(င)-လွိုင်လင်မြို့နယ် အ.လ.က(ခွဲ)မြို့မ မိုင်းပွန်အား အခြေခံပညာ အလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ (၉.၂.၂၀၁၈)

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင် မြို့နယ်၊ မိုင်းပွန်ဒေသရှိ အ.လ.က(ခွဲ)မြို့မကျောင်းတွင် ကျောင်းသားကျောင်းသူများ ပညာသင်ကြားနိုင်ရန် ကျောင်းသားကျောင်းသူများမိဘများ၏ အဖက်ဖက်မှ လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းပြီးတော့ အားပေးကူညီဆောင်ရွက်ပေးလျက်ရှိခြင်းကြောင့် လည်းကောင်း၊ ဆရာဆရာမများ၏ သင်ကြားပြသကောင်းမွန်မှုများကြောင့်လည်းကောင်း၊ ကျောင်း စည်းကမ်းကောင်းမွန်မှုများကြောင့်လည်းကောင်း ကျောင်းသားကျောင်းသူများစွာ ပညာသင်ကြား လျက်ရှိပါကြောင်း၊ ထ့ိုပြင် ဒေသခံ မိဘပြည်သူများကလည်း အ.လ.က(ခွဲ)မြို့မ မိုင်းပွန်အား အ‌ခြေခံပညာအလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့် ပညာသင်ကြားခွင့်ပြုပါရန် တင်ပြခဲ့သည်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ် အ.လ.က(ခွဲ)မြို့မ မိုင်းပွန်အား အခြေခံပညာ အလယ်တန်းကျောင်းအဖြစ်အဆင့်တိုးမြှင့်ပညာသင်ကြားခွင့်ပြုရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် အဆင့်တိုးမြှင့်ပေးကိုလည်းကောင်း၊ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကိုလည်းကောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်မှ အခြေခံပညာမူလတန်းကျောင်း(ခွဲ)တစ်ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း ခြောက်ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်းတစ်ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ)တစ်ကျောင်း စုစုပေါင်းအခြေခံပညာကျောင်းပေါင်းကိုးကျောင်း အဆင့်မြှင့်တင် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)မှ အခြေခံပညာအလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်နိုင်ရန် သတ်မှတ်မူအဖြစ် အလယ်ဆင့်တင် ကျောင်းသား/သူ ၂၄၀ ဦးနှင့်အထက်ရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောဒေသဖြစ်ပါက ပင်မကျောင်း၊ တစ်ဆင့်မြင့်ကျောင်းနှင့် ၂ မိုင်အထက်ကွာဝေးခြင်း၊ သွားလာရလွယ်ကူသော မြေပြန့်ဒေသဖြစ်ပါက ပင်မကျောင်း၊ တစ်ဆင့်မြင့်ကျောင်းနှင့် သုံးမိုင်အထက် ကွာဝေးခြင်းတို့ဖြစ်ပါကြောင်း၊

လွိုင်လင်မြို့နယ် မြို့မ(မိုင်းပွန်) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သည် ပင်မကျောင်းဖြစ်သော မိုင်းပွန် အခြေခံပညာအထက်တန်းကျောင်းနှင့် ဝ.၅ မိုင် (မိုင်ဝက်)ခရီးသာ ကွာဝေးသည်ကို တွေ့ရှိရပါကြောင်း၊

ထို့ကြောင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ မြို့မ(မိုင်းပွန်)အခြေခံပညာ အလယ်တန်း ကျောင်း(ခွဲ)တွင အလယ်တန်းပညာရေးများ သင်ယူခွင့်ရရှိရန် အခွင့်အလမ်းများလည်း ရရှိပြီဖြစ်ပါသဖြင့် အလယ်တန်းကျောင်းအဖြစ်သို့ အဆင့်တိုးမြှင့်ပေးရန် ဦးစားပေးအစီအစဉ်ဖြင့် သတ်မှတ်ထားခြင်းမရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။