(ခ)-တောင်သူလယ်သမားများအားနှစ်စဉ်ချေးငွေဆပ် စနစ်အစားနှစ်ရှည်(၂)နှစ်ဆပ်စနစ်ဖြင့်ခွင့်ပြုပေး ရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ (၇.၈.၂၀၁၃)

ဦးဝင်းမြင့် (ပြည်) မြန်မာနိုင်ငံတွင် တောင်သူလယ်သမားများကို လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာန မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးထုတ်လုပ်မှု အထောက်အကူဖြစ်စေရန် ရည်ရွယ်ချက်ကောင်းများဖြင့် စိုက်စရိတ်များ ထုတ်ချေးပေးလျှက် ရှိရာ ယနေ့အစိုးရသစ် လက်ထက်တွင် စိုက်ပျိုးစရိတ်ကို နှစ်စဉ် တိုးပြီးချေးပေးခဲ့သည့် အတွက် လယ်တစ်ဧကကို ၁ သိန်းအထိ တိုးမြှင့်ချေးပေးခဲ့ရာ နိုင်ငံတော် အစိုးရအပေါ် တောင်သူ လယ်သမား များက ကျေးဇူးတင်လျှက် ရှိနေကြပါကြောင်း၊ သို့သော်လည်း ချေးငွေပြန် ဆပ်ရသည့် စနစ်မှာ သီးနှံပေါ်ချိန် နှစ်စဉ်ပြန်ဆပ်ရသည့် စနစ်ဖြစ်သည့်အတွက် အကြောင်းအမျိုးမျိုးကြောင့် သီးနှံပျက်စီးချိန်၊ ရာသီဥတုကြောင့် စိုက်ချိန်နောက် ကျပြီးသီးနှံ မပေါ်ခင် ငွေပြန်အပ်ရချိန် မျိုးတွင် သီးနှံလက်ဝယ်ရရှိသော်လည်း သီးနှံဈေးကျနေခြင်း၊ ဈေးနိမ့်၍ အဝယ်ခံရခြင်း၊ ကြိုက်ဈေးကိုစောင့်၍ မရောင်းနိုင်ခြင်းစသည့် အခက် အခဲများကို တောင်သူ ဦးကြီးများ တွေ့ကြုံနေရ ပါကြောင်း၊ နိုင်ငံတော်၏ စေတနာကလည်း ပေးကားပေး၏ မရဆိုသလို ဖြစ်နေရာ အမေးခွန်းအနေဖြင့် သီးနှံပေါ်ချိန် နှစ်စဉ်ချေးငွေ ပေးဆပ်ရသည့်စနစ်မှ နှစ်ရှည် အနည်းဆုံး ၂ နှစ် ပေးဆပ် ရသည့် စနစ်သို့ ပေးဆပ်ခွင့်ပြုပေးပါရန် အစီအစဉ်ရှိ/မရှိ သိလိုပါ၍ တောင်သူလယ်သမားများ၏ ကိုယ်စား မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်
အဖြေ

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် နှစ်စဉ်သီးနှံ ထုတ်လုပ် မှုချေးငွေနှင့် နှစ် တို၊ နှစ်ရှည် ဖွံ့ဖြိုးရေးချေးငွေများ ထုတ်ချေးပေးလျှက်ရှိရာ သီးနှံ ထုတ်လုပ်မှု ချေးငွေ အဖြစ် မိုး၊ ဆောင်း၊ မိုးကြိုရာသီအလိုက် စိုက်ချိန်တွင် စိုက်ပျိုးစရိတ်အတွက် ငွေချေးပြီး သီးနှံ ပေါ်၍ ရိတ်သိမ်းရောင်းချပြီး တောင်သူ လယ်သမားများ ငွေပေါ်ချိန်တွင် ပြန်လည်ကောက်ခံသည့် စနစ်ဖြစ်ပါသည်။ ဥပမာ မိုးစပါးကို နိုဝင်ဘာလမှ ဒီဇင်ဘာလတို့တွင် ရိတ်သိမ်းမည်ဖြစ်ရာ မိုးချေးငွေကောက်ခံရေး ကာလကို ဇန်နဝါရီလမှ မတ်လအထိ သတ်မှတ် ထားပါသည်။ ၎င်းကာလသည် တောင်သူလယ်သမားများ စပါးရောင်းချရေး လက်ဝယ်တွင်ရှိသည့် အခြေအနေဖြစ် ပါသည်။ ငွေထုတ် ချေးရာတွင် လည်း စောစီးစွာ ထုတ်ချေးခြင်း သို့မဟုတ် နောက် ကျမှ ထုတ်ချေးခြင်းများ မရှိစေရန် သတိပြုဆောင်ရွက်ရပါသည်။ တောင်သူများ စိုက်ပျိုးချိန်ထက် စော စီးစွာ ကြိုတင်ချေးပါက လုပ်ငန်း အတွက် အသုံးမပြုဘဲ အခြားကိစ္စများအတွက် အသုံးပြုခြင်းများ ဖြစ်သွားနိုင် သကဲ့သို့ နောက်ကျမှ ချေးပါကလည်း လုပ်ငန်းအတွက် အသုံးမပြုနိုင်တော့သည့် အခြေအနေ မျိုးဖြစ်သွားနိုင် ပါကြောင်း၊ ထို့နည်းတူစွာ ငွေကောက်ခံရာတွင်လည်း အချိန်မီ သီးနှံပေါ်ချိန် ငွေရွှင်ချိန်တွင် ပြန် လည် ကောက်ခံရခြင်းဖြစ်ပါသည်။ လက်ဝယ်တွင် ငွေမရှိတော့သည့် အချိန်လွန်မှ ကျော်လွန်ကောက်ခံပါက လယ်သမားများ လက်ဝယ်တွင် သီးနှံလည်း မရှိ၊ ငွေလည်းမရှိတော့ပါက ကောက်ခံရေး လွန်စွာ ခက်ခဲသည့် နိုင်ငံတော် ဘဏ္ဍာငွေများ ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်ပါကြောင်း၊ သီးနှံပေါ်ပြီး ရိတ်သိမ်းချိန်ပြီးသည့် အချိန်တွင် ကောက်ခံ၍ မရပါက အချိန်ကြာလေလေ ပိုခက်လေလေဖြစ်ပြီး ကြွေးကျန်သူ တောင်သူ လယ်သမားများ ဥပဒေအရ အရေးယူခံရဖွယ်ရှိပါသည်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ နှစ်စဉ် ရာသီအလိုက် ထုတ်ချေးသည့် သီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေမှာ နှစ်ချင်းဆပ်ချေးငွေဖြစ်၍ ရာသီ အလိုက်သတ်မှတ်ထားသည့်ကာလတွင် ပြန်လည်ပေးဆပ်ရပါသည်။ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေး ဘဏ်၏ မတည်ငွေရင်း တစ်ခုတည်းဖြင့် ငွေချေးရန် မလုံလောက်သောကြောင့် နှစ်စဉ် နှစ်တိုင်း မြန်မာ့ စီးပွားရေးဘဏ်မှ အတိုးဖြင့်ချေးယူပြီး လယ်သမားများသို့ တစ်ဆင့်ပြန်လည် ထုတ်ချေး ပေးနေခြင်း ဖြစ်ရာ ထိုချေးငွေများအတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်သည် မြန်မာ့စီးပွားရေးဘဏ်သို့ သုံးလပတ်တစ်ကြိမ် အတိုးပေးသွင်းရပါသည်။ တောင်သူလယ်သမားများထံမှ ရာသီအလိုက် သီးနှံ ထုတ်လုပ်မှု ဘဏ်ချေးငွေများအား အပြည့်အဝ ပြန်လည်ကောက်ခံရရှိမှသာလျှင် မြန်မာ့စီးပွားရေး ဘဏ်သို့ ငွေရင်းနှင့်တကွ ကျသင့်သည့် အတိုးကို အချိန်မီပြန်လည်ပေးဆပ်နိုင်မည်ဖြစ်ပါကြောင်း၊ နှစ်ချင်းဆပ်ချေးငွေကို ချေးငွေကာလ တစ်နှစ်သာသတ်မှတ်ပါသည်။ မြန်မာ့စီးပွားရေးဘဏ်မှလည်း ၎င်း၏ ချေးငွေများကို တစ်နှစ်သာခွင့်ပြုပြီး ရာသီဥတု ဖောက်ပြန်ခြင်းကြောင့် ချေးငွေပြန်ဆပ်ရန် အမှန်တကယ် အခက်အခဲရှိသည့် ဒေသများတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များ၏ စိစစ်ထောက်ခံချက်၊ အာမခံချက်များဖြင့် စိုက်ပျိုး စရိတ်ငွေများ ပြန်လည်ပေးဆပ်ရန် ရက်သတ်မှတ် ခြင်းကို ကာလအနည်းငယ် ရွှေ့ဆိုင်းပေးနိုင်ပါတယ်။ သို့ဖြစ်ပါ၍ အမှန်ရာ သီဥတုဖောက်ပြန်မှုကြောင့် အမှန်တကယ် သီးနှံအထွက် ဆုံးရှုံးမှုဖြစ်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရ အဖွဲ့များသို့ တင်ပြရန်လိုအပ်ပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့မှ မြေပြင်အခြေအနေ အမှန်အား ကွင်းဆင်းစိစစ်၍ တွေ့ရှိချက်အပေါ် လိုအပ်ချက်များအား ထောက်ခံတင်ပြပေးရန် လိုအပ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် တောင်သူလယ်သမားများအနေဖြင့် စိုက်ပျိုးရာသီအလိုက် လိုအပ်သော စိုက်ပျိုးစရိတ်ငွေများကို ပြင်ပမှ ငွေတိုးကြီးစွာဖြင့် ပေါင်နှံချေးငှား သုံးစွဲရသည့်အစား အလွန်သက်သာသော အတိုးနှုန်းဖြင့် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သီးနှံအမယ်အလိုက် နှုန်းထားသတ်မှတ်၍ ထုတ်ချေးရယူ သုံးစွဲလျက် ရှိပါကြောင်း၊ သီးနှံအလိုက် ချေးငွေနှုန်းထား သတ်မှတ်ပေးခြင်းသည် စိုက်ပျိုးချိန် အမီ ငွေအရင်းအနှီးလိုအပ်ချက်ကို အထိုက်အလျှောက် အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်၍ သီးနှံစိုက်ပျိုးရန် ထုတ်ချေးပေးခြင်း ဖြစ်ပါကြောင်း၊ ရာသီအလိုက် သီးနှံပေါ်ချိန်တွင် ငွေပြန် ဆပ်ပြီးမှ နောက် သီးနှံအတွက် ချေးငွေအသစ် ထုတ်ပေးသည့် စနစ်သည် တောင်သူများလက်ဝယ်ရှိငွေကို အလွယ်တကူ အခြား တစ်နေရာတွင် သုံးစွဲ ခြင်း၊ ဥပမာ လွယ်လွယ်ကူကူပင် လောင်းကစားပစ်ခြင်း၊ အရက်သေစာသောက်စား ပစ်ခြင်း၊ အခြား အထွေထွေလို အပ်ချက်များတွင် သုံးစွဲကုန်ကျ သွားခြင်းများကြောင့် နိုင်ငံတော် သို့ ချေးငွေပြန်လည် ပေးဆပ်ရန် တာဝန်မကျေခြင်းစသည့် ဝန်ထုတ်ဝန်ပိုး မဖြစ်စေရေး အတွက် အချိန်ကိုက်ပြန်လည် ကောက်ခံခြင်းစနစ်ကို အကျိုးမျှော်ကိုးပြီး ဆောင်ရွက် ရခြင်းဖြစ်ပါကြောင်း၊ စိုက်ပျိုးစရိတ်ချေးငွေကို စနစ်တကျ စိုက်ပျိုးစီမံ အသုံးချတတ်သည့် တောင်သူများအနေဖြင့် မိမိတို့ကိုယ်တိုင် အကြွေးတင်သည့် ဘဝမှ လွတ်မြောက်စွာ အောင်မြင်ကျော် လွှားနိုင်မည် ဖြစ်ပါကြောင်း၊ ပေးဆပ်ချိန် ကာလ ၂ နှစ်၊ ၁ နှစ် စသည့်အားဖြင့် ကာလရှည်ထုတ်ချေးပေးပါက ငွေကို အလွယ်တက ူသုံးစွဲတတ်သည့် အလေ့အထ ကြောင့် ချေးငွေပြန်မဆပ်နိုင်ခြင်း၊ နိုင်ငံတော် ငွေကြေးဆုံးရှုံးနိုင်ခြင်း၊ နောက်သီးနှံစိုက်ပျိုးချိန်တွင် ယခင်ချေးငွေ မပြတ်နိုင်သေးသည့်အတွက် ချေးငွေအသစ်ရရှိရန် အခက်အခဲကြီးမားသည့်အကျိုး ကွင်းဆက်များ ဖြစ်ပေါ်လာနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုကဲ့သို့ စိုက်ပျိုးရာသီအချိန်မီ ငွေထုတ် ချေးခြင်း၊ သီးနှံပေါ်ချိန်ငွေရွှင်ချိန်တွင် ငွေပြန်လည်ကောက်ခံခြင်းသည် လက်ရှိအခြေအနေတွင် အကောင်း ဆုံးချေးငွေစနစ်သာဖြစ်ပါကြောင်း ဖြေကြားပါသည်။