(က)-သာစည်မြို့နယ်အတွင်းရှိ ညောင်ရမ်း- မင်းလှကန်ပေါင်အား ပုံစံကျတည်ဆောက်ပေးရန်နှင့် ရေပေးဝေနေသော အမှတ်(၁)၊ အမှတ်(၅)မြောင်းများကို ပုံစံကျ ပြန်လည်တူးဖော်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၈.၂.၂၀၁၈)

သာစည်မြို့နယ် ညောင်ရမ်း-မင်းလှကန်ကြီးကို ပုံစံတကျတူးဖော်၊ ရေပေးဝေရေးအတွက် မြောင်းများကို ပုံစံကျ ပြန်လည်တူးပေးရန် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့ကြောင်း၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်ဖြေကြားရာတွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှစ၍ သက်ဆိုင်ရာ ဘတ်ဂျက်နှစ်အလိုက် ဆောင်ရွက်ပေးမည်ဟု ဖြေကြားခဲ့ကြောင်း၊ ဆောင်ရွက်ပေးမည်ဟု ဖြေကြားခဲ့သော်လည်း ညောင်ရမ်း-မင်းလှကန်ကြီး၏ ကန်ပေါင်ပုံစံကျ မြေဖို့ခြင်း လုပ်ငန်းနှင့် ရေပေးမြောင်း အမှတ်(၁)နှင့် အမှတ်(၅)တို့ကို ပုံစံကျပြုပြင်ပေးရန် ဆောင်ရွက်ပြီးမှသာ တောင်သူများ လိုအပ်နေသည့် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်နိုင်ပြီး စနစ်တကျ ရေပေးဝေနိုင်မည် ဖြစ်ကြောင်း၊ ညောင်ရမ်း-မင်းလှကန်၏ ကန်ပေါင်ကို ပုံစံကျမြေဖို့ခြင်း လုပ်ငန်းနှင့် ရေပေးမြောင်း အမှတ်(၁)နှင့် အမှတ်(၅)တို့ကို ပုံစံကျပြန်လည်တူးဖော်ပေးခြင်းလုပ်ငန်း တို့ကို ဆက်လက် ဆောင်ရွက်နိုင်ရန် အစီအစဉ် ရှိ/မရှိ မေးမြန်းအပ်ပါသည်။


ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်ရှိ ညောင်ရမ်းကန်သည် ကန်ပေါင်အလျားပေ ၂၅၅၀၀ နှင့် မင်းလှကန်သည် ကန်ပေါင်အလျားပေ ၂၄၅၀၀ ပေရှိကြောင်း၊ စုစုပေါင်း ညောင်ရမ်း-မင်းလှကန်၏ ကန်ပေါင်အလျားသည် ပေ ၅၀၀၀၀ ရှိကြောင်း၊ ညောင်ရမ်း-မင်းလှကန်သည် ကန်ပေါင် အားဖြည့်ခြင်းနှင့် မြှင့်တင်ခြင်း လုပ်ငန်း၊ ရေပိုလွှဲ ရေဝင်မြောင်းနှင့် ရေထုတ်မြောင်းများ တူးဖော်ခြင်းလုပ်ငန်း၊ ဆည်ရေသောက်စနစ် ပြုပြင်ခြင်းလုပ်ငန်းများကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် မှစပြီး ရန်ပုံငွေရရှိငွေဖြင့် ဆောင်ရွက်ခဲ့သည့်အချိန်တွင် ညောင်ရမ်းကန်၏ စုစုပေါင်းအလျား ၄၄၅၃ ပေကို ပြုပြင်ဆောင်ရွက်ခြင်း၊ ညောင်ရမ်းမင်းလှကန် အမှတ်(၃)၊ အမှတ်(၄)၊ အမှတ်(၅)၊ အမှတ်(၅-က)နှင့် အမှတ်(၆-က)မြောင်းများ ပုံစံကျ ပြုပြင်ခြင်း၊ တူးမြောင်း အဆောက်အုံ ၄၁ ခု၊ တံတား နှစ်စင်း တည်ဆောက်ပြုပြင်ခြင်းနှင့် ကျောက်တိုင်စီခြင်း၊ ညောင်ရမ်းကန် အမှတ်(၁) ရေပိုလွှဲ၊ ရေထုတ်မြောင်း တူးဖော်ခြင်း၊ အမှတ်(၂) သောတပန် ရေပိုလွှဲ ရေထုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်း၊

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် သီးသန့်ရန်ပုံငွေမှ ရန်ပုံငွေ ကျပ်သန်း ၄၆၀ ရရှိခဲ့ပြီး ညောင်ရမ်းကန် ရေဝင်ချောင်းတွေဖြစ်သည့် ဆွေ့ချောင်းနှင့် မင်းလှကန် ရေဝင်ချောင်း ဇီးတောချောင်းတို့ကို သဲနုန်း တူးဖော်ခြင်း လုပ်ငန်းများအတွက် ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေး နှစ်တွင် ရန်ပုံငွေ ကျပ်သန်း ၁၂၀၀ ရရှိခဲ့ပြီး မင်းလှကန်တွင် ကန်အတွင်း သဲနုန်းတူးဖော်ခြင်း၊ မင်းလှ ကန်ပေါင် အလျားပေ ၆၁၅၀ ကို ကန်ပေါင် ပုံစံကျပြုပြင်ခြင်း၊ အမှတ်(၇) ရေပေးမြောင်းမကြီး ပြုပြင်ခြင်း၊ မြောင်းခွဲ လေးခု ပုံစံကျပြုပြင်ခြင်းနှင့် ရေပေးအဆောက်အုံများ ပြုပြင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေကျပ်သန်း ပေါင်း ၁၀၀၀ ရရှိခဲ့မှုနှင့်အညီ မင်းလှကန် ကန်အတွင်း သဲနုန်းတူးဖော်ခြင်း၊ မင်းလှကန်ပေါင် အလျားပေ ၅၂၀၀ အား ကန်ပေါင် ပုံစံကျ ပြုပြင်ခြင်းနှင့် အမှတ်(၆-က)နှင့် အမှတ်(၆-မ) ရေပေး မြောင်းများ ပုံစံကျပြုပြင်ခြင်းနှင့် ရေပေး အဆောက်အအုံများ ပြုပြင်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း၊

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ညောင်းရမ်း-မင်းလှကန်ပေါင် ပုံစံကျ ပြုပြင်ခြင်းနှင့် ကန်အတွင်း သဲနုန်းတူးဖော်ခြင်း၊ ဆည်ရေသောက်စနစ် ပြုပြင်ခြင်း လုပ်ငန်းများသည် လုပ်ငန်း ပမာဏကြီးမားသည့် အတွက်  နှစ်စဉ်ရန်ပုံငွေ တင်ပြတောင်းခံ ဆောင်ရွက်ခဲ့သော်လည်း ညောင်ရမ်း-မင်းလှကန် အမှတ်(၁) နှင့် အမှတ်(၅)မြောင်းများ ပုံစံကျ ပြန်လည်တူးဖော်ခြင်း၊ ရေပေး အဆောက်အအုံ ပြုပြင်ခြင်းလုပ်ငန်းများ အတွက် လိုအပ်ရန်ပုံငွေကို ပြည်ထောင်စုရန်ပုံငွေတွင် တင်ပြတောင်းခံခဲ့ကြောင်း၊ လုပ်ငန်းများ ဦးစားပေး အစီအစဉ်အရ ရန်ပုံငွေ ခွဲဝေရရှိခဲ့ခြင်း မရှိသည့်အတွက် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ခြင်း မရှိသေးသည့် အခြေအနေဖြစ်ပါကြောင်း၊ လိုအပ်ရန်ပုံငွေကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေတွင် ဆက်လက် တင်ပြတောင်းခံရန် လျာထားပြီး ဖြစ်ပါကြောင်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွင်းတွင် ကျန်ရှိသည့် လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ်ငွေကို တင်ပြ တောင်းခံ ဆောင်ရွက်သွားမည်ကို တင်ပြအပ်ပါကြောင်း၊ ညောင်းရမ်း-မင်းလှကန် ပုံစံကျပြုပြင်ခြင်း၊ ဆည်ရေသောက် စနစ် ပြုပြင်ခြင်းနှင့် ဆက်စပ် လုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အလိုက် ခွင့်ပြုရန်ပုံငွေ ရရှိမှုအပေါ် မူတည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ရှင်းလင်းဖြေကြားအပ်ပါသည်။