(ဂ)-ပြန့်သေကျေးရွာ၊ ဖလံကျေးရွာ၊ သဲဖြူစမ်း ကျေး ရွာနှင့် ကွင်းကြီး သဘော့ ကျေးရွာတို့တွင်သောက် သုံး ရေကန်များ တူးဖော်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့ (၁၂.၈.၂၀၁၃)

ဦး‌မောင်မောင်တင် (ရေကြည်) ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်အတွင်းရှိ ရခိုင်ရိုးမတောင်ခြေတွင် အမှီပြုနေထိုင်လျက် ရှိကြသော ပြန့်သေကျေးရွာ၊ ဖလန်ကျေးရွာ၊ သဲဖြူစမ်းကျေးရွာနှင့် ကွင်းကြီးသဘော့ ကျေးရွာများသည်  မြို့နှင့်အလှမ်း ကွာဝေးသဖြင့် နွေရာသီကာလတွင် ရေရှားပါးသည့် အခက်အခဲများနှင့် နှစ်စဉ် ကြုံတွေ့လျက်ရှိပါကြောင်း၊ နှစ်စဉ်နှစ်တိုင်း ဧပြီလ၊ မေလ ရေရှားပါးသည့်ကာလ များတွင် အမှတ် (၃၄၄) အမြောက်တပ်နှင့် အကူအညီဖြင့်လည်းကောင်း၊ အုပ်ချုပ်ရေး၊ လူမှုရေး အဖွဲ့အစည်းများ၏ ဝိုင်းဝန်းကူညီ ပံ့ပိုးမှုဖြင့်လည်းကောင်း ငါးမိုင်ခန့်ကွာဝေးသော ငဝန်မြစ်ရေကို ဂွန်ဒေါင်းများ၊ မော်တော် ယာဉ်များနှင့် နှစ်စဉ် သယ်ယူဖြန့်ဝေပေးနေ ရသည့် အတွက် အခက်အခဲများ ကြုံတွေ့နေရပါကြောင်း၊ သို့ဖြစ်ပါ၍ ရေကြည်မြို့နယ်အတွင်းရှိ ပြန့်သေကျေးရွာ၊ ဖလန်ကျေးရွာ၊ သဲဖြူစမ်းကျေးရွာနှင့် ကွင်းကြီးသဘော့ကျေးရွာတို့တွင် မိုးရေကို သိုလှောင်ထားရှိနိုင်ရေး အတွက် သောက်သုံးရေကန်များ တူးဖော်ပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
သမ္မတရုံးဝန်ကြီးဌာန -၁၊ ဒုဝန်ကြီး ဦးသန့်ရှင်း
အဖြေ

သမ္မတရုံးဝန်ကြီးဌာန -၁၊ ဒုဝန်ကြီး ဦးသန့်ရှင်း ရေကြည်မြို့နယ် ငသိုင်းချောင်းမြို့နယ်ခွဲတွင် ရပ်ကွက်ပေါင်း ၆ ရပ်ကွက်၊ ကျေးရွာ အုပ်စု ၃၂ အုပ်စု၊ ကျေးရွာပေါင်း ၁၉၁ ရွာရှိပါသည့်အနက် ရခိုင်ရိုးမတောင် တန်းနှင့် ဆက်သွယ်နေသော ကျေးရွာများဖြစ် သည့် ပြန့်သေ ကျေးရွာ၊ ဖလန်ကျေးရွာ၊ သဲဖြူစမ်းကျေးရွာနှင့် ကွင်းကြီး သဘော့ကျေးရွာ များသည် မြို့နှင့်အလွန် အလှမ်းဝေးကွာပြီး နွေရာသီ ကာလတွင် ရေရှားပါးသည့် အခက်အခဲများနှင့်ကြုံတွေ့နေရသောကြောင့် ၂၀၁၃ ခုနှစ် နွေရာသီတွင် ငသိုင်းချောင်းမြို့နယ်ခွဲ စည်ပင်သာယာရေး အဖွဲ့အနေဖြင့် ပြန့်သေကျေးရွာနှင့် ဖလန်ကျေးရွာတို့တွင် တစ်လက်မခွဲ တုံကင်တွင်း တူးဖော်ခြင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ကျေးရွာ ၂ ရွာလုံး၌ ပျမ်းမျှအနက်ပေ ၇၀ ခန့်တွင် ကျောက်လွှာများခံနေပြီး ဆက်လက် တူးဖော်နိုင်ခြင်းမရှိခဲ့ပါကြောင်း၊ ပြန့်သေကျေးရွာတွင် နေရာ ၂ ခုနှင့် ဖလန်ကျေးရွာတွင် နေရာ ၃ ခု ပြောင်းရွှေ့ ဆောင်ရွက်ခဲ့သော်လည်း အထက်ဖော်ပြပါအတိုင်းသာ ကြုံတွေ့နေရရာ မိုးရေ သိုလှောင်ကန် တူးဖော်ပေးခြင်းကိုသာ ဆောင်ရွက်ပေးသွားသင့်ပြီး ပေ ၁၀၀ ပတ်လည်အနက် ၆ ပေ မြေသားမိုးရေလှောင်ကန်တစ်ကန်အတွက် ခန့်မှန်းကုန်ကျစရိတ်မှာ ငွေကျပ် ၂၂.၅၀ သိန်းဖြစ်ပါကြောင်း၊ ငသိုင်းချောင်းမြို့နယ်ခွဲ စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ဝင်ငွေနည်းပါးသော အဖွဲ့ဖြစ်သဖြင့် ကျေးရွာ ၄ ရွာလုံးကို တစ်ပြိုင်တည်းပြီးစီးအောင် ဆောင်ရွက်ပေးရန် ရန်ပုံငွေလုံလောက်မှုမရှိပါကြောင်း၊ ၂၀၁၃-၂၀၁၄ ခု ဘဏ္ဍာရေးနှစ်အတွင်း ပြန့်သေကျေးရွာနှင့် ဖလန်ကျေးရွာတို့တွင် မြေသားမိုးရေ လှောင်ကန်တစ်ကန်စီ တူးဖော်ပေးနိုင်ရေးအတွက် ခန့်မှန်းလိုအပ်ငွေ ကျပ် ၄၅ သိန်းအား ၂၀၁၃-၂၀၁၄ ခု ဘဏ္ဍာရေးနှစ် မူလလျာထားချက် ကျေးလက်လမ်းဖြစ်သော လက်ပံပင်ရွာနှင့် ကုန်းပြင်ရွာ ဆက်သွယ်သော လမ်း ကျောက်ချောခင်းခြင်း လုပ်ငန်းမှ ရန်ပုံငွေခွဲဝေကျခံနိုင်ရေး လုပ်ငန်းပြောင်း ဆောင်ရွက်ခွင့်အား တိုင်းဒေသကြီး အစိုးရမှ ခွင့်ပြုပေးထားရာ သဲဖြူစမ်းကျေးရွာနှင့် ကွင်းကြီး သဘော့ကျေးရွာ တို့တွင် မြေသားမိုးရေလှောင်ကန် တစ်ကန်စီ တူးဖော်ပေးရန်အတွက် ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ် ကျေးလက်ရေပေးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။