မောက်မယ်မြို့နယ်၊ ဟိုလွိုင်ကျေးရွာအုပ်စု၊ ကုန်းမတ်လန်းကျေးရွာသည် ယခင် ရ.ယ.လ.ဖ အဖွဲ့ငြိမ်းချမ်း ရေးရယူစဉ်က အ.မ.က ဆောင်ကျဲ အမည်ဖြင့် မိုးနဲမြို့နယ်အမည်စာရင်းပေါက် စာသင်ကျောင်းတစ်ဆောင် ဖွင့်လှစ်ခဲ့ဖူးပါကြောင်း၊ အဆိုစာသင်ကျောင်းသည် မောက်မယ်မြို့နယ်ဧရိယာထဲတည်ရှိသဖြင့် မောက်မယ် မြို့နယ်အမည် စာရင်းပေါက် စာသင်ကျောင်းဖြစ်ရန် ပထမအကြိမ် ပြည်သူ့လွှတ်တော်တွင် တင်ပြ တောင်းဆို ခဲ့သော်လည်း ပြီးဆုံးသည်ထိမဆောင်ရွက်နိုင်ခဲ့ဘဲ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးတွင် ထပ်မံတင်ပြခဲ့သဖြင့် အ.မ.က ကုန်းမတ်လန်းအမည်ဖြင့် မောက်မယ်မြို့နယ် အမည်စာရင်းပေါက် စာသင်ကျောင်းအဖြစ် ပြန်လည်ရောက်ရှိခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါကျောင်းတွင် ကျောင်းသားအင်အား များပြားလှပါသော်လည်း ကျောင်းဆောင်များမှာ အိုမင်းဟောင်းနွမ်းပြီး အသစ် ဆောက်လုပ်ရန် လိုအပ်သည့် အနေအထားတွေ့ရှိရသည့်အတွက် ကျောင်းဆောင် သစ်ဆောက် လုပ်ခွင့်ပြုပေးပါရန် တင်ပြတောင်းခံခဲ့ရာ ရ.ယ.လ.ဖ အဖွဲ့အစည်းလှူဒါန်းသောမြေ ဖြစ်သဖြင့် ဌာနပိုင် မြေအဖြစ် မြေယာပိုင်ဆိုင်မှုပုံစံ(၁၀၅)ရှိမှသာ ဘဏ္ဍာငွေလျာထားပေးမည် ဖြစ်ပါကြောင်း ပြည်ထောင်စု ဝန်ကြီးမှ ပြန်လည်ဖြေကြားပေးခဲ့ပါကြောင်း၊ ယခုကျေးရွာတာဝန်ရှိသူများနှင့် ပညာရေးဌာနမှ တင်ပြ တောင်းဆိုမှုကြောင့် ရ.ယ.လ.ဖ အဖွဲ့အစည်းမှ ရပ်ရွာပညာရေးအတွက် လှူဒါန်းကြောင်း သဘောတူညီမှုရရှိပြီး ဌာနမှလည်း လုပ်ထုံးလုပ်နည်းများနှင့်တကွ စီစဉ်ဆောင်ရွက်နေပြီးဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ဟိုလွိုင် ကျေးရွာအုပ်စု၊ ကုန်းမတ်လန်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း ကုန်းမတ်လန်းအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်တွင် စာသင်ကျောင်းဆောင်တစ်ဆောင် ခွင့်ပြုချမှတ်ပေးနိုင်မည့် အစီအစဉ်များကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ မောက်မယ်မြို့နယ်တွင် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျောင်းဆောင်သစ်များဆောက်လုပ်ရန် အခြေခံပညာ ကျောင်းပေါင်း သုံးကျောင်းအတွက် ငွေကျပ်သိန်း ၈၁၀ ခွဲဝေဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ကုန်းမတ်လန်း ကျေးရွာ အခြေခံပညာမူလတန်းကျောင်းကို ယခုအခါ နိုင်ငံတော်ပိုင်မြေယာအဖြစ် သတ်မှတ် ဆောင်ရွက် ပြီးဖြစ်ပါကြောင်းနှင့် ယခုအချိန်တွင် ၅၀ ပေ x ၃၀ ပေ သွပ်မိုးပျဉ်ကာ မြေစိုက်တစ်ထပ်ဆောင် တစ်ခုသာရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊
သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေး ခရိုင်၊ မောက်မယ်မြို့နယ်၊ ဟိုလွိုင် ကျေးရွာအုပ်စု၊ ကုန်းမတ်လန်းကျေးရွာ အခြေခံပညာမူလတန်း ကျောင်းတွင် လာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပေ ၆၀ x ပေ ၃၀ တစ်ထပ်ဆောင်သစ်ဆောက်လုပ်ရန် ဘဏ္ဍာငွေလျာထား ဆောင်ရွက်ပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
