ယာဉ်မတော်တဆဖြစ်စဉ်များ လျော့နည်းပပျောက်စေရန် ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမ ကြီးအား ခေတ်မီသော(၄)လမ်းသွား အဆင့်တိုးမြှင့်ဆောင်ရွက်ပေးခြင်းနှင့် အဆင့်မီလုံခြုံရေး အထောက်အကူပြုပစ္စည်းများ တပ်ဆင်ထိန်းကျောင်းပေးခြင်း၊ မော်တော်ယာဉ်နှင့် ပတ်သက်၍ လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများကို အထူးစီမံချက်များရေးဆွဲ၍ အကောင်အထည် ဖော်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိတို့နိုင်ငံ၌ ယာဉ်အန္တရာယ်ကြောင့် သေဆုံး၊ ဒဏ်ရာရရှိမှုနှုန်းထားသည် အာဆီယံနိုင်ငံများတွင် ထိုင်း၊ ဗီယက်နမ်၊ မလေးရှားနိုင်ငံတို့ပြီးလျှင် စတုတ္ထအဖြစ်အများဆုံး နိုင်ငံဖြစ်နေကြောင်း ပို့ဆောင်ဆက်သွယ် ရေးဝန်ကြီးဌာန၏ သတင်းအချက်အလက်များအရ သိရှိရပါကြောင်း၊ မိမိတို့နိုင်ငံရှိ လက်ရှိယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများလေ့လာကြည့်လျှင်လည်း အားနည်းချက်၊ လိုအပ်ချက်များစွာ ရှိနေသေးသည်ကို မြင်တွေ့နေရပါကြောင်း၊ အမြန်လမ်းပေါ်တွင် ကီလိုမီတာ ၁၀၀ အထက် ပိုမိုမောင်းနှင်ခြင်းမပြုရန် မြို့တွင်းလမ်းများတွင် ကီလိုမီတာ ၆၀၊ ကီလိုမီတာ ၃၀ စသဖြင့် ပိုမိုမောင်းနှင်ခြင်းမပြုရန် သတိပေးဆိုင်းဘုတ်များ စိုက်ထူထားသော်လည်း ပိုမိုမောင်းနှင်ကြသဖြင့် မိမိတို့ပြဋ္ဌာန်းထားသော စည်းမျဉ်းစည်းကမ်းကို မိမိတို့ကိုယ်တိုင် မလိုက်နာသကဲ့သို့ ဖော်ပြနေပါကြောင်း၊ ရန်ကုန်-နေပြည်တော်-မန္တလေးအမြန် လမ်းမကြီးပေါ်ရှိ စောင့်ကြည့်ကင်မရာများမှ အရှိန်ဖမ်းနှုန်း၊ အရှိန်ဖမ်းစက်၊ အမြန်နှုန်းဖမ်းစက်တို့မှလည်း တိကျစွာ မဖော်ပြနိုင်ခြင်း၊ ချို့ယွင်းနေခြင်းတို့ကြောင့် အားကိုးအားထား၍ မရနိုင်ပါကြောင်း၊ ၁-၈-၂၀၁၇ ရက်နေ့တွင် အမြန်လမ်းပေါ်၌ သတ်မှတ်ကီလိုမီတာဖြင့် ပိုမိုမောင်းနှင်ပါက ဒဏ်ငွေ ငါးသောင်းရိုက်မည်ဖြစ်ပြီး စမ်းသတ်ကာလအားဖြင့် တစ်လညွှန်ကြား၍ အကောင်အထည် ဖော်ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ Express ခရီးသည်ယာဉ်များ တစ်နာရီလျှင် ၉၀ ကီလိုမီတာ ကုန်တင်ဝန်၊ ဝန်လေး၊ တစ်နာရီလျှင် ၆၀ ကီလိုမီတာ လူစီး Salon Station Wacom Double Cap တစ်နာရီလျှင်ကီလိုမီတာ ၁၀၀ ပိုမိုမောင်းနှင်ခြင်းမပြုရန် ညွှန်ကြားထားပြီး ရွှေ့လျားအဖွဲ့အရှိန်ဖြင့် အရှိန်ဖမ်း၊ အမြန်နှုန်းဖမ်းစက်များဖြင့် စောင့်ကြည့်စိစစ်သွားမည်ဟု သိရှိရပါကြောင်း၊ သတ်မှတ်ဒဏ်ငွေနည်းပါးသဖြင့် လိုက်နာကျင့်ကြံမှုအားနည်းနိုင်ပါကြောင်း၊ အမြန်လမ်းမကြီးကို ခေတ်မီလေးလမ်းသွားစနစ် တိုးချဲ့ဆောင်ရွက်ပေးခြင်း စနစ်ကျသော စောင့်ကြည့်ကင်မရာမှ မှတ်တမ်းတင်စိစစ်ပေးခြင်းဖြင့် ပိုမိုတိကျကောင်းမွန်သော ရလဒ်ကိုရရှိနိုင်မည် ဖြစ်ပါကြောင်း၊ ဒဏ်ငွေရိုက်ခြင်းနှစ်မျိုးဖြင့် ကောင်းမွန်သောယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖြစ်မလာနိုင်ပါကြောင်း၊
မှန်ကန်သော အချက်ပြမီးစနစ်နှင့်ပတ်သက်၍ ၁၉၈၉ ခုနှစ် မော်တော်ယာဉ်နည်းဥပဒေအရ အနောက်ဘက်မှ မော်တော်ယာဉ်အား ကျော်တက်နိုင်ကြောင်း လယ်ယာဘက်မီးဖြင့် အချက်ပြရန် သတ်မှတ်ထားသော်လည်း လက်ရှိမော်တော်ယာဉ်အများစုမှာ လက်ယာဘက်နောက်မီးပြလျှင် လမ်းမရှင်းသေး ညာဘက်နှင့်ကပ်ထားရန် လက်ဝဲဘက်နောက်မီး ပြပါက လမ်းကြောင်းရှင်း၍ကျော်တက်နိုင်ကြောင်း သုံးစွဲခဲ့သည်မှာ ကာလကြာမြင့်ပြီဖြစ်ပါတယ်။ လမ်းကျဉ်းမြောင်းသော တောင်ပေါ်ဒေသ အကွေ့အကောက်များသော ဒေသတွင် ယနေ့အချိန်ထိ သုံးစွဲနေကြဆဲ ဖြစ်ပါကြောင်း၊ အချက်ပြနည်းစနစ်နှစ်ခုမှာ လုံးဝဆန့်ကျင်ဘက်ဖြစ်နေပါကြောင်း၊ ဤလက်ယာဘက်စနစ်ဖြင့် ကျော်တက်ရန် အချက်ပြစနစ်ကို ၁-၉-၂၀၁၇ ရက်နေ့ နံနက် ၆ နာရီမှ စ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း စတင်ကျင့်သုံးကြရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ အထူးမေတ္တာရပ်ခံချက် လက်ကမ်းစာစောင်များကို ပုံနှင့်တကွ ဖြန့်ဝေထားပါကြောင်း၊ ပြည်သူလူထုအများဆုံးသုံးစွဲသော လမ်းပိုင်းများကို အဆင့်မီချဲ့ထွင်ပေးရန် လိုအပ်ပါကြောင်း၊ ယခုဆိုရင်လည်း အမြန်လမ်းမကြီး၏ လမ်းလယ်ကျွန်းများကို ပြန်လည်ဖျက်စီးပြီးမှ ပြုပြင်နေသည်ကို တွေ့မြင်နေရပါကြောင်း၊
တိကျသော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို နိုင်ငံသားများတစ်ပြေးညီ လိုက်နာကျင့်သုံးခြင်းဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို မြှင့်တင်ရာ ရောက်စေပါကြောင်း၊ မိမိတို့နိုင်ငံတွင် နောင်လာမည့်အနာဂတ်၌ မော်တော်ယာဉ်စီးရေများ ထပ်မံတိုးပွားလာမည် ဖြစ်သကဲ့သို့ မော်တော်ယာဉ်အသုံးပြုသူမှာလည်း တိုးတက်များပြားလာမည်မှာ အသေချာဆုံးသော ပြောင်းလဲမှုနှင့် စိန်ခေါ်မှုများဖြစ်ပါကြောင်း၊ ယာဉ်မတော်တဆဖြစ်စဉ်များ လျော့နည်းပပျောက်စေရန် ရန်ကုန်-နေပြည်တော်-မန္တလေးအမြန်လမ်းမကြီးအား ခေတ်မီသော ၄ လမ်းသွားအဆင့် တိုးမြှင့်ဆောင်ရွက်ပေးခြင်းနှင့် အဆင့်မီလုံခြုံရေးအထောက်အကူပြုပစ္စည်းများ တပ်ဆင်ထိန်းကျောင်းပေးခြင်း၊ မော်တော်ယာဉ်နှင့် ပတ်သက်၍ လိုက်နာမည့် စည်းမျဉ်းစည်းကမ်း များကို အထူးစီမံချမှတ်ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်များကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
International Expressway အဆင့်တစ်ခုဖြစ်ရန်အတွက်က နိုင်ငံတကာစံနှုန်းနှင့်ကိုက်ညီရန် Fully Access Control ဖြစ်ရမည် ဖြစ်ပါကြောင်း၊ Fully Access Control ဖြစ်ရန်အတွက် အချက်(၃) ချက်နှင့် ကိုက်ညီရမည် ဖြစ်ပါကြောင်း၊ နံပါတ်(၁) မြန်မြန်မောင်းနိုင်ရပါမည်၊ ၎င်းလမ်းပေါ်တွင် မီးပွိုင့်များ၊ Junctions များ၊ လူနေအိမ်ခြေများ၊ ဈေးဆိုင်များရှိ၍ မဖြစ်ပါကြောင်း၊ နံပါတ်(၂) Comfortable ဟုခေါ်သည့် ယာဉ်မောင်း၊ ခရီးသည်၊ သက်တောင့်သက်သာရှိသည့် လမ်းများဖြစ်ရမည် နေရာမှာ လမ်း၏ Pavement များအနေဖြင့် Flexible Pavement ဖြစ်ရပါမည်၊ အကွေ့များ လမ်းတွင်ရှိသည့် လမ်းညွှန်ဆိုင်းဘုတ်များကလည်း တစ်လမ်းလုံးပြည့်စုံအောင် Gantry ဖြင့် ဖော်ပြထားခြင်းမျိုးများဖြစ်ပြီး လမ်းများတွင်လည်း တစ်နာရီတစ်ကြိမ်ရပ်နားရမည့် ရပ်နားစခန်းများ၊ Toilet များ အပြည့်အစုံရှိပြီးဖြစ်ရပါမည်၊ Telephone များ၊ လျှပ်စစ်မီးများနှင့်ပတ်သက်ပြီးလည်း Comfortable ဖြစ်ရန်အတွက် အပြည့်အစုံရှိပြီးဖြစ်ရပါမည်၊ Safety နှင့် ပတ်သက်ပြီး လုံခြုံစိတ်ချမှု အပြည့်ဖြစ်ရပါမည်။ လမ်းတစ်လျှောက်လုံးတွင် မိမိတို့ Inner Shoulder များ၊ Outer Shoulder များ အပြည့်အစုံပါရှိပါမည်၊ Guardrail များ အပြည့်အစုံပါရှိရမည် ဖြစ်ပါကြောင်း၊ တိရစ္ဆာန်များ ဖြတ်သန်းဝင်ရောက်ခြင်း မပြုနိုင်ရန်အတွက် ခြံစည်းရိုးများ ခတ်ထားရသည့် လမ်းမျိုးဖြစ်ရပါမည်၊ သတ်မှတ်ထားသည့် ယာဉ်များသာမောင်းနှင်ရမည် ဖြစ်ပါကြောင်း၊ အနှေးယာဉ်များ၊ ထော်လာဂျီများ စသည်တို့ ဖြတ်သန်းမောင်းနှင်ခြင်းမျိုးများကို ခွင့်ပြု၍မရပါကြောင်း၊ အမြန်လမ်းမကြီးသည် International အဆင်မီ အမြန်လမ်းဖြစ်ရန်အတွက် သတ်မှတ်ထားသည့် Fast၊ Comfortable၊ Safety စသည့် အချက်သုံးချက်နှင့် ကိုက်ညီမှုမရှိသေးပါကြောင်း၊ မိမိတို့မူလက Expressway အဖြစ်ဖောက်ရန် ရည်ရွယ်ထားသည့်အနေအထားတွင် ယခုပြီးစီးသမျှအခြေအနေဖြင့် ပြည်သူများကို အသုံးထားခြင်း ဖြစ်သည့်အတွက် လက်ရှိရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် နိုင်ငံတကာ အဆင့်မီလမ်း မဖြစ်သေးပါကြောင်း၊ အဆိုပါလမ်းမကြီးကို ခေတ်မီ ၄ လမ်းသွားအဆင့်တိုးမြှင့် ဆောင်ရွက်ပေးခြင်းနှင့် အဆင့်မီလုံခြုံရေးပစ္စည်းများ တပ်ဆင်ပေးရေးအတွက် လက်ရှိ ဆောင်ရွက်နေသည့် အချက်လက်များမှာ အမြန်လမ်းကြီးကို ၂၀၀၉ ခုနှစ်က စတင်ဖွင့်လှစ်လိုက်သည့် အချိန်ကစပြီး ယနေ့ထိအမြဲ နှစ်စဉ်ပြုပြင်ထိန်းသိမ်းမှုနှင့် အဆင့်မြှင်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ စုစုပေါင်းအနေဖြင့် လမ်းအရှည် ၃၆၆ မိုင်ရှိပြီး အသွားအပြန် မိုင်ပေါင်း ၇၃၂ မိုင်ရှိသည့်အနက်မှ ယနေ့အထိ ၁၆၄ မိုင်ကို AC Overlay ခင်းပြီး ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ မူလကဒီလမ်းမကြီးတွင် လမ်းလယ်ကျွန်း Raised Median က တကယ်တမ်းကျ ၆ လမ်းသွားနှင့်အထက် လမ်းမကြီးများသာလျှင် လမ်းလယ်ကျွန်းအမြင့်အနေဖြင့် တည်ဆောက် ရမည်ဟု International စည်းမျဉ်းစည်းကမ်းတွင် သတ်မှတ်ထားပါကြောင်း၊ ယခုလို ၄ လမ်းသွားဆိုလျှင် လမ်းလယ်ကျွန်းအနိမ့် Depressed Median ကို ကျင့်သုံးရမည် ဖြစ်ပါကြောင်း၊ Raised Median ကို ၄ လမ်းသွား ကျင့်သုံးမည်ဆိုလျှင် တစ်မီတာနှင့်အထက်ရှိသည့် Concrete Walling ကာထားသည့် Raised Median မျိုးကို ကျင့်သုံးရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၄ လမ်းသွားလမ်းကို လမ်းလယ်ကျွန်းအမြင့်ဖြင့် တည်ဆောက်ထားပြီး ဘယ်/ညာလမ်းပုခုံးသား မရှိသည့်အတွက် ကားဘီးတာယာများ ပွတ်တိုက်ပြီး ဘီးပေါက်မှုများ၊ ကွဲအက်မှုများဖြစ်နိုင်ပါကြောင်း၊ ထို့ကြောင့် ပထမဦးဆုံး ၁၆ မိုင်ကို Pilot Project အနေဖြင့် Raised Median ကို Depressed Median အနေဖြင့် ချခြင်း၊ အတွင်းလမ်းပုခုံးသားနှင့် ပြင်လလမ်းပုခုံးသားများ ဆောင်ရွက်ခြင်း၊ Guardrail များ ကာရံခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အပေါ်တွင် AC လမ်းခင်းခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ စုဖောင်ဒေးရှင်းမှလည်း ကုလသမဂ္ဂ၏ Sustainable Development Goal Program အနေဖြင့် မြန်မာနိုင်ငံရှိ လမ်းအင်ဂျီနီယာများကို Safety ဆိုင်ရာသင်တန်းများ လာရောက်ပို့ချခဲ့ပြီး ဖြစ်ပါကြောင်း၊ ၎င်းအပြင် လမ်းညွှန်ဆိုင်းဘုတ်များ၊ သတိပေးဆိုင်းဘုတ်များကိုလည်း ကူညီတပ်ဆင် ပေးခဲ့ပါကြောင်း၊ အမြန်လမ်းမကြီး၏ အဆင့်မြှင့်တင်တိုးတက်ရေးအတွက် လမ်းလယ်ကျွန်းများကို Depressed Median တင်ပြောင်းခြင်းမဟုတ်ပါကြောင်း၊ Median Shoulder အဖြစ်တည်ဆောက်ခြင်း၊ ရေမြောင်းများ တည်ဆောက်ခြင်း၊ Safety လုပ်ငန်းများ ဆောင်ရွက်ခြင်းစသည့် အဆင့်မြှင်တင်ခြင်း လုပ်ငန်းများကို နှစ်အလိုက် တိုးတက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ရဲတပ်ဖွဲ့အနေဖြင့် လမ်းတစ်လျှောက်လုံးတွင် ရဲတပ်ဖွဲ့စခန်း ၁၆ ခုကို တည်ဆောက် ထားပါကြောင်း၊ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့(Highway Police)အနေဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်ခုလုံး လုံခြုံစိတ်ချရန်အတွက် လုံခြုံရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ကယ်ဆယ်ရေး၊ အသိပညာပေးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ယူထားသည့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ဗဟိုကော်မတီအနေဖြင့် Campaign များချမှတ်ပြီး ယာဉ်အန္တရာယ်များ ကင်းရှင်းရေး၊ ဆိုင်းဘုတ်များတပ်ဆင်ရေးတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုလည်း ခရီးသွားယာဉ်များလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ သတိပေးပိုစတာများ၊ ဖုန်းနံပါတ်များ ပါဝင်သည့် လက်ကမ်းစာစောင်များကို ခရီးသွားပြည်သူများကို အခါအားလျော်စွာ ဖြန့်ဝေပေးလျက် ရှိပြီး ယာဉ်အန္တရာယ်အများဆုံး ဖြစ်ပွားလေ့ရှိသည့် နေရာ ၂၂ နေရာတွင်လည်း Road Sign၊ Rumble Strip၊ Road Line၊ Road Lane နှင့် Solar Lamp Post များကို တောက်လျှောက် တပ်ဆင်ထားရှိပါကြောင်း၊ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အရ အရှိန်ထိန်းကိရိယာ ၁၁ ခုကို ထပ်မံဝယ်ယူထားရှိပြီး စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များကို အရေးယူဆောင်ရွက်ရမည်ဟု ဖော်ပြပါဇယားအရ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အချိန်ထိ စုစုပေါင်း ယာဉ်အစီးရေ ၂၂၆၅၆ စီးကို အရေးယူဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊
အမြန်လမ်းမကြီးရဲ့ ယာဉ်အန္တရာယ်နှင့်ပတ်သက်ပြီး ပြောရမည်ဆိုလျှင် သေဆုံးမှုအနေဖြင့်လည်း ၂၀၁၇ ခုနှစ်တွင် ယခင်နှစ်များထက် သေဆုံးမှုနှုန်းလျော့ကျသွားအောင် ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအားလုံး၏ ပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူများ၏ အသိတရား ပါဝင်လိုက်နာမှုတို့ကြောင့် လျော့ကျလာခြင်းဖြစ်ပါကြောင်း၊ အမြန်လမ်းမကြီးတစ်ခုလုံးကို နိုင်ငံတကာအဆင့်မီ အမြန်လမ်းအဆင့်ရောက်ရှိအောင် ဆောင်ရွက်လျက်ရှိသည့်နေရာတွင် ADB ၏ အကူအညီဖြင့် ပထမဦးဆုံး ၀ မိုင်မှ ၄၀ မိုင် ခန့်ကို အဆင့်မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အဆိုပါ အဆင့်မြှင့်တင်ဆောင်ရွက်သွားရန်အတွက် ADB မှ ချေးငွေကို Cabinet ကနေ ခွင့်ပြုပြီးဖြစ်ခြင်းကြောင့် မကြာခင် ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာပေးပို့တင်ပြပြီး မိုင် ၄၀ ကို နိုင်ငံတကာအဆင့်မီစတင်ပြီး အဆင့်မြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
ဦးစိုင်းငေါင်ဆိုင်ဟိန်း (မောက်မယ်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မန္တလေး-နေပြည်တော်လမ်းတွင် မိုင်တိုင် ၃၂၄ ကို ကတ္တရာပစ္စည်းခင်းကျင်း လုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ ကတ္တရာသားအထိအတွေ့ဖြင့် ကွန်ကရစ်အထိအတွေ့ တော်တော်လေးညက်ညောမှု ကွာဟသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ပါကြောင်း၊ လမ်းများချဲ့ထွင်ခြင်း ဆိုသည်မှာ မဖြစ်နိုင်လျှင်တောင် ကတ္တရာခင်းကျင်းအဆင့် BC အဆင့်မျိုးကို ဆောင်ရွက်ပေးနိုင်လျှင် ပိုမိုကောင်းမွန်မည်ဟု ယုံကြည်ယူဆပါကြောင်း၊ ကတ္တရာခင်းကျင်းပြီးစီးအောင် ရန်ကုန်-နေပြည်တော်-မန္တလေးအဆင့်ထိက လျာထားခြင်းရှိ/မရှိ၊ မည်သည့်နှစ်အပိုင်းတွင် ဆောင်ရွက်ပြီးစီးနိုင်ခြင်း ရှိ/မရှိ ဆိုသည်ကို သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ကွန်ကရစ်လမ်းတွင် ကားတာရာထိတွေ့မှုထက်စာလျှင် ကတ္တရာလမ်း AC လမ်းပေါ်တွင်ထိတွေ့မှုက အများကြီးသက်သာပါကြောင်း၊ အပူထွက်နှုန်းလည်း လျော့သည့်အတွက် ယာဉ်အန္တရာယ် ဖြစ်မှုလျော့ပါကြောင်း၊ ထို့ကြောင့် Resect လုပ်ထားသည့် အခြေအနေအရ AC လမ်းပေါ်တွင် ယာဉ်အန္တရာယ်ပိုနည်းသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ တစ်နှစ်ကို အနည်းဆုံးမိုင် ၂၀ ခန့် AC ခင်းသွားရန်အတွက် Plan များထားရှိပါကြောင်း၊ ယခုအတိုင်းသွားမည်ဆိုလျှင် မိုင် ၇၀၀ ကျော်ကြီးကို တစ်နေ့မိုင် ၂၀ ဆိုလျှင် ကြာသွားမည်ဖြစ်သည့်အတွက် နိုင်ငံတကာအကူအညီများလည်း ADB အပြင်ကို ကျန်သည့်နိုင်ငံတကာ အကူအညီများလည်း တောင်းခံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
