(ဃ)-ဧရာဝတီတိုင်း ဒေသကြီးတွင် လျှပ်စစ် မြစ်ရေတင် စီမံကိန်း အစား ရေထိန်းတံခါးပါ ရေနှုတ် မြောင်း၊ တာ၊ ဘောင်၊ လမ်းအဖြစ် စီမံကိန်း များဆောင် ရွက် ပေးနိုင်ရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ (၇.၈.၂၀၁၃)

ဦးစိန်ဝင်း (မအူပင်) ဧရာဝတီတိုင်းဒေသကြီးတွင် မြစ်ရေတင်စီမံကိန်းများမှာ ပုသိမ်ခရိုင်တွင် စီမံကိန်း ၅ ခု၊ ဟင်္သာတခရိုင်တွင် ၁၁ ခု၊ မအူပင် ခရိုင်တွင် ၄ ခု၊ စုစုပေါင်း ၂၀ ရှိပါကြောင်း၊ ၎င်းမြစ်ရေတင်စီမံကိန်း အတော်များများသည် နိမ့်သော မြေဒေသ ၊ မြင့်သောဒေသများတွင် ပြုလုပ်ထားပြီး ဒေသခံတောင်သူလယ်သမားများ၏ သီးနှံ ပုံစံ၊ ရေမြေဒေသ အခြေအနေနှင့် ကိုက်ညီမှုနည်းပါးသည့်အတွက် အကျိုးရှိသင့်သလောက်မရှိကြောင်း၊ အခြားနေရာဒေသများရှိ မြစ်ရေတင် စီမံကိန်းများသည် အောင်မြင်သင့် သလောက် အောင်မြင်ပါသော်လည်း ဧရာဝတီ တိုင်းဒေသကြီးတွင် အောင်မြင်မှု နည်းပါးကြောင်း၊ လက်ရှိအခြေအနေတွင် လျှပ်စစ်မြစ်ရေတင် စီမံကိန်း အများစုသည် (၁) မူလရည်မှန်းချက် အတိုင်းရေမပို့နိုင်ခြင်း၊ (၂) လျှပ်စစ်မီးမရ၍ ရေမတင်နိုင်ခြင်း၊ (၃) မြောင်း ဧရိယာထုကြီး၍ ကုန်ကျ စရိတ်များခြင်း၊ (၄) မြေဧရိယာများစွာအသုံးပြုရခြင်း (၅) တချို့မြောင်းများ သည် ရေစိမ့်အားရှိနေခြင်း၊ (၆) မြောင်းအတွင်း ရေမနေခြင်း၊ (၇) မိုးများသောဒေသဖြစ်၍ အသုံးဝင်မှုနည်းပါးခြင်း စသည့် အားနည်းမှု များစွာရှိနေခြင်းကို လေ့လာတွေ့ရှိရပါကြောင်း၊ မအူပင်မြို့နယ် သည် ရေများသော၊ ရေ ကြီးသော၊ ရေပေါသော ဒေသဖြစ်သောကြောင့် နှစ်စဉ် မြစ်ရေ တိုက်စားခြင်း၊ ရေကြီးနှစ်မြှုပ်ခြင်း၊ အခါမဲ့မိုးရွာသွန်းမှုကြောင့် မိုးဦးစပါးများပျက်စီးခြင်းများဖြစ်သည့်အပြင် ဒယ်အိုးပုံသဏ္ဍာန်မျိုး ရှိ၍ ရေဝင်ရေ ဝပ်များသော ဒေသဖြစ်ပါကြောင်း၊ မအူပင်မြို့နယ် ကျုံစုတ် မြစ်ရေတင်သည် တိုးမြစ်မှတစ်ဆင့် ပန်တစ်ကွေ့ချောင်း မှ ရေကို ပေ ၂၀၀ နီးပါး အမြင့်ထိ ရေတင်ရသည့် ရေပေးသော စီမံကိန်းဖြစ်ပြီး စီမံကိန်းဧရိယာကို ဧက ၉၀၀၀ ဟုရည်မှန်းသော်လည်း လက်ရှိဆောင်ရွက်ထားမှုမှာ ဧက ၂၀၀ ခန့်သာ ရေတင်နိုင်မှုရှိခဲ့သည့်အတွက် စီမံကိန်း အပေါ် ပြန်လည်သုံးသပ်ရန် လိုအပ်ပါသည်ဟု မိမိအနေဖြင့် ယူဆပါကြောင်း၊ ဒယ်အိုးကဲ့သို့ဖြစ်နေသော မအူပင်ဒေသကို ရေထိန်းတံခါးပါ ရေနုတ်မြောင်းများ များများပြုလုပ်ပြီး မြောင်းဖြစ်၊ ပေါင်ဖြစ်၊ တာဖြစ်၊ လမ်းဖြစ် ဘက်စုံစီမံကိန်းမျိုး ဆောင်ရွက်ပေးပါက ဒေသခံတောင် သူ လယ်သမားများ အလွယ်တကူရေထုတ်နိုင်ခြင်း၊ ရေ တင်နိုင်ခြင်း၊ မိုးစပါး၊ ဆောင်းသီးနှံနှင့် နွေစပါး နှစ်သီး (သို့) သုံးသီးထိ  စိုက်ပျိုးနိုင်ကြောင်း ၊ သွားလာမှု လွယ်ကူစေပြီး ဖွံ့ဖြိုးတိုးတက်သော ဒေသကြီး ဖြစ်လာနိုင်ကြောင်း၊ ကျုံစုတ်မြစ် ရေတင်စီမံကိန်း မအောင်မြင်ရခြင်း အကြောင်းအရင်းကို တာဝန်ရှိ ပုဂ္ဂိုလ်များထံသို့ မေးသောအခါ မိုးများသောဒေသဖြစ်ခြင်းနှင့် တောင်သူများ မှ တောင်းဆိုမရှိ၍ ဆက်မလုပ်ဘဲ ရပ်ထားကြောင်းကို သိရှိရပါကြောင်း၊ ပြောပြချက်နှင့် လေ့လာတွေ့ ရှိချက်ပေါင်း စပ်၍ သုံးသပ်ပါက စီမံကိန်းရေးဆွဲစဉ်ကပင် အခြေခံ အချက်အလက်များကို စနစ်တကျ လေ့လာတိုင်းထွာခြင်းတွင် အားနည်းမှုရှိနိုင်ကြောင်း၊ မိမိတို့အနေနှင့် လက်ရှိအခြေအနေတွင်  သတ္တိရှိရှိနှင့် မှားရင်ပြင်ပြီး အမှန်ဖြစ်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊  ထိုကဲ့သို့မပြုလုပ်ပါက လယ်သမားနှင့် နိုင်ငံတော်အတွက် ပိုမိုဆုံးရှုံးစေမည့်အပြင် ဌာနအပေါ်လည်း ယုံကြည်မှု အားနည်းစေပါကြောင်း၊ အဆိုပါ စီမံကိန်းကို ၂၀၁၉-၂၀ တွင် ဒီဇိုင်းပြင်၍ ဆက်လက်လုပ်ဆောင်ရန် တင်ပြ လာရာတွင်လည်း စဉ်းစဉ်းစားစား ပြုလုပ်ပေးပါရန် မိမိအနေုဖြင့် တင်ပြလိုပါကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီးတွင် ရေကိုအကျိုးရှိရှိ အသုံးချနိုင်ပါက စိုက်ပျိုးရေး အထူးအောင်မြင်သော တိုင်းဒေသကြီးဖြစ်လာမည်ဟု မိမိအနေဖြင့် ယုံကြည်ကြောင်း၊ လက်ရှိ အခြေအနေတွင် မအူပင်၊ မြန်အောင်၊ ဓနုဖြူ စသည့် မြို့နယ်ဒေသများတွင် လျှပ်စစ် မြစ်ရေတင် စီမံကိန်းသည် ရုတ်တရက် မိုးရွာသွန်းမှုကြောင့် သီးနှံများပျက်စီးမှု များပြားကြောင်း၊ ထို့ကြောင့် ရေပေါသော၊ ရေများသော၊ ရေကြီးသော ဧရာဝတီ တိုင်းဒေသကြီးတွင် လျှပ်စစ် မြစ်ရေတင်စီမံကိန်းအစား လက်တွေ့ကျသော ရေထိန်း တံခါးပါ ရေနုတ်မြောင်းဖြစ်၊ တာဖြစ်၊ ပေါင်ဖြစ်၊ လမ်းဖြစ် ဘက်စုံစီမံကိန်း များဆောင်ရွက်ပေးပါက စိုက်ပျိုးရေးကဏ္ဍကြီးအောင်မြင် ၍ ဒေသဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း ထို့ကြောင့် ဘက်စုံရေနုတ်မြောင်းဖြစ်၊ တာဖြစ်၊ ပေါင်ဖြစ်၊ လမ်းဖြစ် စီမံကိန်းမျိုး ပြောင်းလဲဆောင်ရွက်ပေးနိုင်မှုရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်
အဖြေ

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော် ဧရာဝတီတိုင်း ဒေသကြီး၊ မြန်အောင် မြို့နယ်တွင် မြစ်ရေတင်စီမံကိန်း ၃ ခုနှင့် မအူပင်မြို့နယ် တွင် မြစ်ရေတင်စီမံကိန်း ၃ ခု ရှိရာ မြန်အောင်မြို့နယ် အတွင်းရှိ မြစ်ရေတင်စီမံကိန်းနှင့် ဆက်စပ်လျက်ရှိသော ဆင်ကျုံးချောင်းနှင့် ရိုးကြီးချောင်းတို့တွင် သဲနှုန်းပို့ချမှုကြောင့် တိမ်ကောလျက်ရှိပြီး လွယ်ကူစွာ ရေ မနှုတ်နိုင်သောကြောင့် ချောင်း ဝဲ/ယာရှိ လယ်‌မြေများ ရေကြီးနစ်မြှုပ်လေ့ ရှိပါကြောင်း၊ ထို့ကြောင့် အဆိုပါ ဆင်ကျုံးချောင်းနှင့် ရိုးကြီးချောင်းများ ပြန်လည် တူးဖော်ခြင်း လုပ်ငန်းများကို ၂၀၁၃ ခုနှစ်၊ ပွင့်လင်း ရာသီတွင် ဆောင်ရွက် ပေးသွားမည်ဖြစ်ပါပြီး မအူပင်မြို့နယ်နှင့် ဓနုဖြူမြို့နယ် အတွင်း မြစ်ရေတင် လုပ်ငန်းများနှင့် ဆက်စပ် ဧရိယာများ အတွင်း နွေစပါး ရေရရှိရေးနှင့် မိုးရာသီရေကြီး ရေနစ်မြှုပ်မှု လျော့နည်းစေ ရန် ရေသွင်း/ ရေနုတ်မြောင်း ဟောင်းများ၊ သဘာဝချောင်းများ ပြန်လည် တူးဖော်ခြင်းနှင့် ရေတံခါးပြုပြင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးသွားရန် လိုအပ်မည် ဖြစ်ပါကြောင်း၊         မအူပင်မြို့နယ်အတွင်း မအူပင်-ကျိုက်လတ် ကားလမ်း ဘေး (ဝဲ/ယာ)မြောင်း၊ ကျုံစုတ်-ကညင်ဝမြောင်း၊ လက်တက်ကြီမြောင်း၊ လက်တက်ကြီး လက်တံမြောင်း၊ ခုနှစ်အိမ်တန်း မြောင်းနှင့် အလန်းချောင်းများတူးဖော်ခြင်းတို့ကိုလည်းကောင်း၊ မအူပင်မြို့နယ်၊ မင်းဘောရေတံခါး အဆင်‌့မြှင့်ပြုပြင်ခြင်းနှင့် ရေ တံခါးအဝင်/အထွက် မြောင်းတူးဖော်ခြင်းတို့ကိုလည်းကောင်း၊  ဓနုဖြူမြို့နယ်အတွင်းတွင် ကျုံပိုင်းမှ ကျူတောရိုး၊ သဇင်ကုန်းအထိ အကျော်ချောင်း တူးဖော်ခြင်း၊ ထန်းတပင် လက်တက်ချောင်း၊ မြစ်ထွက် လက်တက်ချောင်း၊ ဒယောနှင့် ညောင်အိုင် လက်တက်ချောင်း တူးဖော်ခြင်း စသည့် လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားရန် ရှိပါကြောင်း၊ အဆိုပါလုပ်ငန်းများကို တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြည်ထောင်စု အစိုးရအဖွဲ့သို့ ရန်ပုံငွေတင်ပြတောင်းခံပြီး၊ ရန်ပုံငွေ ရရှိပါက လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဆည်မြောင်းဦးစီးဌာနမှ လုပ်ငန်းဆောင်ရွက်ပေးနိုင်ရေး စီစဉ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။