(င)-ပြည်သူများ အခွန် ထမ်းဆောင်လိုစိတ်မြင့်မား လာစေရန်ပိုမိုကောင်းမွန်ထိရောက်သောအ ခွန်ကောက်ခံသည့်စနစ်ဖြစ်ပေါ်လာစေရေး အတွက်ဆောင်ရွက်ရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး တတိယနေ့ (၂၀.၁.၂၀၁၄)

ဦးမြင့်စိုး (ပျော်ဘွယ်)နိုင်ငံတစ်နိုင်ငံ၌ ဒီမိုကရေစီစနစ်ကိုကျင့်သုံးရာတွင် နိုင်ငံတော်တည်ဆောက်ရေး၊ ကာကွယ်ရေးအတွက် အခွန်စနစ်သည် လွန်စွာအရေးပါပါကြောင်း၊ မိမိတင်ပြလိုသည့် အခွန်အခရသည် ဆိုသည်မှာ ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ကောက်ခံသည့် အခွန်များ သာမကဘဲ အခြားဝန်ကြီးဌာနအသီးသီးက ကောက်ခံသော အခွန်အခများ ကိုလည်း ဆိုလိုပါကြောင်း၊ ယနေ့နိုင်ငံတော်တွင်  ပြည်သူများအနေဖြင့် ကောက်ခံသည့်စနစ်ကို ကောင်းစွာနား လည်သည် ဟု မဆိုနိုင်သေးပါကြောင်း၊ လုပ်ငန်းရှင်ကြီးများ၊ အခွန်နှင့် ဆက်စပ် လုပ်ငန်းရှင်များသာ အနည်းငယ်နားလည်သည်ဟု မိမိအနေဖြင့် မှတ်ယူမိပါကြောင်း၊ သို့ဖြစ်ပါ၍  ယနေ့နိုင်ငံတော်တွင် နည်းအမျိုးမျိုးဖြင့် အခွန်ဆောင်မှု များကြောင့် နိုင် ငံတော်အတွက် ရသင့်ရထိုက်သော အခွန်များ၊ အခွန်အခရငွေများ လွန်စွာနစ်နေရ ပါကြောင်း။

ယနေ့ အကောက်အခွန်စစ်ဆေးမှု ရှောင်တိန်းမှုများကို စစ်ဆေးရာတွင် ယခင်ကောက်ခံနေသော အခွန်များထက် ၁၀ ဆကျော် ရရှိနေကြောင်း၊ ထိုကဲ့သို့ အခွန်ကောက်ခံရာတွင် စားသောက်ဆိုင်များ၊ စူပါမားကတ်ကြီးများ တွင်လည်း အခွန်ကောက်ခံမှုများ၌ အများ ပြည်သူများထံမှ အခွန်ကောက်ခံမည့် ပြေစာများကို ၎င်းတို့၏ ကွန်ပျူတာ များမှ ထုတ်ပေးသောပြေစာများ ဖြင့်သာ ထုတ်ပေးထားပြီး သက်ဆိုင် ရာမြို့နယ် အခွန်ဦးစီးဌာနမှ ပေးဆောင်သော အခွန်ရုံးတံဆိပ်၊ ထင်ရှားတဲ့တံဆိပ်များ၊ ပြေစာများမပါရှိသည့် အတွက် ပြည်သူ့ငွေများနိုင်ငံတော်သို့တိကျစွာ မဝင်နိုင်သည်ကို သုံးသပ်ရရှိပါကြောင်း။

ထိုကဲ့သို့မဖြစ်စေရန်အတွက်ကိုလည်း သက်ဆိုင်ရာ အခွန်ထမ်းပြည်သူ၊ သက်ဆိုင်ရာအခွန် ကောက်ခံသော တာဝန်ရှိသူများ ပူးပေါင်း၍ အဂဓိမလိုက်စားဖို့လည်း ကြီးကြပ်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် တင်ပြလို သည်မှာ ဖွဲ့စည်းပုံ အ‌ခြေခံဥပဒေပုဒ်မ ၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက် များကို ပေးဆောင်ရန်တာဝန်ရှိသည် ဆိုသောတာဝန်ကို ကျေပြွန်စွာထမ်းဆောင်လာစေရန်နှင့် ပြည်သူများကို အခွန်ထမ်းဆောင်လိုစိတ် မြင့်မားလာစေရန်အတွက် အခွန်ရှောင်တိန်းခြင်းသည် ရှက်ဖွယ် ကိစ္စဖြစ်ကြောင်း၊ အခွန်ထမ်းဆောင်ခြင်းသည် အများအကျိုးသယ်ပိုးခြင်းစိတ်ဓါတ်ဖြစ်ကြောင်း၊ အခွန်ရှောင်သူ များကို အများပြည် သူများရဲ့ ကဲ့ရဲ့ရှုံ့ချပြစ်တင်ခံရနိုင်ကြောင်း၊ အခွန်ထမ်းဆောင်ခြင်း ကို ဂုဏ်တက်စေရန် ပြည်သူများဟာ အသိ ပညာပေးစေလိုကြောင်းနှင့် သက်ဆိုင်ရာပညာရေးဌာန စာသင်ကျောင်းများတွင်လည်း နိုင်ငံသားကျောင်း သားကျောင်းသူများ နားလည်အောင် အသိပညာပေး သင်ကြားခြင်းပြုလုပ်သင့်သည်ဟု ယူဆပါကြောင်း။

ဥပဒေ၊ နည်းဥပဒေ အမိန့်၊ ညွှန်ကြားချက်များကိုလည်း မလိုအပ်ဘဲ ထိန်းချုပ်စည်းကမ်းများဖြင့် ထိန်းချုပ်နေပါက တိကျမှုမရှိဘဲ သက်သာမှုရစေရန်အတွက် လုပ်ပိုင်ခွင့်ရှိသူနှင့် ပူးပေါင်းဆောင်ရွက်မှုကြောင့် အဂဓိလိုက်စားမှု များ ရှိနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်း ညွှန်ကြား ချက်များကို အခွန်ကောက်ခံမှုနှင့်ပတ်သက်၍ ထုတ်ပြန်ရာတွင် ပြည်သူများ နားလည်ရှင်းလင်း လွယ်ကူသော နည်းလမ်းများကိုကျင့်သုံး၍ စီမံသွားခြင်းဖြင့် အဂဓိကင်းရှင်းပြီး ပြည်သူ့ ဘဏ္ဍာငွေများ နိုင်ငံတော်သို့ အပြည့်အဝ ဝင်လာနိုင်ကြောင်း။

ထို့ကြောင့် မိမိမေးမြန်းလိုသည့် မေးခွန်းမှာ ယနေ့မြန်မာ နိုင်ငံသည် ဒီမိုကရေစီစနစ်ကိုကျင့်သုံးနေရာ တွင် နိုင်ငံတော်၏ အသုံးစရိတ်များကို အခွန်အခရငွေများ ပေါ်တွင် အခြေခံသုံစွဲရခြင်းရှိသဖြင့် ယနေ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တွင် အခွန်စနစ်ကို ပြည်သူများပိုမိုရှင်းလင်း လွယ်ကူစေနိုင်မည့် အခွန် ကောက်ခံသည့် စနစ်အား ပိုမိုတိကျစွာဆောင်ရွက်ခြင်း ဥပမာစားသောက်ဆိုင်ကြီးများ၊ စူပါမားကတ်များတွင် အခွန်ကောက်ခံရာ၌ သက်ဆိုင်ရာ အခွန်ဦးစီရုံး၏ တရားဝင်ပြေစာမပါသဖြင့် နိုင်ငံတော်သို့ အခွန်ငွေများဝင်ရန် ခက်ခဲခြင်း၊ ပြည်သူများ အခွန်ထမ်းဆောင်စိတ် မြင့်မားစေရန် မီဒီယာမှတစ်ဆင့် အသိပညာပေးခြင်းစသည့် ယခု တင်ပြချက်အချက်အ လက်များကို အကောင်အထည်ဖော်ရန် ပိုမိုကောင်းမွန်ရာ (၁)ကျွမ်းကျင်သော ပညာရှင်များဖြင့် တိုင်ပင်၍ လည်းကောင်း၊ (၂) အောက်ခြေမြို့နယ်တွင်ပြည်သူများ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ အကြံဉာဏ်များရယူကာ ပိုမိုကောင်းမွန်ထိရောက်သော အခွန်ကောက်ခံသည့် စနစ်ဖြစ်ပေါ် လာစေရေးအတွက် ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။         


 

ဖြေကြားသူ
ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်
အဖြေ

ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်မြန်မာနိုင်ငံတွင် လက်ရှိကောက်ခံနေသော အခွန်အမျိုးအစား ၁၄ မျိုးတွင် ပြည်တွင်းအ ခွန်များ ဦးစီးဌာနအနေဖြင့် ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်၊ အောင်ဘာလေသိန်းဆု ခွန်နှင့် တံဆိပ်ခေါင်းခွန်စသည့် အခွန်လေးမျိုးကို တာဝန်ယူကောက်ခံလျက်ရှိ ပါကြောင်း၊ အဆိုပါအခွန်လေးမျိုး၏ ကောက်ခံရရှိမှုသည် နိုင်ငံတော်၏ အခွန်ဖွဲ့စည်း ပုံမှ အခွန် ၁၄ မျိုးကောက်ခံ ရရှိငွေစုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကျော်ကို နှစ် စဉ် ကောက်ခံပေးလျက်ရှိပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ အခွန်အကောက်၊ ဘဏ္ဍာရေး စနစ်ကိုအခွန်ရငွေ၊ GDP အချိုးတို့နှင့် တိုင်းတာလေ့ရှိရာတွင် အိမ်နီးချင်းနိုင်ငံများ၏ အခွန်ရငွေနှင့် GDP အချိုးသည် ၁၀ ရာခိုင်နှုန်း အထက်ရှိသော်လည်း မြန်မာနိုင်ငံ၏ အခွန်ရငွေနှင့် GDP အချိုးသည် ၄ ရာခိုင်နှုန်းခန့်သာရှိသဖြင့် အိမ်နီးချင်းနိုင်ငံ များနှင့် နှိုင်းယှဉ်လျှင် လျော့နည်းနေပြီး တိုင်းပြည်၏ စီးပွားရေးနှစ်စဉ်တိုးတက်နေမှုနှင့် လိုက်လျောညီထွေမှုမရှိကြောင်း စိစစ်တွေ့ရှိရသည့်အတွက် ခေတ်မီသော အခွန်စနစ်သို့ ပြောင်းလဲနိုင်ရေး ကို ဆောင်ရွက်လျက်ရှိပြီး အခွန်အကောက်ရငွေကို အဓိကရှာဖွေပေးနေသော ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်မူဝါဒနှင့် အခွန်စီမံခန့်ခွဲမှုစနစ် ပိုမိုခေတ်မီတိုးတက်ရေးအတွက် နည်းပညာ၊ အတက်ပညာဆိုင်ရာ အကူအညီ၊ အထောက်အပံ့များရရှိရေးအတွက် ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးရေး ဘဏ်၊ နိုင်ငံတကာအခွန်နှင့် ရင်းနှီးမြှုပ်နှံမှုဗဟိုဌာန (ITIC)၊ မြန်မာဖွံ့ဖြိုးတိုးတက်မှု အရင်းအမြစ် ဗဟိုဌာန (MDRI) စသော နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆွေးနွေးတိုင်ပင်လျက်ရှိပြီး ယင်းအဖွဲ့အစည်းများ၏ အကြံပြုချက်များ အရ ပြည်တွင်းအခွန်များဦးစီးဌာန ပြုပြင်ပြောင်းလဲရေး Reform Plan ကို ရေးဆွဲထားပြီး ဖြစ်ပါကြောင်း။

နည်းပညာပိုင်းဆိုင်ရာ အကူအညီအထောက်အပံ့ပြုလျှက်ရှိသော အပြည်ပြည်ဆိုင်ရာငွေကြေးရန် ပုံငွေအဖွဲ့ IMF ၏ မြန်မာနိုင်ငံအခွန်စနစ် ပြုပြင်ပြောင်းလဲရေးအတွက် လုပ်ငန်းစဉ်များကို အခြေခံလျက် ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ချမှတ်ထားသော ပြုပြင်ပြောင်းလဲရေးလမ်းပြမြေပုံအရ အခွန်ထမ်းကိုယ်တိုင် အခွန်စည်း ကြပ်သည့်စနစ် Self-Assessment System (SAS) ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်များကို စီမံချက် ချမှတ်ထားပြီးဖြစ်သည့်အပြင် စီမံချက်အရ လက်ရှိကျင့်သုံးလျက်ရှိသော အခွန်ရုံးမှ ခေါ်ယူစည်းကြပ်သည့် စနစ်နေရာတွင် အခွန်ထမ်းကိုယ်တိုင် စည်းကြပ်သောစနစ် SAS ဖြင့် အစားထိုးပြောင်းလဲရေးသည် ပြည်တွင်း အခွန်များဦးစီးဌာန၏ အဓိကဦးတည် ချက်ဖြစ်ပါကြောင်း၊ အဆိုပါဦးတည်ချက်ကို အကောင်အထည်ဖော်ရာတွင် လုပ်ငန်းကြီးများဆိုင်ရာအခွန်ရုံး Large Taxpayers Office (LTO)တွင် စတင်ဆောင်ရွက်ပြီး ကျန်အခွန်ထမ်း များကို ထပ်မံဆောင်ရွက်မည့် နည်းလမ်းများ အနက် အ‌ရေးပါသော အခွန်ထမ်းများအားဦးစားပေး ပြုပြင် ပြောင်းလဲခြင်းမှတစ်ဆင့် SAS စနစ်ကို အလုံးစုံ အကောင်အထည်ဖော်ရေး လမ်းကြောင်းကို ရွေးချယ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ SAS စနစ်သို့ ကူးပြောင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်ကို ကာလအားဖြင့် ၂၀၁၃ ဘဏ္ဍာရေးနှစ် မှ ၂၀၁၆  ဘဏ္ဍာရေးနှစ်ထိ သုံးနှစ် စီမံကိန်းဖြင့် အခွန်ထမ်းအားလုံးသို့ အကျိုးသက်ရောက်နိုင်ရေးကို ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း၊ မြန်မာနိုင် ငံအခွန်စနစ်အတွက် အလုံးစုံပြုပြင်ပြောင်းလဲမှုကို ၂၀၁၃ခုနှစ်မှ ၂၀၁၈ခုနှစ်အထိ ရည်မှန်းထားသော်လည်း SAS စနစ်ကို သုံးနှစ်အတွင်းကူးပြောင်း ဆောင်ရွက်နိုင်ရန် စီမံချက်ချမှတ်ထားရာ ယခုအချိန်မှစပြီး သုံးနှစ်တာကာလ အတွင်း ဦးစားပေးကဏ္ဍအလိုက် ဆောင်ရွက်မယ့် လုပ်ငန်းစဉ်များမှာ -

(၁) ပြုပြင်ပြောင်းလဲမှုစီမံကိန်းကို ၁-၁-၂၀၁၃ ရက်နေ့မှ ၃၁-၃-၂၀၁၄ ရက်နေ့အထိ အခွန်ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံး (LTO) ဖွဲ့စည်းတည်ထောင်ခြင်းလုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ဝန်ထမ်းအင်အားစုဖွဲ့ခြင်း၊ ဝန်ထမ်းများအား (LTO) ရုံးလုပ်ငန်းများဆိုင်ရာ အတွေ့အကြုံများ ရရှိစေရန် ပြည် တွင်း/ပြည်ပသင်တန်းများ၊ ဆွေးနွေးပွဲများသို့ စေလွှတ်ခြင်းဖြင့် လေ့ကျင့်သင်တန်းပေးခြင်းများကို ဆောင်ရွက်လျက်ရှိပြီး ၁-၄-၂၀၁၄ ရက်နေ့မှစပြီး အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး ဖွင့်လှစ်နိုင်ရေးကို ဆောင်ရွက်လျက်ရှိပါကြောင်း။

(၂) အလယ်အလတ်အခွန်ထမ်းများအတွက်  Middle Taxpayer Office (MTO) ဖွဲ့စည်း တည်ထောင်ပြီး မြန်မာနိုင် ငံတွင် သုံးရုံးမှ ငါးရုံးအထိ ထားရှိပြီး LTO ဖွဲ့စည်းမှု ပုံစံအတိုင်း ပြန်လည်ဖွဲ့စည်းမည်ဖြစ်ပါကြောင်း၊ လိုအပ်သော ရုံးချုပ်ဖွဲ့စည်းမှုပုံစံနှင့် လုပ်ငန်းတာဝန်များ ကိုလည်း ဖော်ထုတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၁-၁-၂၀၁၄ ရက်နေ့မှ ၃၁-၃-၂၀၁၅ ရက်နေ့ထိ ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပြီး ၁-၄-၂၀၁၅ ရက်နေ့တွင် စတင်နိုင်ရန် ရည်မှန်းထားပါကြောင်း။

(၃) ကျန်ရှိသည့်အခွန်ထမ်းငယ်များအတွက် မြို့နယ်အခွန်ရုံးများကို Small Taxpayers Office (STO) အဖြစ် ဖွဲ့စည်းတည်ထောင်ပြီး မြန်မာနိုင်ငံရှိ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများကို လက်ရှိပုံစံအစား လုပ်ငန်း ဆောင်ရွက် မှုအပေါ် အခြေခံသော STO ရုံးများအဖြစ် ပြင်ဆင် ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ၁-၁-၂၀၁၅ ရက်‌နေ့မှ ၃၁-၁-၂၀၁၆ ရက်နေ့ထိ ပြင်ဆင်မှုလုပ်ငန်းများကို ဆောင်ရွက်ပြီး ၁-၄-၂၀၁၆ ရက်နေ့တွင် စတင်နိုင်ရန် ရည်ရွယ်ထားပါကြောင်း။

ထို့အပြင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကျင့်သုံးလေ့ရှိသော တိုက်ရိုက်ခွန်ကို အလေးထားကောက်ခံသည့်စနစ်မှ သွယ်ဝိုက် ခွန်များကို ပိုမိုအလေးထားကောက်ခံသောစနစ်ကို ဆောင်ရွက်နိုင်ရန်  တည်ဆဲလုပ်ငန်းခွန်ဥပဒေကို တန်ဖိုးဖြည့်ခွန် Value Added Tax (သို့မဟုတ်) ကုန်စည်နှင့်ဝန်ဆောင်မှုခွန် Goods and Services Tax အဖြစ် ပြင် ဆင် ပြဌာန်းခြင်းမပြုနိုင်သေးမီ ကုန်သွယ်လုပ်ငန်းခွန်နှုန်းထားများကိုလည်း ငါးရာခိုင်နှုန်း တစ်ပြေးညီ သတ် မှတ်ပေးခြင်းအခွန်ခုနှိမ်ခွင့် ရရှိခံစားနိုင်ရေးအတွက် လုပ်နည်းစနစ်များ သတ်မှတ်ဖြေလျော့ပေးခြင်း တို့ကို လည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့အပြင် တန်ဖိုးဖြည့်ခွန် သို့မဟုတ် ကုန်စည်နှင့်ဝန်ဆောင်မှုခွန်ကို ကျင့်သုံးနိုင် ရန်လည်းကောင်း၊ အခြားနိုင်ငံများတွင် အရက်၊ စီးကရက်၊ ဇိမ်ခံကားများ၊ ဇိမ်ခံကုန်ပစ္စည်းများအပေါ် သီးခြားအ ခွန်နှုန်းများ ပြဌာန်းလျက် သီးသန့်သတ်မှတ် ကုန်စည်ခွန်ကောက်ခံသကဲ့သို့ အထူးစားသုံးမှုခွန်  Special Consumption Tax ကို ပြဌာန်းကျင့်သုံးနိုင်မှုကိုလည်းကောင်း၊ နိုင်ငံတကာအခွန်ဆိုင်ရာ ကျွမ်းကျင်သူ အဖွဲ့ အစည်းများထံမှ အကြံဉာဏ်များ ရယူဆောင်ရွက်လျက်ရှိပါကြောင်း။

ပြည်ထောင်စုအစိုးရအဖွဲ့ စီးပွားရေးရာကော်မတီလက်အောက်တွင် Delivery Unit အဖြစ် Sub Committee ၂၆ ခု ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ရာ ယင်း Delivery Unit များအနက် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဆောင်သော အခွန်အကောက်ဆိုင်ရာဆပ်ကော်မတီသည် အကောက်ခွန်နှင့် ပြည်တွင်း အခွန်များဦးစီးဌာနမှ ကောက် ခံလျှက်ရှိသော အခွန်လေးရပ်တို့နှင့် စပ်လျဉ်းပြီး ပိုမိုထိရောက်ကောင်းမွန်သော အခွန်စနစ်ဖြစ်ပေါ်စေရေးအတွက် မြို့နယ်များတွင် ရပ်မိရပ်ဖများ၊  မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်များ၊ မြို့ကြီးများတွင် အခွန်အများဆုံး ထမ်းဆောင်နေကြသော လုပ်ငန်းရှင်များနှင့် ဖွဲ့စည်းထားသော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်ကြီးများအသင်းချုပ်၊ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့တို့နှင့်တွေ့ဆုံပြီး တည်ဆဲ အခွန်ဥပဒေ၊ ပြဌာန်းချက်များနှင့် ပတ်သက်ပြီးဆွေးနွေးခြင်း၊ အခွန်ဆိုင်ရာကိစ္စများအား ညှိနှိုင်းပေါင်း စပ် ဖြေရှင်းပေးခြင်း၊ အခွန်ပညာပေးလုပ်ငန်းများ ရှင်းလင်းပြောကြားခြင်းတို့ကို ဆောင်ရွက်လျှက်ရှိပါကြောင်း။၊ ရပ်မိရပ်ဖများနှင့် လုပ်ငန်းရှင်ကြီးများမှလည်း တွေ့ကြုံရသည့် အခြေအနေများအပေါ် အကြံပြုချက်များနှင့်ပေါင်း စပ်ပြီး ထိရောက်သော အခွန်စနစ် ပြုပြင်ပြောင်းလဲမှုများ ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ အခွန်စ နစ်များ ပြုပြင်ပြောင်းလဲဆောင်ရွက်မည့် အစီအစဉ်တွင် ပါဝင်သော အခွန်ရုံးများမှ ခေါ်ယူစည်းကြပ်သည့်စနစ် OAS မှ ကိုယ်တိုင်အခွန်စည်းကြပ်မှုစနစ် SAS သို့ ပြောင်းလဲကျင့်သုံး ဆောင်ရွက်မည့်အစီအစဉ်များနှင့် တည်ဆဲကုန် သွယ်လုပ်ငန်းခွန်ဥပဒေနှင့် စည်းကြပ် ကောက်ခံမှုသည် သွယ်ဝိုက်ခွန်စနစ်အား ပိုမိုထိရောက်ကောင်းမွန်စေရန် VAT/GST စနစ်အဖြစ် ကူးပြောင်း ဆောင်ရွက်နိုင်မည့် အစီအစဉ်များကို ပြုပြင်ဆောင်ရွက်နိုင်ရန် တည်ဆဲအခွန်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းများ ပြင်ဆင်ပြဌာန်းနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ သတင်းအချက်အလက် နည်းပညာပိုင်းဆိုင်ရာကို ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးချုပ်တွင် Data Centre ထားရှိဆောင်ရွက်သွားမည် ဖြစ်ပြီး နိုင်ငံတကာတွင် ကျင့်သုံးသည့်အတိုင်း အခွန်ထမ်းများကို အခွန်ထမ်း မှတ်ပုံတင်အမှတ် Tax Indentification Number (TIN) သတ်မှတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ပိုမိုကောင်းမွန်သော အခွန်ကောက်ခံသည့်စနစ် ဖြစ်ပေါ်လာစေရေးအတွက် အထက်တင်ပြပါအတိုင်း ကျွမ်းကျင်ပညာရှင်များနှင့် ညှိနှိုင်းတိုင်ပင်ခြင်း၊ အောက်ခြေမြို့နယ်များရှိရပ်မိရပ်ဖများ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အကြံပြုချက်များရယူခြင်းတို့ဖြင့် ပြုပြင် ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။