(ဆ)-အင်းလေးဒေသမိုးဗြဲဆည်ကြီးတွင်သဲနုန်း များ စုပ်ထုတ်၍ကမ်းစပ်များတွင်မြေတူးမြေကော် စက်များဖြင့်တူးဖော်ပေးရန်နှင့်လိုအပ်လျက် ရှိသောခေတ်မီ သောင်တူးစက်များ ဝယ်ယူပေးရန် အစီအစဉ်ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ဒုတိယနေ့ (၁၆.၁.၂၀၁၄)

ဦးဝင်းဆွေ(ညောင်ရွှေ) ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် မိုးဗြဲဆည် (တောင်အင်း)၊ အင်းလေးကန် (မြောက်အင်း) များအတွင်းသို့ ချောင်းကြီးချောင်းငယ် ၂၉၃ ချောင်းစီးဝင်နေကြရာ ပညာရှင်များ၏ တွက်ဆချက်အရ နှစ်စဉ်သဲနှုန်းပမာဏ ကုဗပေသန်း ၃၀ ခန့်ဝင်ရောက်ပို့ချနေသည်ဟုသိရှိရပါကြောင်း၊  အင်းလေးကန်အတွင်းသို့ မြေ တူးမြေကော်စက်များ၊ ထုတ်စက် သောင်တူးစက်များဖြင့် အခါအားလျော်စွာ တူးဖော်ပေးခြင်းများရှိပါကြောင်း တောင်အင်းတွင်လည်း နှစ်စဉ်သဲနှုန်းပို့ချ ဝင်ရောက်နေခြင်းကို နှုန်းမြေများစုပ်ထုတ်ပေးခြင်းဖြင့် ရေလှောင်ပမာဏပိုမို လာပြီဖြစ်ကြောင်း၊ သို့သော် နှုန်းမြေများစီးဝင်နေမှု ပမာဏ ကြီးမားခြင်းနှင့်သောင် တူးစက် အရေအတွက် နည်းပါးနေခြင်းတို့အပြင် လက်ရှိတူးဖော်နေသောစက်များသည် လည်းခေတ်မမီတော့ခြင်းကြောင့် ပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်လျက်  ပြင်ဆင်နေရ၍ အချိန်ပိုကုန်နေခြင်းများ ဖြစ်ပေါ်လျက်ရှိသည့်အတွက်မိုးဗြဲဆည်ကြီးတွင်သဲနှုန်းများစုပ်ထုတ်၍ ကမ်းစပ်များ တွင် မြေတူးမြေကော် စက်များဖြင့် တူးဖော်ပေးရန်နှင့်ပြည်ထောင်စုလယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှ ရှမ်းပြည်နယ် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသို့ လိုအပ်လျက်ရှိသောခေတ်မီသောင်တူး စက်ကြီးများဝယ်ယူပေးပို့ရန် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်
အဖြေ

လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် တောင်အင်း(မိုးဗြဲဆည်)၊ မြောက်အင်း (အင်းလေးကန်)ဟူ၍ ရှိရာအင်းလေးကန်သည် ရှမ်းပြည်နယ်၏ သဘာဝအခြေခံခရီး သွားလုပ်ငန်းအတွက် အရေးပါသည့် နေရာဒေသတစ်ခုအဖြစ် ကမ္ဘာ့ရေတိမ်ဒေသ ထိန်းသိမ်းရေ အဖွဲ့အစည်းများမှ လက်ခံထားသည့် အာဆီယံအမွေအနှစ် ဥယျာဉ်ဖြစ်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိရာလယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဆည်မြောင်းဦးစီးဌာနသည် ၁၉၉၂ ခုနှစ်မှစ၍ အထောက်အကူပြု အဖွဲ့အစည်းအဖြစ် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊

 အင်းလေးကန်ဧရိယာသည် မူလက ၁၀၄ စတုရန်းမိုင် ကျယ်ဝန်းခဲ့ရာမှ သဲနုန်းများ အနည်ပို့ ကျမှု၊ လူဦးရေထူထပ်လာမှုနှင့်၊ ကျွန်းမျော (ခေါ်) ရေခြံစိုက်ခင်းများ များပြားလာမှုတို့ကြောင့် လက်ရှိနယ်နိမိတ် ဧရိယာသည် ၆၃ စတုရန်းမိုင်သာကျန်ရှိတော့သည့်အတွက် လက်ရှိအင်းလေးကန်ရေပြင်ဧရိယာထပ်မံလျော့ နည်းမသွားစေရန် စီမံကိန်းများချမှတ်၍ အင်းလေးကန်အတွင်းသို့ စီးဝင်သော နုန်းဆင်းချောင်းများပေါ်ကို နုန်းဖမ်းဆည်ငယ်များတည်ဆောက်၍ နုန်းဖမ်းခြင်းအားဖြင့်လည်းကောင်း၊ အဓိကရေဝင် ချောင်းများတွင် သဲနုန်းများတူးဖော်ပေးခြင်းအားဖြင့်လည်းကောင်း၊ အင်းလေးကန် အတွင်း နုန်းဝင် ရောက်မှုနည်းပါးစေရန် ဆည်မြောင်းဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊

 အင်းလေးကန်ရေရှည်တည်တံံ့ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းအတွက်  ဆည်မြောင်းဦးစီးဌာန မှ ၁၉၉၂ ခုနှစ်မှစတင်၍ နုန်းထိန်းတမံခြောက် ခု၊ နုန်းဖမ်းဆည် ၂၄၈ ခုတို့ကိုတည်ဆောက်ပေးခဲ့ပြီးသောင်တူးစက် သုံးစီး၊ မြေတူးမြေကော်စက် ခြောက်စီးတို့ဖြင့် အင်းလေးကန်အတွင်း သဲနုန်းတူးဖော်ခြင်းနှင့် ရေလမ်းကြောင်း ရှင်းလင်းရေးလုပ်ငန်းတို့ကိုဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တောင်အင်း(ခေါ်) မိုးဗြဲဆည်မှာ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထိန်းသိမ်းထားသောဆည် မဟုတ်ဘဲ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ထိန်းသိမ်းထားသောဆည်ဖြစ်ပါ၍ မိုးဗြဲဆည်အတွင်းသဲနုန်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်နှင့်ပတ်သက်၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေနှင့် သဘောထားမှတ်ချက်ပေးရန် မရှိပါကြောင်းနှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းဦးစီးဌာနမှ ရှမ်းပြည်နယ်၊ ဆည်မြောင်း ဦးစီးဌာနသို့ ခေတ်မီသောင်တူးစက်များဝယ်ယူပေးပို့ရန် အစီအစဉ် လတ်တလောအားဖြင့် မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။