ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးခြင်းနှင့် အခွန်အကောက်များ အမြောက်အမြား ရရှိနိုင်ရန်အတွက် ကမ္ဘာလှည့်ခရီးသွားများ လာရောက်လေ့ရှိသည့် ရေပေါ်ကျွန်းများပေါ်တွင် နိုင်ငံခြားသားများသာ ဝင်ရောက်ကစားခွင့်ရှိသည့် Casino လုပ်ငန်းများကို တရားဝင်ခွင့်ပြုပေးနိုင်ခြင်းရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
မိမိတို့ Casino လုပ်ငန်းသည် ဝင်ငွေကောင်းသည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ မက္ကာအိုရှိ Casino များ၊ အခြားကံစမ်းကစားသည့် နည်းများမှ တစ်နှစ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာသန်းပေါင်း ၃၃၀၀၀ လောက်ရှိပြီး အစိုးရမှ အကောက်ခွန်ရငွေမှာ ဒေါ်လာသန်း ၃၀၀၀ ခန့်ရှိပါကြောင်း၊ မက္ကာအိုမှ တရားဝင်ထုတ်ပြန်သော ကိန်းဂဏန်းများအရ သိရှိရခြင်းဖြစ်ပါကြောင်း၊ မက္ကာအိုဆိုလျှင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသော ကျွန်းနိုင်ငံငယ်လေးဖြစ်ပြီး နိုင်ငံကလည်း တော်တော်သေးငယ်ပါကြောင်း၊ ဧရိယာအကျယ်အဝန်းသည်လည်း မိမိတို့မဲဆန္ဒနယ်မြေဖြစ်သည့် မင်္ဂလာဒုံမြို့နယ်ခန့်သာ ရှိသော်လည်း ၎င်းလုပ်ငန်းမှရသော ဝင်ငွေသည် များပြားသောကြောင့် အစိုးရမှာငွေပိုငွေလျှံ များစွာဖြစ်နေပါကြောင်း၊ မိမိတို့နိုင်ငံမှာဆိုလျှင် နိုင်ငံခြား ကြွေးမြီဒေါ်လာ ၁၀ ဘီလီယံခန့် အကြွေးတင်နေပေမဲ့ မက္ကာအိုမှာဆိုလျှင် ၅၅ ဘီလီယံခန့် အစိုးရမှာ ပိုနေပါကြောင်း၊ မက္ကာအိုအစိုးရက ခြောက်နှစ်လုံးလုံး ပြည်သူဆီက တစ်ပြားတစ်ချက်မှ အခွန်မကောက်ဘဲ လည်ပတ်နိုင်သည့် ပိုက်ဆံပမာဏလည်း စုဆောင်းရရှိနေခြင်းဖြစ်၍ ၎င်းလုပ်ငန်းက အကျိုးစီးပွားများစွာ ဖြစ်ထွန်းသည့်လုပ်ငန်းဟု လေ့လာသိရှိနိုင်ပါကြောင်း၊
စင်္ကာပူနိုင်ငံတွင် အစိုးရက ရရှိသောဝင်ငွေအားလုံး၏ ၆ ရာခိုင်နှုန်းသည် Casino လုပ်ငန်းများမှ ရရှိသည်ဟု သိရှိရပြီး ဒေါ်လာ သန်း ၂၇၀၀ ခန့်ရှိပါကြောင်း၊ သူတို့လည်ပတ်နေသည့်ပမာဏကို မသိရှိရသော်လည်း အစိုးရကောက်ခံရရှိသောအခွန် အသားတင်အမြတ်များကို အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၇၀၀ ခန့် ရရှိသောကြောင့် အရှေ့တောင်အာရှရှိ စင်ကာပူလောက်သာ Casino လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မည်ဆိုလျှင် မိမိတို့နိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး အသုံးစရိတ်များကို သုံးဆခန့်တိုးမြှင့်နိုင်မည့် အခြေအနေဖြစ်ပါကြောင်း၊ ထို့အပြင် ဤလုပ်ငန်းသည် အကျိုးအမြတ်များသောကြောင့် ဗီယက်နမ်နိုင်ငံကလည်း ၂၀၁၇ ခုနှစ်မှစပြီး Casino လုပ်ငန်းများကို စတင်ခွင့်ပြု၍ စင်ကာပူနှင့် မက္ကာအိုနိုင်ငံများကို စတင်ယှဉ်ပြိုင်နေပြီဖြစ်ပါကြောင်း၊
မိမိတို့ မြန်မာနိုင်ငံအစိုးရက ကံစမ်းလုပ်ငန်းတစ်ခုဖြစ်သည့် အောင်ဘာလေသိန်းဆုလုပ်ငန်းမှာ တစ်ခုတည်းသောလုပ်ငန်းဖြစ်ပြီး အောင်ဘာလေသိန်းဆုမှ ရရှိသောငွေကို ဒေါ်လာဖြင့်တွက်လျှင် သန်း ၃၀ ခန့်သာရရှိပါကြောင်း၊ ထို့ကြောင့် စုစုပေါင်းကောက်ခံရရှိသော အခွန်ငွေ၏ မပြောပလောက်သည့်ပမာဏသာ ရရှိခြင်းဖြစ်ပါကြောင်း၊ ထိုသို့ရရှိခြင်းသည် မိမိတို့ မြန်မာနိုင်ငံက အောင်ဘာလေထီ၏ လည်ပတ်နေသော အမြတ်မဟုတ်ပါကြောင်း၊ အောင်ဘာလေထီက လည်ပတ်နေသည်မှာ အမေရိကန်ဒေါ်လာဖြင့်တွက်လျှင် ၈၇ သန်းခန့်သာရှိပြီး အမြတ်ရရှိငွေမှာ ပိုမိုနည်းပါးကြောင်း၊ အောင်ဘာလေထီဆိုသည်မှာ ပြည်သူဆီမှ ပြန်ကောက်ခြင်းဖြစ်ပြီး မိမိအနေဖြင့် နိုင်ငံခြားသားများမှ ပိုက်ဆံရှာသည့်ကိစ္စကို တင်ပြခြင်းဖြစ်ပါကြောင်း၊ စင်္ကာပူတွင် ဒေါ်လာသန်းပေါင်း ၂၇၀၀ ခန့် အစိုးရက အသားတင်အမြတ်ငွေ ရရှိပြီး မက္ကာအိုတွင် သန်း ၃၀၀၀ ခန့် အမြတ်ရရှိသောကြောင့် လည်ပတ်နေသည့်ငွေမှာ ဒေါ်လာသန်းပေါင်း ၃၃၀၀၀ ခန့်ထိရှိပါကြောင်း၊ ၎င်းနိုင်ငံများမှာလည်း အဓိကငွေရှာသည်မှာ ပြည်သူဆီမှရည်ရွယ်ပြီး ရှာနေခြင်းမဟုတ်ဘဲ နိုင်ငံခြားသားများဆီမှ ရှာဖွယ်ခြင်းဖြစ်ပါကြောင်း၊ Passport များပြပြီး နိုင်ငံခြားသားဖြစ်မှဝင်လို့ရသည့် Casino ရုံများဖြစ်ပါကြောင်း၊ ဤလုပ်ငန်းက ယခုကဲ့သို့ အမြတ်များစွာ ရရှိနေရခြင်းမှာ (၁) Casino လုပ်ငန်းသည် လိုင်စင်ရရှိရုံဖြင့် ဝင်ငွေများစွာ ရရှိပါကြောင်း၊ (၂) ၎င်း Casino ကိုလာ၍ လည်ပတ်သော နိုင်ငံခြားသားများ၊ ဟိုတယ်များ၊ အစားအသောက်များက ထပ်မံရရှိပါကြောင်း၊ နောက်တစ်ခုမှာ Casino တွင် ဝင်ရောက်ကစားသည့်အခါ အနိုင်ရပုဂ္ဂိုလ်များက ၎င်းငွေကို အခွန်ဆောင်ပြီးမှ ထုတ်ပေးသောကြောင့် အခွန်တစ်ခါထပ်မံရရှိပါကြောင်း၊ ထို့နောက် ၎င်း Casino လုပ်ငန်းကို လုပ်နေသောကုမ္ပဏီများက တစ်နှစ်စာအမြတ်ငွေကိုလည်း အစိုးရမှ ဝင်ငွေခွန်အဖြစ် ထပ်မံကောက်ခံပါကြောင်း၊ လေးထပ်ခန့်ရသည့် လုပ်ငန်းဖြစ်၍ ဝင်ငွေများစွာ ရရှိသောကြောင့် မိမိတို့နိုင်ငံတွင်လည်း ဤလုပ်ငန်းမျိုးကို ခွင့်ပြုနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ယခုမေးခွန်းနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန၏ သဘောထားမှတ်ချက်၊ ၂၁-၁၂-၂၀၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်သော ဒုတိယအကြိမ်မြောက် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၏ အစည်းအဝေးမှာ ဗဟိုကော်မတီဝင်များက ဆွေးနွေးချက်များနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ထပ်မံပေးပို့သော သဘောထားများပေါင်းစပ်၍ ဖြေကြားသွားမှာ ဖြစ်ပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနသည် လက်ရှိအခြေအနေအရ မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာရေး ဥပဒေနှင့်အညီ ဟိုတယ်နှင့်တည်းခိုရိပ်သာ၊ ခရီးလှည့်လည်ရေး၊ ပို့ဆောင်ရေးနှင့် ဧည့်လမ်းညွှန်လုပ်ငန်း လိုင်စင်များကို ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ သို့ရာတွင် Casino လုပ်ငန်းကို စီးပွားရေးလုပ်ငန်းတစ်ရပ်အနေဖြင့် ခွင့်ပြုထားခြင်းမရှိသေးပါကြောင်း၊ Casino လုပ်ငန်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၃၀-၁-၂၀၁၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၃) ၌ ပါရှိသော စီးပွားရေးလုပ်ငန်း ဆောင်ရွက်နိုင်သည့် လုပ်ငန်းအမျိုးအစားအလိုက် သတ်မှတ်ချက်များမှာ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနက ဆောင်ရွက်နိုင်သည့် လုပ်ငန်းများတွင် နိုင်ငံခြားသားများအတွက် Casino လုပ်ငန်း (Casino Business for foreigners) ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်နှင့်အညီ ပြည်ထဲရေး ဝန်ကြီးဌာန၏ စည်းမျဉ်းစည်းကမ်းအရ ကန့်သတ်ဧရိယာများရှိ ဟိုတယ်များတွင် လုပ်ငန်း ဆောင်ရွက်ခွင့်ပြုနိုင်သည်၊ မြန်မာနိုင်ငံသားများအား ကစားခွင့်မပြုရဟု ဖော်ပြထားပါကြောင်း၊
ပြည်ထဲရေးဝန်ကြီးဌာနသို့ သဘောထားမှတ်ချက် တောင်းခံခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာနမှ ၁၉၈၆ ခုနှစ်၊ လောင်းကစားဥပဒေပုဒ်မ ၇၊ ၈၊ ၉ တို့တွင် ပြဋ္ဌာန်းတားမြစ်ချက်များအရ ကမ္ဘာလှည့်ခရီးသွားများ ဝင်ရောက်လေ့ရှိသော ရေပေါ်ကျွန်းများအပေါ် Casino လုပ်ကိုင်ခြင်းများသည် လောင်းကစားဥပဒေပါ တားမြစ်ချက်များနှင့် အကျုံးဝင်သည်ကို တွေ့ရှိရပါကြောင်း၊ လောင်းကစားဥပဒေတွင် မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသားဟူ၍ ခွဲခြားပြဋ္ဌာန်းထားခြင်း မရှိသည့်အပြင် မြန်မာနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသား၊ နိုင်ငံခြားသားများအားလုံးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံမှ ထုတ်ပြန်ထားသည့် လောင်းကစားဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာရန် တာဝန်ရှိပါကြောင်း၊ ၁၉၈၆ ခုနှစ်၊ လောင်းကစားဥပဒေသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံံတွင် လက်ရှိတည်ဆဲဥပဒေ ဖြစ်ပါသဖြင့် နိုင်ငံခြားသားများသာ ဝင်ရောက်ကစားခွင့်ရှိသည့် Casino လုပ်ငန်းများကို ကမ္ဘာလှည့်ခရီးသွားများ လာရောက်လေ့ရှိသော ရေပေါ်ကျွန်းများတွင် တရားဝင်ခွင့်ပြုပေးခြင်းသည် လောင်းကစားဥပဒေ ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းနေသည်ဟု ပြန်ကြားထားပါကြောင်း၊
အဆိုပါ Casino လုပ်ငန်းနှင့်စပ်လျဉ်း၍ ၁-၁၂-၂၀၁၇ ရက်နေ့မှာ ကျင်းပပြုလုပ်သော အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးတွင် ကော်မဝတီဝင်များက ဆွေးနွေးကြရာ Tourism ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရာတွင် Business Assess အနေဖြင့် စဉ်းစားလုပ်ဆောင်၍ မရပါကြောင်း၊ Innovative thinking နှင့် စဉ်းစားလုပ်ဆောင်ရန် လိုပါကြောင်း၊ ပြုပြင်သင့်သည်များကို ပြုပြင်ရမည်ဖြစ်ပြီး နောက်ဆုံး Casino တောင် ဖွင့်သင့်လျှင် ဖွင့်ရမှာဖြစ်ပါကြောင်း၊ နိုင်ငံခြားသားများ ကစားနိုင်မည့် Casino ဖွင့်ရန် လောင်းကစားဥပဒေနှင့် ငြိစွန်းနေပါက ပြုပြင်သင့်သည့်ဥပဒေကို ပြုပြင်ရမည်ဖြစ်ပြီး ဖြေလျှော့သင့်သည်များကို ဖြေလျှော့ရမည်ဟု ဆွေးနွေးခဲ့ကြပါကြောင်း၊
ထို့အပြင် အချို့ဗဟိုကော်မတီဝင်များက လာအိုနိုင်ငံသည် မြန်မာ-လာအို-ထိုင်းနိုင်ငံ နယ်စပ် (Gold Triangle) ဒေသတွင် Casino လုပ်ငန်းလုပ်ကိုင်ခွင့်ပြုလိုက်ပြီး ဖြစ်ပါကြောင်း၊ ခွင့်ပြုလိုက်သည်နှင့်အညီ ကွန်မြူနစ်နိုင်ငံဖြစ်သော လာအိုနိုင်ငံသည် များစွာဖွံ့ဖြိုးတိုးတက်သွားသည်ကို တွေ့ရှိရပါကြောင်း၊ မလေးရှားနိုင်ငံသည်လည်း Casino ဖွင့်ခွင့်ပြုထားပါကြောင်း၊ ကမ္ဘာမှာ စည်းကမ်းတင်းကြပ်သည့် စင်ကာပူနိုင်ငံတွင်လည်း မြေရှားသည့်အတွက် ကျွန်းအတုများဖန်တီးပြီး ဟိုတယ်များ ဆောက်လုပ်၍ Casino Island အား တည်ထောင်ထားရှိပါကြောင်း၊ Casino လုပ်ငန်းများသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် အခွန်ကောက်ဝင်ငွေရရှိနိုင်သည့် စီးပွားရေးလုပ်ငန်းတစ်မျိုး ဖြစ်သည်မှာ သိသာထင်ရှားပါကြောင်း၊
၎င်းဗဟိုကော်မတီ၏အစည်းအဝေး၌ ဆွေးနွေးချက်များအပေါ်အခြေခံ၍ ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်လျက်ရှိသည့် ရေပေါ်ကျွန်းများအပါအဝင် မြန်မာနိုင်ငံအတွင်း ခွင့်ပြုနိုင်မည့် ဧရိယာတွင်တည်ရှိသော ဟိုတယ်များတွင် Casino လုပ်ငန်းကို နိုင်ငံခြားသားဧည့်သည်များအတွက် ခွင့်ပြုသည့် ဝန်ဆောင်မှုလုပ်ငန်းအဖြစ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ခွင့်ပြုပေးရန် ၂၈-၁၂-၂၀၁၇ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာနသို့ သဘောထားမှတ်ချက် ထပ်မံတောင်းခံခဲ့ရာ နိုင်ငံခြားသား ဧည့်သည်များအတွက်သာ ခွင့်ပြုသည့် ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သဘောတူပါကြောင်း၊ မြန်မာနိုင်ငံသားများအတွက် မည်ကဲ့သို့ ကန့်သတ်ထိန်းချုပ်သွားမည်ကိုလည်း ထည့်သွင်း စဉ်းစားသင့်သည်ဟု အကြံပြုပြန်ကြားလာပါကြောင်း၊
သို့ဖြစ်ပါ၍ Casino လုပ်ငန်းများကို ကမ္ဘာလှည့်ခရီးသွားများ လာရောက်လေ့ရှိသည့် ရေပေါ်ကျွန်းများ ပေါ်တွင် တရားဝင်ခွင့်ပြုနိုင်ရေးကိစ္စရပ်မှာ ဥပဒေအရဆောင်ရွက်ခွင့်ပြုပေးနိုင်ခြင်း မရှိသေးပါကြောင်း၊ သို့သော်လည်း သက်ဆိုင်ရာဝန်ကြီးဌာနမှ မကန့်ကွက်ပါ၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ သဘောတူခွင့်ပြုချက်များ၊ အထူးသဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၏ လက်ရှိလောင်းကစားဥပဒေကို လိုအပ်သလို ပြင်ဆင်ဖြေလျှော့ပေးခြင်းများ ဆောင်ရွက်ပေးပြီးလျှင် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း၍ လိုအပ်သော ခွင့်ပြုမိန့်များတောင်းခံပြီး ဆောင်ရွက်ခွင့်ပြုပေးသွားနိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
