သည့် အတွက် ဝန်ကြီးဌာနအနေဖြင့် စိစစ်ကြပ်မတ်ပေးရန်အတွက် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

လာဘို့-မင်းကင်းလမ်းပေါ်ရှိ ညောင်ကုန်းတံတားသည် (၁)လွှာ (၁)ထပ်ဘေလီတံတားဖြစ်သည့် အတွက် ၁၃ တန်သာဖြတ်သန်းသွားလာခွင့်ပြုကြောင်း၊ ခံနိုင်ဝန်တန်ချိန်ကိုလည်း သတိပေးဆိုင်းဘုတ် စိုက်ထူထားရှိပြီး ဖြစ်ပါကြောင်း၊ တန်ပိုယာဉ်များဖြတ်သန်း သွားလာခြင်းမပြုစေရန်အတွက် မြို့နယ် အတွင်း ဖွဲ့စည်းထားသော တန်ပိုထိန်းသိမ်းရေးအဖွဲ့များနှင့် စောင့်ကြပ်စစ်ဆေးလျက်ရှိပါကြောင်း၊ လာဘို့-မင်းကင်းလမ်းတွင် ကွန်ကရစ်လမ်းခင်းရန်ကျန်ရှိသော  ၆ မိုင်ကို ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီးရန်ပုံငွေကျပ် ၈၄၉ သန်းဖြင့် လမ်းဦးစီးဌာနမှ ၃ မိုင်၊ တင်ဒါစနစ်ဖြင့် ကုမ္ပဏီ များမှ ၃ မိုင် ဆောင်ရွက်လျက်ရှိရာတွင် ယခုအခါ ၅ မိုင် ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ၏ Connectivity နှင့်ပတ်သက်သောအစည်းအဝေးကို လစဉ် မိမိတို့ ဆောင်ရွက်ပါကြောင်း၊ ပြီးခဲသည့်လက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြပါကြောင်း၊ တမူးမှ ကလေးဝ အထိလမ်းကြောင်း၊ တမူးနှင့် ကလေးဝမှ ယာကြီးအထိ ၇၅ မိုင် အိန္ဒိယမှဖောက်လုပ်ပေးမည့် လမ်းကြောင်းပေါ်ရှိ တံတားများ၊ တီးတိန်နှင့် ရိခ်လမ်းကြောင်း၊ ပလက်ဝ-ကလက်ဝ-မြေဝါလမ်းကြောင်း  စသည်ဖြင့် အဆိုပါလမ်းသုံးသွယ်ကို အဓိကဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ ယနေ့ နေ့လယ်တစ်နာရီတွင်လည်း အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ Connectivity အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ဦးဆောင်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနရုံး(၁၁)တွင် ဆွေးနွေးမည်ဖြစ်ပါကြောင်း၊  လစဉ် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ပြီး ဝိုင်းဝန်းဆွေးနွေးကြပါကြောင်း၊ အိန္ဒိယက ဖောက်လုပ်ပေးမည့် လာဘို့-မင်းကင်းအပိုင်းရှိ မိုင် ၂၀ Strong ping ဧရိယာဖြစ်နေသည့်အပိုင်းကို တိုးတက်ပြုပြင်မည့် အပိုင်းများလည်း ယနေ့ဆွေးနွေးကြမည် ဖြစ်ပါကြောင်း၊

မိုးဒဏ်ကြောင့် ပျက်စီးသွားသော မိုင်(၆/၇)နှင့် မိုင်(၇/၄)ကြားရှိ ကွန်ကရစ်လမ်းပိုင်းများကိုလည်း ယာဉ်သွားလာမှုမပြတ်တောက်စေရေးအတွက် ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဘီးလမ်းနှစ်လမ်းကြားမြေသားကို ကွန်ကရစ်အပြည့်ခင်းရန်အတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီးရန်ပုံငွေတွင် လျာထားပြီးဖြစ်သည့်အတွက် ခွင့်ပြုရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး လုပ်ငန်းများဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။