အဆိုပါလမ်းပိုင်းသည် ကနီမှ ကင်းအထိ ၃၈ မိုင်ရှည်လျားသည့် လမ်းဖြစ်ပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အထိ ကတ္တရာလမ်း ၄ မိုင် ၁ဖာလုံခွဲနှင့် အမာခံလမ်း ၁ မိုင် ၆ ဖာလုံခွဲ တို့ကို ဖောက်လုပ်ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ကျန်သည့် ၃၂ မိုင်သည် မြေလမ်းအဆင့်များသာ ရှိပါကြောင်း၊ ၎င်းလမ်းပိုင်းသည် ယခင်အစိုးရလက်ထက်မှ စတင်ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး တောင်ကုန်း၊ တောင်ထိပ် တစ်လျှောက် သစ်တောကြိုးဝိုင်းများကို ဖြတ်ပြီးဖောက်လုပ်ထားခြင်းဖြစ်ပါကြောင်း၊ ထိုလမ်းကြောင်း အတိုင်း ဆက်လက်ဆောင်ရွက်မယ်ဆိုလျှင် ဒေသခံပြည်သူများအတွက် အသုံးဝင်မှုအလွန်နည်း မည်ဖြစ်ပြီး အမှန်တကယ်အသုံးဝင်နိုင်မည့်လမ်းဖြစ်ရန် ယခုကဲ့သ့ို တောင်ကုန်းထိပ်တစ်လျှောက် လမ်းအူကြောင်း ဖောက်လုပ်ဆောင်ရွက်ခြင်းထက် ၎င်းတောင်ခြေ မြစ်ကြောင်းတစ်လျှောက် ကျေးရွာများ လက်လှမ်းမီ အသုံးပြုနိုင်မည့်လမ်းကြောင်းကိုသာ ရွေးချယ်ဖောက်လုပ်ပေးသင့်ပါကြောင်း၊ တောင်ခြေ မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများသည် ချင်းတွင်းမြစ်ရေကြောင်းတစ်ခုတည်း အသုံးပြုနေရသည့် အတွက် လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲပါကြောင်း၊ ဒေသခံများအနေဖြင့် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေနိုင်ရန် တောင်ခြေမြစ်ချောင်းတစ်လျှောက် ကိုယ်ထူကိုယ်ထလမ်းများဖောက်ရန် ကြိုးစားလျက် ရှိရာ ယခုဆိုလျှင် ခရီးပေါက်နေပြီ ဖြစ်ပါကြောင်း၊
တောင်ခြေမြစ်ကြောင်းတစ်လျှောက် ကျေးရွာများအနေဖြင့် တောင်ခြေတစ်လျှောက် ကိုယ်ထူကိုယ်ထ လမ်းတစ်ခု ဖောက်လုပ်နိုင်ရန် အားတက်သရောကြိုးစားသော်လည်း ဝန်နှင့်အားမမျှပါကြောင်း၊ ထို့ကြောင့် အစိုးရ၏ ကူညီပံ့ပိုးမှုများကိုလည်း အများကြီးမျှော်လင့်လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာန အနေနှင့်လည်း ပြည်သူများ၏ လမ်းတံတားအခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် တာဝန်ရှိပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူများ၏လမ်းတံတား လိုအပ်ချက်ကို ဆောင်ရွက်ပေးရမည့်အတူတူ အကျိုးမရှိသည့်လမ်းအူကြောင်းအစား ပြည်သူလူထု အသုံးဝင်မည့် လမ်း ကြောင်းကို ပြောင်းလဲဖောက်လုပ်ပေးခြင်းဖြင့် နိုင်ငံ့ဘဏ္ဍာလေလွင့် ဆုံးရှုံးမှုလျော့နည်းစေသည့်အပြင် ထိရောက်သော ဘဏ္ဍာငွေသုံးစွဲမှုတစ်ခု ဖြစ်လာနိုင်ရန် မေးမြန်းခြင်းဖြစ်ပါကြောင်း၊
ကနီ-မင်းကင်း-တောင်တွင်းချောင်လမ်းပိုင်းသည် မိုင်(ဝ/၀)မှ (၈၀/၆)အထိ ၈၀ မိုင် ၆ ဖာလုံရှည်လျားပြီး ပြည်ထောင်စုအစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်း၏ ကနီ-ကင်းလမ်းအပိုင်းသည် ကနီ မိုင်(ဝ/၀)မှ ကင်းရွာ မိုင်(၃၈/ဝ)ထိ ၃၈ မိုင်ရှည်လျားပြီး သစ်ထုတ်လုပ်ရေးလမ်းနှင့် လူသွား လမ်းတို့ကို အခြေခံပြီး ဖောက်လုပ်ထားသောလမ်းအပိုင်း ဖြစ်ပါကြောင်း၊
လက်ရှိဖောက်လုပ်ထားသည့်လမ်းကြောင်းသည် ကျေးရွာသုံးရွာကို ဖြတ်သန်းဖောက်လုပ်ထားပြီး ယခုအဆိုပြုသည့်လမ်းကြောင်းသည် ချင်းတွင်းမြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာပေါင်း ၂၁ ရွာ၊ လူဦးရေပေါင်း ၁၆၀၀၀ ကျော်ကို အကျိုးပြုမယ့်လမ်းကြောင်းဖြစ်သဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အသစ်ဖွဲ့စည်းထားသည့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအား တာဝန်ပေးအပ်၍ ပထမဦးစွာ လမ်းအူကြောင်းအသစ် ရှာဖွေဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
