၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် နိုင်ငံတော်က ဆောင်ရွက်ခွင့်ပြုခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ငွေလုံးငွေရင်း ကျပ် ၃၇ သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ တင်ဒါခေါ်ယူပြီး ဆောင်ရွက်ခဲ့သည် ဟု လည်းသိရှိရကြောင်း၊ ကြီးကြပ်သူ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲမှု ဦးစီးဌာန အင်ဂျင်နီယာက ဥက္ကဋ္ဌမြို့နယ် စီမံခန့်ခွဲမှု ကော်မတီနှင့် မြို့နယ်စီမံကိန်း ဦးစီးမှူးထံ ၂၅-၁-၂၀၁၇ ရက်နေ့တွင် စတင် ဆောင်ရွက်ပြီး ၃၁-၃-၂၀၁၇ ရက်နေ့၌ ပြီးစီကြောင်း အစီရင်ခံခဲ့ကြောင်း၊ အောက်တိုဘာလ အတွင်းတွင် ဆည်ပျက်စီးနေသည်ကို တွေ့ရှိရသည့်အတွက် မေးမြန်းရခြင်း ဖြစ်ကြောင်း၊
ကောင်းမွန်သော ဘဏ္ဍာရပ်ဝင်းဖြစ်စေရန် စီမံကိန်းများကို သတ်မှတ်ချက်များနှင့်အညီ အကောင်အထည်ဖော်ခြင်း၊ ဝန်ကြီးဌာနများမှ အရည်အသွေး မီရန်ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်းနှင့် စနစ်တကျ ဆောင်ရွက်ပြီး တာဝန်ယူ၊ တာဝန်ခံမှု ပြုလုပ်ရမည် ဖြစ်ကြောင်း၊
ကန်ထရိုက်စနစ်များဖြင့် ဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးရမည့် လုပ်ငန်းများ လမ်းညွှန်ချက်၊ ရည်မှန်းချက် လုပ်ငန်းစဉ်များကို နိုင်ငံတော်မှ စနစ်တကျ ပြဋ္ဌာန်းထုတ်ပြန်ထားပြီး ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများကလည်း လိုက်နာကျင့်သုံး ရမည်ဖြစ်ကြောင်း၊
၉-၅-၂၀၁၇ ရက်နေ့တွင် တွေ့ရှိရသည့် ပုံအရ ၃၁-၃-၂၀၁၇ ရက်နေ့တွင် ပြီးစီးသည်ဟု အစီရင်ခံခဲ့သော်လည်း အမှန်တကယ် မပြီးသေးပါကြောင်း၊
ချောင်းရေ နှစ်ရက်ကြီးပြီး ဆည်ပေါ်တွင် ရေဖြတ်စီးသွားသည့် အချိန်တွင် ရေကျကြမ်းပြင် ပေါက်ပြဲသွားပါကြောင်း၊ ကြမ်းခင်းစလစ်ပြင် အရည်အသွေး ညံ့ညံ့ တည်ဆောက်ထားသည့် အတွက် ကြမ်းခင်းအပေါက်များကို တူးကြည့်သည့်အခါ အောက်ခြေမြေသားပေါ်တွင် ကျောက်တုံး အနည်းငယ်တင်ပြီး လုပ်ထားသည့်အတွက် အမာခံ မရှိဖြစ်နေသည်ကို တွေ့ရကြောင်း၊ ၁-၁၂-၂၀၁၇ ရက်နေ့ သွားရောက်ကြည့်သည့်အခါတွင် ပြန်လည် ပြင်ဆင်ထားခြင်း မရှိသေးသည့် အတွက် မိမိတို့က ပြင်ဆင်ရန် စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ၃-၁-၂၀၁၈ ရက်နေ့ သွားရောက် ကြည့်ရှုသည့်အခါ တချို့နေရာများတွင် ပြင်ဆင်ထားသော်လည်း ရေမြောင်းကို ပြင်ဆင်ထားခြင်း မရှိသေးသည်ကို တွေ့ရှိရပါကြောင်း၊ လယ်ယာရေသွင်းမြောင်းကို လယ်ရေသွင်းဖို့ရာအတွက် ဆည်ဆောက်ထားသော်လည်း ရေမြောင်းထဲ ရေဝင်နိုင်မှု Plan ကို လုပ်ပေးနိုင်ခြင်း မရှိသေးကြောင်း၊
ကန်ထရိုက်စနစ်ဖြင့် တင်ဒါခေါ်ယူပြီး ဆောင်ရွက်မှုတွင် ကုမ္ပဏီ၏ တာဝန်ခံ လာရောက် လုပ်ကိုင်သည်ကို မတွေ့ရသည့်အပြင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန၊ ခရိုင် အင်ဂျင်နီယာကသာ ဆောင်ရွက်နေခြင်း၊ စစ်ဆေးခံရန် အကြောင်းကြားသည့် အချိန်တွင်လည်း ခရိုင်အင်ဂျင်နီယာကသာ လာရောက်ပြီး ရှင်းလင်းခြင်း ဆောင်ရွက်သည့်ကို တွေ့ရှိရပါကြောင်း၊ သဘာဝ ဘေးအန္တရာယ် ရေကြီးခြင်းကြောင့် ပျက်စီးရခြင်း မဟုတ်ဘဲ အရည်အသွေး ပြည့်မီအောင် ဆောင်ရွက်ခြင်း၊ ကြီးကြပ်ရန် ပျက်ကွက်ခြင်းများကြောင့် ပျက်စီးရခြင်းဖြစ်သည်ကို တွေ့ရှိရသည့်အတွက် ဗန်းမောက်မြို့နယ်၊ ပင်ပုံကျေးရွာအုပ်စု၊ ရွှေနစ်ရွာအနီး၊ ချောင်းကြီး ချောင်းရွာ ရေလွှဲဆည်တည်ဆောက်ပြီး ၇ လအတွင်း ပျက်စီးသွားခြင်းကို တည်ဆောက်သူများမှ မည်သို့ တာဝန်ယူဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် ပျက်စီးသွားခြင်းအပေါ် ဝန်ကြီးဌာနက တာဝန်ရှိသူများကို မည်သို့ အရေးယူ ဆောင်ရွက်ပေးမည်ကို သိရှိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ ပင်ပုံကျေးရွာအုပ်စု၊ ရွှေနစ်(နန့်ပုံ)ကျေးရွာအနီး ချောင်းကြီးချောင်းပေါ်တွင် ရေလွှဲဆည် တစ်ခုတည်ဆောက်ရန်အတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး အစီအစဉ်ဖြင့် တင်ဒါခေါ်ယူ ဆောင်ရွက်ခဲ့သည့် လုပ်ငန်း ဖြစ်ကြောင်း၊ တင်ဒါအောင်မြင်သည့် မင်းပြည့်စုံကုမ္ပဏီက ၂၅-၁-၂၀၁၇ ရက်နေ့တွင် စတင် ဆောင်ရွက်ပြီး ၃၁-၃-၂၀၁၇ ရက်နေ့တွင် ဆောင်ရွက်ပြီးစီးခဲ့ပါကြောင်း၊ ၂၅-၆-၂၀၁၇ ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းသည့်အတွက် တောင်ကျချောင်းရေနှင့်အတူ မျောပါလာသည့် သစ်တုံးများ ရိုက်ခတ်မှုကြောင့် Weir Crest ပေါ်ရှိသည့် Pier တိုင်အမှတ်(၄) ပြုတ်ထွက်သွားပါကြောင်း၊ ချောင်းရေ တိုက်စားမှုကြောင့် Chute Floor တွင် (၄ လက်မ x ၈ လက်မx၃ လက်မ)ရှိ အပေါက်တစ်ပေါက်၊ Weir Crest အနီးတွင် (၄ လက်မ x ၄ လက်မ x ၃ လက်မ)ရှိ အပေါက် တစ်ပေါက် စုစုပေါင်း နှစ်ပေါက်နှင့် သဲထုတ်ပေါက် ကြမ်းခင်းနှင့် ရေလွှဲဆည်အထက် ညာဘက်ရှိ Slope Pitching (၅ ပေ x ၅ ပေ) ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ ပါကြောင်း၊ Chute Floor နှင့် သဲထုတ်ပေါက်ကြမ်းခင်းများသည် အပိုထပ် ဖြည့်စွက်ဆောင်ရွက်ထားသည့် ကွန်ကရစ်အလွှာများ ပျက်စီးခဲ့ပါကြောင်း၊
အဆိုပါပျက်စီးမှုများကို ကုမ္ပဏီမှ ချောင်းကြီးချောင်းအတွင်း ရေနည်းချိန် ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် Chute Floor ကို စတင်ပြုပြင်ဆောင်ရွက်ခဲ့ပါကြောင်း၊ အလျား ပေ ၈၀ ရှိသည့်အနက် ၄၀ ပေခန့် ပြုပြင်ဆောင်ရွက်ချိန်တွင် ချောင်းရေများလာသည့်အတွက် ခေတ္တရပ်နားခဲ့ရပါကြောင်း၊ ပြုပြင်ခြင်းလုပ်ငန်းများ ရပ်နားစဉ်အတွင်း ၂၅-၈-၂၀၁၇ ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် ချောင်းရေများ အဆမတန်စီးဆင်းလာသောကြောင့် ရေပိုလွှဲအထက် ၈ ပေ ခန့်ကျော်ကျခဲ့ပါကြောင်း၊ ရေကျော်ကျမှုကြောင့် ရေလွှဲဆည်၏ညာဘက် အောက်ပိုင်း ကျောက်စီလုပ်ငန်းတစ်ခန်း ပျက်စီးခဲ့ပါကြောင်း၊ အဆိုပါရေလွှဲဆည်၏ ပျက်စီးနေသောအပိုင်းများကို ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် စတင်ခဲ့ပါကြောင်း၊ မင်းပြည့်စုံကုမ္ပဏီမှ ပြန်လည်တာဝန်ယူခဲ့ပြီး ယခုအချိန်တွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနက ဝင်ရောက်ကြီးကြပ်ပေးရပါကြောင်း၊ အဆိုပါ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအားလုံး ပြီးစီးသွားပြီဖြစ်ပါကြောင်း၊
ဤကဲ့သို့ နည်းပညာဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာ နည်းပညာဆိုင်ရာဌာန၏ ကျွမ်းကျင်သူများနှင့်သာ ဆောင်ရွက်သင့်ပါကြောင်း၊ တင်ဒါစနစ်နှင့် လုပ်ငန်းအပ်နှံ ဆောင်ရွက်ခဲ့မှုကြောင့် သဘာဝဘေးဆိုင်ရာ ကြိုတင်တွက်ဆမှု အားနည်းချက်များရှိခဲ့သလို မလိုလားအပ်သော ယခုကဲ့သို့ ဖြစ်ရပ်များ ကြုံတွေ့လာသည့်အတွက်ကြောင့် အချိန်၊ ငွေကြေးအင်အား၊ လူမှုစီးပွားရေးအနေအထားများ ထိခိုက်နစ်နာမှုများ ရှိလာနိုင်ပါကြောင်း၊ နောင်တချိန်တွင် ဤကဲ့သို့ တည်ဆောက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာနည်းပညာရပ်ဖြင့် ဆောင်ရွက် အကောင်အထည်ဖော်သည့် ဌာနများမှ လိုအပ်သောစိစစ်မှုများ၊ စမ်းသပ်မှုများ၊ လေ့လာမှုများ၊ သုံးသပ်ချက်များနှင့် စီမံဆောင်ရွက်သွားသင့်ပါကြောင်း သက်ဆိုင်ရာတိုင်းဒေသကြီးသို့ အသိပေးညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားနိုင်ရန် စီမံဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။
