နိုင်ငံပိုင်စက်ရုံအချို့ကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ အခကြေးငွေနှင့် နှစ်ချုပ် စာချုပ်ချုပ်ပြီး ငှားရမ်းရာတွင် ငှားရမ်းလုပ်ကိုင်သူအနေဖြင့် မူလငှားရမ်းစဉ်လုပ်ကိုင်သောလုပ်ငန်းမှာ အဆင်မပြေတော့သောကြောင့် အခြားလုပ်ငန်းတစ်ခုကို ပြောင်းလဲလုပ်ဆောင်ရာတွင် နိုင်ငံတော်သို့ ပေးဆောင်ရသော အခကြေးငွေကို နှုန်းထားပြောင်းလဲပြီး စာချုပ်ချုပ်ရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း
နိုင်ငံပိုင်စက်ရုံအချို့ကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ နှစ်ချုပ်စာချုပ်များချုပ်ဆိုပြီး ငှားရမ်းရာတွင် စာချုပ်ပါ သတ်မှတ်ချက်များ၊ ရည်မှန်းချက်များအတိုင်း မဆောင်ရွက်ဘဲ လုပ်ငန်းများပြောင်းလဲလုပ်ဆောင်မှုများ ရှိနေပါကြောင်း၊ မိမိမဲဆန္ဒနယ်ရှိ အုတ်တွင်းချဉ်ပေါင်ပျော့ဖက်စက်ရုံကို ၂၀၀၂ ခုနှစ်တွင် စတင်တည် ထောင်ပြီး ၂၀၀၇ ခုနှစ်တွင် စတင်လည်ပတ်ခဲ့ပါကြောင်း၊ ထိုသို့လည်ပတ်ရာတွင် စက်ပြင်ဆင်မွမ်းမံရန် လိုအပ်သော ရန်ပုံငွေခက်ခဲခြင်း၊ စက်များ၏အရည်အသွေးကျဆင်း၍ စွမ်းအားပြည့် မလည်ပတ်နိုင်ခြင်း၊ လိုအပ်သော ကုန်ကြမ်းလျှော်များ အပြည့်အဝမရရှိခြင်းတို့ကြောင့် နှစ်စဉ်အရှုံးပေါ်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် စက်ရုံအား ပုဂ္ဂလိကသို့ငှားရမ်းရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခဲ့ပါကြောင်း၊ စက်ရုံတည်ဆောက်ချိန်နှင့် လုပ်ငန်းလည်ပတ်သည့်အချိန်ကာလ များစွာမကြာသေးမီ စက်များ၏အရည်အသွေးကျဆင်း၍ စွမ်းအား ပြည့် မလည်ပတ်နိုင်ခြင်းမှာ သဘာဝမကျပါကြောင်း၊ စတင်ပြီးတည်ဆောက်စဉ်ကတည်းက အရည် အသွေး ပြည့်မီခြင်းမရှိသည့် တစ်ပတ်ရစ်စက်များကို ဝယ်ယူတပ်ဆင်ထားခြင်းရှိ/မရှိ သံသယဖြစ်စရာရှိပြီး ကုန်ကျခဲ့သည့် နိုင်ငံတော်ဘတ်ဂျက်များသည်လည်း အလဟဿဖြစ်စေခဲ့ပါကြောင်း၊
ထို့အပြင် စက်ရုံမတည်ခင်ကတည်းက လိုအပ်သောကုန်ကြမ်း၊ လုပ်အားနှင့် အခြားသွင်းအားစုများ ပြည့်ပြည့်ဝဝရရှိနိုင်မှုရှိ/မရှိကို လေ့လာမှုမရှိဘဲ တည်ဆောက်ခဲ့သည်မှာ ပေါ်လွင်နေသကဲ့သို့ စက်ရုံတည် ဆောက်စဉ်ကလည်း ဒေသခံပြည်သူများ၏ လယ်ယာမြေနှင့်အခြားမြေ ၃၁၁ ဧကကို တစ်စုံတစ်ရာ လျော်ကြေးပေးထားခြင်းမရှိဘဲ သိမ်းဆည်းကာတည်ဆောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊
နိုင်ငံတော်အစိုးရ၏မူဝါဒအရ အရှုံးပေါ်သည့်စက်ရုံများအား နိုင်ငံပိုင်ကဏ္ဍမှ ပုဂ္ဂလိကကဏ္ဍသို့ လွှဲပြောင်း စေခြင်းအားဖြင့် စက်ရုံအတွက်နှစ်စဉ်လိုအပ်စေတတ်သော ပြုပြင်ထိန်းသိမ်းရေး၊ ကုန်ကျငွေများအပါအဝင် နိုင်ငံခြားမှဝယ်ယူအစားထိုးလဲလှယ်တပ်ဆင်ရန် လိုအပ်သော စက်အပိုပစ္စည်းများဝယ်ယူရန်အတွက် နိုင်ငံခြားငွေလိုအပ်ချက်အား ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုမှပင် ကျခံဆောင်ရွက်မည်ဖြစ်သည့်အတွက် နိုင်ငံတော်၏ကုန်ကျစရိတ်များ သက်သာမှုရှိမည်မှာ အမှန်ဖြစ်ပါကြောင်း၊ ထို့အတွက် အုတ်တွင်းချဉ်ပေါင် ပျော့ဖက်စက်ရုံကို ပုဂ္ဂလိကကဏ္ဍသို့ လွှဲပြောင်းလုပ်ကိုင်စေရာတွင် ၁-၁-၂၀၁၃ ရက်နေ့တွင် ကျော်ထက် ကျော်ကုမ္ပဏီမှ တစ်နှစ်လျှင် ၈၀ သိန်းနှုန်းဖြင့် နှစ် ၃၀ ငှားရမ်းစာချုပ်ချုပ်ခဲ့ပါကြောင်း၊ ငှားရမ်း သဘောတူစာချုပ်တွင်လည်း ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် တပ်ဆင်ထားသောစက်ကိရိယာများအား ပြင်ဆင်ဖြည့်စွက်ခြင်း၊ မွမ်းမံခြင်း၊ ချဉ်ပေါင်လျှော်ဖြင့် ပြုလုပ်သော ကမ္ဘာ့အဆင့်မီချဉ်ပေါင်ပျော့ဖက်များ ထုတ်လုပ်နိုင်စေရန် ဆောင်ရွက်ခြင်းဖြင့် အရည်အသွေးမြင့်မားသော စက်ရုံဖြစ်ပေါ်လာပြီး နိုင်ငံတော်၏ စက်မှုအခန်းကဏ္ဍအား မြှင့်တင်နိုင်စေရန်ဟု ပါရှိသော်လည်း လက်တွေ့မြေပြင်ပကတိအခြေအနေတွင် အကြောင်းပြချက်အမျိုးမျိုးဖြင့် ငှားရမ်းစာချုပ်ချုပ်စဉ်ကတည်းက ယခုအချိန်ထိ စက်ရုံသည် လည်ပတ် ခြင်းမရှိတော့ပါကြောင်း၊
စက်ရုံမလည်ပတ်ခြင်းကြောင့် စက်ရုံ၏ဝန်ထမ်းလစာ၊ လျှပ်စစ်ဓာတ်အားခနှင့် အခြားစီမံစရိတ်များ ကုန်ကျသက်သာသည်မှာ အမှန်ဖြစ်သော်လည်း ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးသကဲ့သို့ အလုပ်ရပ်ဆိုင်းခြင်းခံရသောဝန်ထမ်းများ၏ နစ်နာမှုအတွက်လည်း တစ်စုံတစ်ရာ ထောက်ပံ့ကူညီပေးမှုများ မရရှိခဲ့ပါကြောင်း၊ စာချုပ်ပါရည်ရွယ်ချက်များကို အကောင်အထည်မဖော်ဘဲ စက်ရုံငှားရမ်းခကိုလည်း ဒေသခံပြည်သူများထံမှ မတရားသိမ်းဆည်းထားသော လယ်ယာမြေများအနက်မှ ဧက ၁၆၀ ခန့်ကို တောင်သူလယ်သမားများထံသို့ နွေ၊ မိုး တစ်သိန်းဖြင့် သီးစားချငှားရမ်း လုပ်ကိုင်စေပြီး ၎င်းငှားရမ်းခမှရရှိသည့်ငွေများဖြင့် ပေးဆောင်ပြီး အသားတင်အမြတ်ကို ခံစားနေခြင်း ဖြစ်သည့်အတွက် ဒေသခံတောင်သူများသည် လယ်ပိုင်ရှင်ဘဝမှ သီးစားအဖြစ်သို့ ရောက်ရှိသွားသည့်အတွက် နိုင်ငံပိုင် စက်ရုံအချို့ကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ အခကြေးငွေနှင့် နှစ်ချုပ်စာချုပ်ချုပ်ပြီး ငှားရမ်းရာတွင် ငှားရမ်း လုပ်ကိုင်သူအနေဖြင့် မူလငှားရမ်းစဉ်လုပ်ကိုင်သောလုပ်ငန်းမှာ အဆင်မပြေတော့သည့်အတွက် အခြား လုပ်ငန်းတစ်ခုကို ပြောင်းလဲလုပ်ဆောင်ရာတွင် နိုင်ငံတော်သို့ ပေးဆောင်ရသော အခကြေးငွေကို နှုန်း ထားပြောင်းလဲပြီး စာချုပ်ချုပ်ရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးဖော်ဆောင်ရာတွင် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေ ဘတ်ဂျက်အသုံးစရိတ်များ ကန့်သတ်ချက်များရှိလာခြင်း၊ အစိုးရကသာဆောင်ရွက်သည့် နိုင်ငံပိုင်လုပ်ငန်းများဖြစ်သော SOE များ လျှော့ချရန်လိုအပ်ခြင်းနှင့် ပုဂ္ဂလိကအခန်းကဏ္ဍမြှင့်တင်ရန် လိုအပ်သော အချက်အလက်များအပေါ်အခြေခံပြီး နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံ၊ မြေနှင့်အဆောက်အအုံ များကို နိုင်ငံတော်ပိုင်အဖြစ်မှ မပျောက်ပျက်စေဘဲ ပုဂ္ဂလိကလုပ်ငန်းရှင်များကို ကာလတို၊ ကာလရှည် ငှားရမ်းဆောင်ရွက်ခွင့်ပြုခဲ့ပါကြောင်း၊
နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ အခကြေးငွေဖြင့် နှစ်ချုပ်စာချုပ်ချုပ်ပြီး ငှားရမ်းရာတွင် ငှားရမ်းလုပ်ကိုင်သူအနေဖြင့် မူလငှားရမ်းလုပ်ကိုင်နေသောလုပ်ငန်းသည် အဆင်မပြေ တော့သည့်အတွက် အခြားသောလုပ်ငန်းတစ်ခုကို ပြောင်းလဲလုပ်ဆောင်လိုပါက အငှားချထားသော ဝန်ကြီးဌာန၏သဘောတူခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရမည့်အခြေအနေ ဖြစ်ပါကြောင်း၊ အငှားချထားခြင်း ခံရသူ (ပုဂ္ဂလိကလုပ်ငန်းရှင်)က မူလအငှားစာချုပ်တွင်မပါဝင်သော အခြားလုပ်ငန်းပြောင်းလဲ ဆောင်ရွက် ရန် တင်ပြလာပါက ဝန်ကြီးဌာနအနေဖြင့် ပြန်လည်စိစစ်သုံးသပ်ခြင်း၊ ဆက်စပ်ဌာနများ၏ အကြံဉာဏ်များ ရယူခြင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ သဘောထားများရယူခြင်းစသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဦးစွာဆောင်ရွက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခွင့်ပြုချက်ဖြင့် စီမံဆောင်ရွက်ရပါကြောင်း၊ ထို့နောက် လုပ်ငန်းဆောင်ရွက်ရန် မြေအသုံးချမှု၊ အဆောက်အအုံတိုးချဲ့ခြင်း၊ ပြင်ဆင်ခြင်းတို့ကို ဝန်ကြီးဌာန၏ခွင့်ပြုချက်ကို ပြန်လည်ရယူစေပြီး ငှားရမ်းခများ လိုအပ်ပါက Third Party အနေဖြင့် ကွင်းဆင်းစစ်ဆေးမှု၊ ဒေသကာလပေါက်ဈေးများနှင့်နှိုင်းယှဉ်ပြီး ငှားရမ်းနှုန်းထားများ သင့်လျော်မှုရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြန်လည်တင်ပြအတည်ပြုချက်ရယူပြီး စာချုပ် ပြင်ဆင်ချုပ်ဆို ဆောင်ရွက်ရပါကြောင်း၊
အုတ်တွင်းချဉ်ပေါင်လျှော်စက်ရုံအနေဖြင့် မူလရည်မှန်းချက်ပါ လုပ်ငန်းများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအားနည်းသည့်အတွက် အဆိုပါကုမ္ပဏီကို မိမိတို့ဝန်ကြီးဌာနရှိ ပုဂ္ဂလိကပိုင်စက်ရုံ၊ အလုပ်ရုံ၊ ခြံ၊ စိုက်ကွင်းများ ငှားရမ်းရေးကော်မတီကတွေ့ဆုံပြီး လိုအပ်သည့်အသိပေးမှု၊ သတိပေးမှုများ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ အခြားသော ၎င်းတို့၏ဒေသနှင့်ကိုက်ညီမည့် လုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်လိုပါက Project Proposal ပြန်လည်တင်ပြပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရမည့်အကြောင်းလည်း အသိပေးဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊
မြေယာများနှင့်စပ်လျဉ်းပြီး အရှုပ်အရှင်း ရှင်းလင်းသွားရန်အတွက် ပြန်လည်စိစစ်ပြီး အကယ်၍ ထပ်မံ တင်ပြဆောင်ရွက်မည့် လုပ်ငန်းအပေါ်မူတည်ပြီး ၎င်းစာချုပ်ကိုမချုပ်ဆိုမီ မြေယာအရှုပ်အရှင်းများ ရှိပါက လုပ်ထုံးလုပ်နည်း၊ ဥပဒေနှင့်အညီ ဆက်လက်စီမံဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
