ကျောက်တော်မြို့သည် ရခိုင်ပြည်နယ်၊ မြောက်ဘက်၊ ချင်းပြည်နယ် ပလက်ဝ မြို့နယ်နှင့် ထိစပ်ပြီး အနောက်ရခိုင်ရိုးမ တောင်တန်း လွင်ပြင် ကစ္စပနဒီ၊ ကုလားတန် (ခေါ်) ကစ္စပနဒီမြစ်၏ ကမ်းဘက်တွင် တည်ရှိပြီး ရပ်ကွက် အားဖြင့် ၇ ရပ်ကွက်၊ လူဦးရေ ၁ သိန်းခန့်ရှိပြီး အများစုမှာ လယ်လုပ်ငန်း လုပ်ကိုင်ကြကာ မြို့ပေါ်ရှိ ကုန်သည်များနှင့် အစိုးရ ဝန်ထမ်းများ လည်း နေထိုင်ကြ ပါကြောင်း၊ အဆိုပါ ကစ္စပနဒီမြစ်သည် အိန္ဒိယနိုင်ငံမှ မြစ်ဖျားခံပြီး ပလက်ဝကို ဖြတ်ကျော်ကာ ကျောက်တော်နှင့် စစ်တွေဘက်ကို ဖြတ်ကျော်ပြီး ပင်လယ်ဝဘက်ကို ဖြတ်သန်း စီးဆင်း သွားပါကြောင်း၊ ကစ္စပနဒီမြစ်သည် ရေချိုမြစ်ဖြစ်သည့်အတွက် ကျောက်တော်အနီးအနား ဘက်မှ ရွာသူရွာသားများအနေဖြင့် ယင်းရေကို အဝတ်လျော်ခြင်း၊ ရေချိုးခြင်း များအသုံးပြုကြပြီးယင်းမြို့၏အရှေ့ဘက်တွင် ပေ ၃၀၀၀ ခန့်မြင့်သော ကျောက်တော်တောင် တည်ရှိရာ ယင်းတောင်သည် ဓညဝတီခေတ် စန္ဒသူရိယမင်း လက်ထက်တွင် မြတ်စွာဘုရားကြွချီတော်မူစဉ်က ပထမဆုံးနားခဲ့သော သမိုင်းဝင်တောင်တစ်ခု ဖြစ်သည့်အပြင် ယင်းမှတစ်ဆင့် အရှေ့ဘက်မှာ ၅ မိုင်ခန့်အကွာရှိ မဟာမြတ်မုနိ ဘုရားသည်လည်း ရခိုင်လူမျိုးများ၏ ရှေးဟောင်းယဉ်ကျေးမှု နေရာအဖြစ် သတ်မှတ်ထားရာ ဗုဒ္ဓဘာသာများ၊ ဘုရားဖူးများ၊ သုတေသီများ လာရောက်သည့် နေရာတစ်နေရာလည်း ဖြစ်ပါကြောင်း။
ကျောက်တော်မြို့သည် လမ်းပန်းဆက်သွယ်ရေး အသင့်အတင့်ကောင်းမွန်ပြီး သပ်ရပ် လှပသည့်မြို့ တစ်မြို့ ဖြစ်သည့် အတွက် နိုင်ငံတော် အကြီးအကဲများမှ အခါအားလျော်စွာ မြို့တော်ကို သန့်သန့် ရှင်းရှင်းဖြစ်စေရန် ညွန်ကြားလေ့သော်လည်း ယနေ့ခေတ်တွင် ကျောက်တော်မြို့သည် သန့်ရှင်းမှုမရှိဘဲ အကျဉ်းတန်သော မြို့တစ်မြို့ ဖြစ်နေပြီ ဖြစ်ပါကြောင်း၊ မြို့သူမြို့သားများ အပန်းဖြေသည့် နေရာများဖြစ်သည့် ပန်းခြံများကိုဖြတ်ပြီး အုတ်၊ သဲ၊ ကျောက် လုပ်ငန်းရှင်များကို လေလံပေးခြင်း၊ မြို့အရှေ့ဘက် မြို့မ ဆိပ်ကမ်း တွင်လည်း ကုန်အရောင်းဆိုင်များကို ငွေကြေးရယူပြီး နေရာချထားခဲ့ခြင်း၊ ထိုချထားပေးသည့် ဆိုင်ခန်းများတွင် လူများနေထိုင်ပြီး အများသုံး မြစ်ကမ်းတစ်လျောက်ပေါ်တွင် အညစ်အကြေးများ စွန့်ပစ်လျှက်ရှိကြပါကြောင်း၊ ထို့ပြင် လူဝင်လူထွက်များသော ဈေးရှေ့တွင်လည်းအမှိုက် သရိုက်များစုပုံနေပြီး စီစဉ်စနစ်တစ်ကျမရှိပဲ ရှုပ်ထွေးစွာရှိနေခြင်း စသည့် ဖြင့် မြို့အင်္ဂါရပ်နှင့် မညီညွှတ်တော့ဘဲ လွန်စွာအကျဉ်းတန်သော မြို့တစ်မြို့ဖြစ်နေပါကြောင်း၊ ယင်းကိစ္စကို ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် များထံ တင်ပြရန် အုပ်ချုပ်ရေးမှူးများအား သွားရောက်တွေ့ဆုံသော်လည်း မိမိတို့ကို အတွေ့မခံပဲ ပုန်းရှောင်နေခြင်း၊ ထို့ပြင် ပြည်သူ့လွှတ်တော်မှ လယ်ယာမြေစစ်ဆေးရေးကော်မတီ ဝင်များလာရောက်ပြီး လယ်ယာမြေများ စိစစ်ရာတွင်လည်း ယင်း အုပ်ချုပ်ရေးမှူးသည် ခွင့်ယူပြီးရှောင်ပြေး နေခဲ့ပါကြောင်း၊ နိုင်ငံတော် အနေဖြင့် ကျောက်တော်မြို့ကို သန့်ရှင်း လှပသောမြို့ တစ်မြို့အဖြစ် ပြန်လည်ပြုပြင် ထိန်းသိမ်းပြီး သမိုင်းဝင်ဓညဝတီမြို့နှင့် မဟာမြတ်မုနိရှိရာသို့ နိုင်ငံခြားဧည့်သည် များလာရောက်ခွင့်ပြုမည်ဆိုပါက မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအနေဖြင့် ဝင်ငွေတိုးတက်လာမည့်အပြင် ကျောက်တော်မြို့မှာလည်း တိုးတက်လှပသော မြို့ဖြစ်လာနိုင်သည့်အတွက်ကြောင့် အောက်ပါမေးခွန်းများကို မေးမြန်းလိုပါကြောင်း-
ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို သန့်ရှင်းလှပသော မြို့နယ်အဖြစ် ဥပမာအားဖြင့် ပြည်တွင်း ပြည်သူ့ ပန်းခြံများဖြင့် ဆောက်လုပ်ပေးခြင်း၊ ဆိပ်ကမ်းတံတားများဆောက်လုပ်ပေးခြင်း၊ ကမ်းနားတစ်လျောက် အမှိုက်များကို ဖယ်ရှာခြင်း ၊ ကမ်းနားလမ်းမကြီးကို သွားလာအောင်အဆင်ပြေအောင်လုပ်ပေးခြင်း စသည်အားဖြင့် ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ၊ မရှိ နှင့်
လုံခြုံရေးကိုအကြောင်းပြု၍ နိုင်ငံရပ်ခြားဧည့်သည်များ လာရောက်ခြင်းကိုတားမြစ်ထားရာ ယခု နယ်မြေအေးချမ်းသာယာလာပြီဖြစ်ပါသဖြင့် နိုင်ငံခြားဧည့်သည်များအား သမိုင်းဝင်ဓညဝတီမြို့၊မဟာမုနိ ဘုရားသို့ ယဉ်ကျေးမှု မြောက်ဦးမြို့မှတစ်ဆင့် လာရောက်သကဲ့သို့ လာရောက်ခွင့်ပြုရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကျောက်တော်မြို့ ကမ်းနားလမ်းရှိ ချမ်းမြေ့နဒီပန်းခြံအား အုတ်တံတိုင်းများ ကာရံခြင်း၊ ကျောက်စီမြေထိန်း နံရံများ ပြုလုပ်ပေးခြင်း၊ ပန်းခြံအတွင်းရှိ အုတ်၊ သဲ၊ ကျောက်ရောင်းဝယ် လုပ်ကိုင်သူများကို ဖယ်ရှားခြင်း၊ ကမ်းနားလမ်း တွင် ဈေးဆိုင်များအား အငှား ချထားခြင်း၊ အခွန်အခကောက် ခံခြင်းများ လုံးဝပြု လုပ်ခြင်း မရှိပါကြောင်းနှင့် ကျူးကျော်ဈေးဆိုင်များ အဖြစ်သတ်မှတ်ပြီး ဖယ်ရှားရှင်းလင်း ဆောင်ရွက်လျက်ရှိပါသည်။
ကမ်းနားလမ်း သန့်ရှင်းသာယာရေး၊ လှပရေး၊ သွားရေးလာရေး အဆင်ပြေစေရေး အတွက် နှစ်လမ်းသွား ကွန်ကရစ်ခင်းခြင်း ၆၀၀ ပေ၊ ၁၆ ပေ ၈ လက်မ နှစ်ကြောင်းနှင့် လမ်းလယ်ကျွန်းတည်ဆောက်ခြင်း ၃၀ ပေ၊ ၂ ပေ၊ ၁ ပေ ၆ လက်မ ၁၅ ခုခန့်မှန်းကုန်ကျငွေ ၅၉.၈၅ သန်း၊ မြစ်ကမ်းပါးကျောက်စီမြေထိန်း နံရံတည်ဆောက်ခြင်း ၄၆၀ပေ၊ ၂ ပေ၊ ၅ပေ ၉ လက်မ ခန့်မှန်းကုန်ကျငွေကျပ် ၁၆.၃၆ သန်း၊ စုစုပေါင်း ၇၆.၂၁ သန်း အကုန်ကျခံ ဆောင်ရွက်ပေးလျက်ရှိပါသည်။
နိုင်ငံခြားဧည့်သည်များ လာရောက်လည်ပတ်ခြင်းနှင့် ပတ်သက်၍ ပြည်ထဲရေး ဝန်ကြီးဌာနဝန်ကြီးရုံး၏ ၁၅.၁.၂၀၁၃ ရက်စွဲပါ အမိန့်ကြေငြာစာအမှတ် (၇၇/၂၀၁၃) အရ ကျောက်တော်မြို့နယ်သည် မြို့ပြင်၊ မြို့ပေါ်သွားရောက် လည်ပတ်ခွင့် ရရှိပြီးမြို့နယ် ဖြစ်ပါကြောင်း၊ နိုင်ငံခြားသားခရီးသည်များအား သမိုင်းဝင်ဓညဝတီမြို့ရိုး၊ မဟာမြတ်မုနိ ဘုရားသို့ လာရောက်ခြင်းကိုလည်း တားမြစ်ထားခြင်း မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
