(ဂ)-မိုင်းပန်မြို့နယ် လယ်ယာမြေများ ရေလုံလောက်စွာ ပေးနိုင်ရန်၊ မြို့ရေပေးဝေမှု လုံလောက်နိုင်ရန် နန့်ပန်ချောင်းဖျား ဝိုးလိုင်းဒေသတွင် အလတ်စား ရေလှောင်တမံ တစ်ခု တည်ဆောက်ပေးရန်နှင့် လဝဆည်ပြန်လည်တူးဖော်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၈.၂.၂၀၁၈)

မိုင်းပန်မြို့နယ်အတွင်း လယ်ယာမြေများ ရေလုံလောက်စွာ ပေးနိုင်ရန်၊ နွေရာသီရေရှားပါးမှု ပြဿနာ ဖြေရှင်းနိုင်ရန်၊ မြို့ရေပေးဝေမှု လုံလောက်နိုင်ရန်အတွက် နန့်ပန်ချောင်းဖျား ဝိုးလိုင်းဒေသတွင် အလတ်စား ရေလှောင်တမံ တစ်ခု တည်ဆောက်ပေးရန်နှင့် အသေးစား ချောင်းပိတ်ဆည် ဖြစ်သော လဝဆည် တိမ်ကောလာမှုကို ပြန်လည်တူးဖော်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်သည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် မြို့ဖြစ်ပြီး ၉၅၀ စတုရန်းမိုင်ကျယ်ဝန်းကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နောက်ကျသည့် မြို့ဖြစ်သောကြောင့် ဆန်းစပါးနှင့်ကြက်သွန်ဖြူသီးနှံတို့ကိုသာ အဓိက စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ နှစ်စဉ် မိုးရာသီတွင်သာ အားထားစိုက်ပျိုးနိုင်ပြီး နွေရာသီ ရေခက်ခဲသည့်အတွက် မစိုက်ပျိုးနိုင်ကြောင်း၊ မြို့နယ်အတွင်းတွင် လယ်ယာမြေစိုက်ပျိုးမြေဧကပေါင်း တစ်သောင်းကျော်ရှိကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်‌ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ဒေသခံ တိုင်းရင်းသား လယ်ယာလုပ်လူတန်းစားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်အစိုးရ၏ အားပေးမှုဖြင့် ဆောင်ရွက်နိုင်ပါက ဒေသခံလယ်ယာလုပ်ကိုင်သူများ၏ လယ်ယာကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု ရှိမည်ဆိုပါကတစ်ဦးချင်းဝင်ငွေများ တိုးတက်လာပြီး ဒေသခံ တိုင်းရင်းသားများသည်လည်း အိမ်နီးချင်းနိုင်ငံများသို့ ရွှေ့ပြောင်းလုပ်သားများအဖြစ် သွားရောက်လုပ်ကိုင်မှု လျော့ကျသွားမည်ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများလည်း ပိုမိုရရှိလာမည် ဖြစ်ပါကြောင်း၊ ဒေသတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိုးရာသီတစ်ခုတည်းကိုသာ အားကိုးမည်ဆိုပါက မရနိုင်ပါကြောင်း၊ ဆည်ရေသောက်စနစ်ဖြင့် သီးထပ်၊ သီးညှပ်စိုက်ပျိုးခြင်းနှင်‌့ ကြက်သွန်ဖြူ သီးနှံစိုက်ပျိုးရန်အတွက် နွေရာသီရေလုံလောက်စွာ ရရှိမည်ဆိုပါက စိုက်ပျိုးမှုကဏ္ဍ အောင်မြင်မည် ဖြစ်ကြောင်း၊ မိုင်းပန်မြို့နယ်တွင် ရေဝပ် ဧရိယာအနည်းငယ်သာ ရှိသည့်အတွက် နမ့်ပန်ချောင်းပိတ် လဝဆည်ဟောင်းသည် နမ့်ပန်ချောင်းကို ချောင်းပိတ်တမံအဖြစ် တည်ရှိခဲ့ပြီး နွေရာသီ ရေပေးဝေနိုင်မှု မရှိပါကြောင်း၊ ထို့အပြင် ပြီခဲ့သည့် ၃ နှစ်ခန့်တွင် အစပြုပြီး နွေရာသီ၌ သစ်တောများ ပြုန်းတီးခြင်း၊ ရွှေ့ပြောင်းတောင်ယာများ စိုက်ပျိုးခြင်းတို့ကြောင့် မြို့နယ်လူထု အားထားရသည့် နမ့်ပန်ချောင်းရေသည် ခန်းခြောက်သွားသည့်အတွက်ကြောင့် နွေရာသီတွင် မစိုက်ပျိုးနိုင်သည့်အပြင် မီးဘေးအန္တရာယ်အတွက်လည်း မီးသတ်ကားများ ရေဖြည့်နိုင်ရန် မလုံလောက်သည့်အတွက် စိုးရိမ်စရာ ဖြစ်ခဲ့ကြောင်း၊

နွေရာသီ ရေရှားပါးသည့် အခက်အခဲကို ဖြေရှင်းရန်အတွက် ဒေသခံပြည်သူများ၏ တင်ပြချက်အရ နမ့်ပန်ချောင်းရေ ရာသီမရွေး စီးဆင်းစေရေးအတွက် နမ့်ပန်ချောင်း၏ ရေဝေရေလဲ တို့မောင်းဒေသ၊ ဝိုးလိုင်းချောင်းဖျား နေရာတွင် အလတ်စား တမံတစ်ခု တည်ဆောက်ပေးပါက ရေလှောင်နိုင်သည့် ပမာဏ များစွာရှိပြီး ကျေးရွာဒေသခံများ၏ စိုက်ပျိုးရေးဧရိယနှင့်လည်း လွတ်ကင်းမည် ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များပါဝင်သည့် ဌာနဆိုင်ရာအဖွဲ့များ၊ ဒေသခံများနှင့်ပူးပေါင်းပြီး မြေပြင်ကွင်းဆင်းခဲ့ကြရာ အဆိုပြုနေရာတွင် ရေလှောင်တမံ တစ်ခု တည်ဆောက်နိုင်ပြီး နွေရာသီအချိန် နမ့်ပန်ချောင်းသို့ ရေလွှတ်နိုင်သည်ကို တွေ့ရှိရပါကြောင်း၊

နမ့်ပန်ချောင်း၏ ရေဝေရေလဲ တို့မောင်းဒေသ၊ ဝိုးလိုင်းချောင်းဖျား နေရာမှ မိုင်းပန်မြို့ကို ရေပေးဝေ နိုင်ကြောင်း၊ ဌာနမှပညာရှင်များနှင့် ကွင်းဆင်းတိုင်းတာမှု ဆောင်ရွက်နိုင်ပါက ပိုမိုတိကျသည့် အဖြေ ထွက်ရှိလာမည် ဖြစ်ပါကြောင်း၊ ရေလှောင်တမံ တည်ဆောက်ပေးနိုင်ရန် ဌာနဆိုင်ရာနှင့် ဒေသခံပြည်သူများ၏ ဆွေးနွေးထောက်ခံပွဲကိုလည်း ၂၉-၄-၂၀၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ကန့်ကွက်မှု မရှိ အားလုံး သဘော တူညီခဲ့ကြပါကြောင်း၊

ဝန်ကြီးဌာနက မြေပြင်ကွင်း ဆင်းကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း၊ မူလရေလှောင်တမံဟောင်း ဖြစ်သည့် နမ့်ပန်ချောင်းပိတ် လဝဆည်ကိုရေဝပ်ဧရိယာ ကျယ်ပြန့်စေရန်အတွက် တိမ်ကောလာမှုကို ပြန်လည် တူးဖော်ပေးခြင်း ဆောင်ရွက်နိုင်ပါက နွေရာသီ ရေထိန်းထားနိုင်ပြီး ရေရှားပါးမှု အခက်အခဲကို ‌ဖြေရှင်းနိုင်မည် ဖြစ်သည့်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း‌ဝန်ကြီးဌာနမှ မိုင်းပန်မြို့နယ်အတွင်း လယ်ယာမြေများ ရေလုံလောက် စွာပေးနိုင်ရန်နှင့် နွေရာသီရေရှားပါးမှု ပြဿနာကို ဖြေရှင်းနိုင်ရန်၊ မြို့ရေပေးဝေမှု လုံလောက်နိုင်ရန်အတွက် နမ့်ပန်ချောင်းဖျား ဝိုးလိုင်းဒေသတွင် အလတ်စား ရေလှောင်တမံတစ်ခု တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် မူလရှိသည့် အသေးစား ချောင်းပိတ်ဆည် လဝဆည်တိမ်ကောလာမှုကို ပြန်လည်တူးဖော်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊  မိုင်းပန်မြို့နယ်အတွင်းရှိ လယ်ယာမြေ စိုက်ပျိုးရေ လုံလောက်စွာ ပေးဝေနိုင်ရန်နှင့် ဒေသအတွင်း သောက်သုံးရေ ဖူလုံစေရန်အတွက် ရေလှောင်တမံ တည်ဆောက်ပေးရန် အဆိုပြုသည့် နေရာသည် မိုင်းပန်မြို့နယ်၊ ဝိုးလိုင်းကျေးရွာအနီး ဝိုးလိုင်းချောင်းပေါ်တွင် တည်ရှိကြောင်း၊ ဝိုးလိုင်းချောင်းသည် တစ်နှစ်ပတ်လုံး ရေစီးဆင်းလျက်ရှိပြီး နမ့်ပန်ချောင်းထဲကို စီးဝင်ကြောင်း၊ နမ့်ပန်ချောင်းပေါ်တွင် လဝရေလွှဲဆည်ကို တည်ဆောက်ထားပြီး လယ်မြေဧက ၆၉၃ ဧကကို စိုက်ပျိုးရေ ပေးဝေလျက် ရှိကြောင်း၊ ဝိုးလိုင်းချောင်းပေါ်တွင် ရေလှောင်တမံ တည်ဆောက်နိုင်မည် ဆိုပါက လဝရေလွှဲဆည် ရေသောက်ဧရိယာ ၆၉၃ ဧက အပါအဝင် စုစုပေါင်း လယ်ယာမြေ ၁၂၂၃ ဧကကို စိုက်ပျိုးရေ ပေးဝေနိုင်မည့်အပြင် မိုင်းပန်မြို့နှင့် အနီဝန်းကျင်ရှိ ကျေးရွာများအတွက် သောက်သုံးရေလည်း ဖူလုံစွာ ပေးဝေနိုင်မည် ဖြစ်သည့်အတွက် ဝိုးလိုင်းရေလှောင်တမံ တည်ဆောက်ရန် ဖြစ်မြောက် နိုင်စွမ်း ရှိ/မရှိ ဆန်းစစ်လေ့လာရန်အတွက် အကြိုစူးစမ်းတိုင်းတာ လေ့လာခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုစီးပွားဘဝ ထိခိုက်ပျက်စီးမှု ဆန်းစစ်လေ့လာခြင်း စသည့် လုပ်ငန်းရပ် များကို ဆောင်ရွက်ပြီး စီမံကိန်းဆောင်ရွက်ရန် ဖြစ်မြောက်နိုင်စွမ်းရှိပြီး စီမံကိန်းကုန်ကျ စရိတ်နှင့်  လူတို့ ခံစားရမည့် အကျိုးအမြတ် အခြေအနေကို စိစစ်ကာ ဒီဇိုင်းပုံစံပြုပြီး ခန့်မှန်းကုန်ကျငွေ တွက်ချက်မှုနှင့် အတူ လိုအပ်ရန်ပုံငွေကို ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ-စက်တင်ဘာလ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းတောင်းခံဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင် မြေပြင်တိုင်းတာခြင်း လုပ်ငန်းကိုသာ ဆောင်ရွက်နိုင်ခဲ့ပြီး၊ ဘူမိဗေဒနှင့် ဇလဗေဒဆိုင်ရာ စူးစမ်းလေ့လာခြင်း လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်နေကြောင်း၊ စူးစမ်းလေ့လာမှုများအရ စီမံကိန်း ဆောင်ရွက်ရန် ဖြစ်မြောက်နိုင်စွမ်း ရှိ/မရှိနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးနိုင်မှုရှိ/မရှိ ဆန်းစစ်လေ့လာခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊

လဝရေလွှဲဆည်သည် နမ့်ပန်ချောင်းပေါ်တွင် တည်ရှိသည့်အတွက် ဒေသက တည်ဆောက် ထိန်းသိမ်း ထားသည့် ကွန်ကရစ် ရေလွှဲဆည်တစ်ခု ဖြစ်ပါကြောင်း၊ လယ်ယာမြေ ၆၉၃ ဧကကို စိုက်ပျိုးရေ ပေးဝေနေသည့်အပြင် မိုင်းပန်မြို့နှင့်အနီးဝန်းကျင်ရှိ ဟိုဖိုင်လုံကျေးရွာ ဒေသခံပြည်သူများ သောက်သုံးရေ ရရှိရေးကိုလည်း အကျိုးပြုနေပါကြောင်း၊ လဝရေလွှဲဆည်သည် မိုင်းပန်ချောင်း သဲနုန်းပို့ချမှု များပြားပြီး တိမ်ကောလာသည့်အတွက် သဲနုန်းပြန်လည် တူးဖော်ပေးရေးအတွက် လိုအပ်မည့် ရန်ပုံငွေကို ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ် အစိုးရအဖွဲ့ သာမန် အသုံးစရိတ်ရန်ပုံငွေတွင် ခွဲဝေချထားပြီး ဖြစ်သည့်အတွက် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာတွင် လုပ်ငန်းပမာဏ၏ ၅၀ ရာခိုင်နှုန်း ဆောင်ရွက် ပြီးဖြစ်သည်ကို တင်ပြအပ်ပါကြောင်း၊

ဒေသခံ တောင်သူများသည် နမ့်ပန်ချောင်း နံဘေး ကြက်သွန်ဖြူနှင့် ပဲပုတ်များစိုက်ပျိုးထားသည့်အတွက် စက်ယန္တရားများနှင့် လုပ်ငန်းဆောင်ရွက်သည့် နေရာတွင် စိုက်ခင်းများနှင့် လွတ်ကင်းမှု မရှိနိုင်သည့် အတွက်  သီးနှံများ ရိတ်သိမ်းပြီးချိန်ဖြစ်သည့် မတ်လ ပထမပတ် အတွင်းတွင် လုပ်ငန်းများကို ဆက်လက်ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊

မိုင်းပန်မြို့နယ်အတွင်းရှိ ဝိုးလိုင်းရေလှောင်တမံ တည်ဆောက်ရန် ဖြစ်မြောက်နိုင်စွမ်း ရှိ/မရှိ စူးစမ်း လေ့လာ တိုင်းတာခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီး၊ ဖြစ်မြောက်နိုင်စွမ်း ရှိပါက ဒီဇိုင်းပြုတွက်ချက်ပြီး ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေတွင် ထည့်သွင်းတောင်းခံ သွားမည် ဖြစ်ကြောင်း၊ ရန်ပုံငွေခွဲဝေရရှိပါက ဆောင်ရွက်သွားမည်ကို တင်ပြအပ်ပါကြောင်း၊

လဝရေလွှဲဆည်သည် သဲနုန်းတူးဖော်ခြင်း လုပ်ငန်းအနေဖြင့် တောင်သူတွေစိုက်ပျိုးထားသည့် သီးနှံများရိတ်သိမ်းပြီးသည့်အချိန် ၂၀၁၈ ခုနှစ် မတ်လ ပထမအပတ်တွင် ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လုပ်ငန်းများကို ယခုဘဏ္ဍာရေးနှစ်အတွင်းအပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ် ရှင်းလင်းဖြေကြားပါသည်။