ယခုမေးခွန်းကို မေးမြန်းရခြင်းသည် ပြည်သူလူထုအကြားတွင် အမှန်တကယ်ရှိနေသော ဝန်ထုပ်ဝန်ပိုး များကို လျှော့ချပေးလိုသည့် စေတနာကြောင့်ဖြစ်ပါကြောင်း၊ ကျောင်းသား ၆၅ ဦးပြည့်မှသာ မူလ တန်းကျောင်း(ခွဲ) ချထားပေးသောမူ ယခင်ကရှိခဲ့သည်ဟု မိမိမဲဆန္ဒနယ်၏ ဇီးနှစ်ပင်ရွာကျောင်း (ခွဲ) လေးအတွက် လျှောက်လွှာတင်သွင်းခဲ့စဉ်က သိခဲ့ရပါကြောင်း၊ မိမိမဲဆန္ဒနယ်အတွင်း ကျောင်းသားဦးရေ ၆၅ ယောက်အောက် ကျောင်း ၅ ကျောင်းမကရှိပါကြောင်း၊ ထို့အပြင် ၄+၁ မူအရ မူလတန်း ကျောင်းတိုင်းတွင် ဆရာလေးဦးနှင့် အကူလုပ်သားတစ်ဦးခန့်အပ်သည့် မူလည်းရှိသည်ဟု သိရှိရ ပါကြောင်း၊
ပဉ္စမအကြိမ်အစည်းအဝေးရပ်နားသည့်ကာလတွင် မိမိမဲဆန္ဒရှင်ပြည်သူအချို့က အကူအညီတောင်း တင်ပြလာပါကြောင်း၊ အောင်ကုသိုလ်ရွာကျောင်းတွင် ကျောင်းသားဦးရေ ၁၈၀ ကျော်ရှိသော်လည်း ကျောင်းအုပ်တစ်ဦးသာကျန်ရှိကြောင်း၊ အစားလဲဖြည့်မပေးသည့်အတွက် မိဘများက လုပ်အားပေးဆရာ ငှားနေရပြီး ကူညီပေးရန်အတွက်လည်းပြောပါကြောင်း၊ မိမိက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၈ (ဂ)အရ ဆိုပါက မူလတန်းသည် မသင်မနေရအခမဲ့ပညာရေး ဖြစ်ရပါကြောင်း၊ ကူညီပေးမည်ဟု ပြန်လည် ပြောကြားပြီး မြို့နယ်ပညာရေးမှူးနှင့် ညှိနှိုင်းပါကြောင်း၊ မိမိမဲဆန္ဒနယ်ရှိ ဟယ်ပတောရွာကျောင်း၊ မြမာလာရပ်ကွက်ကျောင်းသစ်၊ ဘသန်ဂန်ကျေးရွာကျောင်းသစ်၊ တောင်ပုလုရွာကျောင်းသစ်တို့တွင် ကျောင်းသား ၂၇ ဦး၊ ၃၂ ဦးခန့်နှင့် ဆရာလေးဦးစီရှိနေပါကြောင်း၊ အဆိုပါဆရာများကို ယာယီ ထုတ်နှုတ်ပြီး လိုအပ်နေသောအောင်ပုလုရွာကျောင်းကို ပြောင်းရွှေ့ခန့်ထားပေး၍ ဖြစ်နိုင်၊မဖြစ်နိုင် ညှိနှိုင်း သည့်အခါ ဖြစ်နိုင်သည်ဟုပြောကြားပါကြောင်း၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် မိမိညှိနှိုင်း ခြင်း ဖြစ်ပါကြောင်း၊ စက်တင်ဘာလ ၂၂ ရက်အထိ ပြောင်းရွှေ့ထားခြင်း မတွေ့ရှိရသည့်အတွက် မိမိ သွားရောက်မေးမြန်းသည့်အခါ စက်တင်ဘာလ ၁၇ ရက် ရက်စွဲဖြင့် ခရိုင်ပညာရေးမှူးက ညွှန်ကြား ထားသည့်အတွက် အထက်ကို တင်ပြထားသည်ဟု ပြောကြားပါကြောင်း၊ ညွှန်ကြားချက်တွင် (၁) နတလကျောင်း၊ ဘကကျောင်းတို့မပါဘဲ ပညာရေးဝန်ကြီးဌာနအောက်ကျောင်း ဖြစ်ရမည်၊ (၂) မြို့နယ်ပညာရေးကိုယ်စားလှယ်များကစိစစ်ပြီး ထောက်ခံစာဖြင့် ခရိုင်၊ ပြည်နယ်၊ ပြည်နယ်မှတစ်ဆင့် ပြည်နယ်အစိုးရ၏ သဘောတူခွင့်ပြုချက်ဖြင့် ခန့်အပ်ထားရန် ညွှန်ကြားချက် တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ၎င်းတို့ ခရိုင်ရုံးကိုတင်ထားသည်ဟု ဖြေကြားပါကြောင်း၊ အဆိုပါ လုပ်ထုံးလုပ်နည်းသည် ကြန့်ကြာစေပြီး လူထုကိုလည်း ဝန်ပိစေသည့်အတွက်ကြောင့်လည်းကောင်း၊ ကျောင်းသားများအတွက် သင်ရိုးညွှန်းတမ်း အချိန်ဇယားနှင့်အညီ စာတတ်ရန်အတွက်လည်း ခက်ခဲသည့်အတွက် အဆိုပါစီမံခန့်ခွဲမှုမျိုးသည် မိမိတို့၏အစိုးရကို ဂုဏ်သိက္ခာကျစေနိုင်သည်ဟု ခံစားရသည့်အတွက် အခြေခံပညာဦးစီးဌာနညွှန်ချုပ်နှင့် တွေ့ဆုံပြီး မိမိအကျိုးအကြောင်းပြောပြသည့်အခါ ၎င်းညွှန်ကြားထားသည်မှာ နံပါတ် (၁) ဖြစ်သည့် နတလ ကျောင်း၊ ဘကကျောင်းတို့မပါဘဲ ပညာရေးဝန်ကြီးဌာနအောက်ကျောင်း ဖြစ်ရမည်ဟုသာ ပြောခြင်း ဖြစ်ပါသည်ဟု အဖြေပေးပါကြောင်း၊ ကျန်သည့်အချက်မှာ ၎င်းထုတ်ပြန်ခြင်းမဟုတ်ဘဲ ထပ်ဆင့်ထုတ်ပြန် ထားခြင်း ဖြစ်သည်ဟု ရှင်းပြပါကြောင်း၊
မြို့နယ်ပညာရေးမှူးက ကျေးရွာအုပ်စုတူကျောင်းကို မိသားစုတူကျောင်းဟု ၎င်းထင်မြင်သည်ဟု ပြောကြားခဲ့ခြင်း ဖြစ်ပါကြောင်း၊ ခရိုင်ပညာရေးမှူး၏ အထက်ကညွှန်ကြားချက်တွင် မပါရှိဘဲ အပိုဆောင်း ညွှန်ကြားချက်ကို ဝန်ကြီးဌာနအနေဖြင့် စိစစ်ရန် တိုက်တွန်းလိုပါကြောင်း၊ ပညာရေးဝန်ကြီးဌာနက လာရောက်ဖြေကြားထားခြင်း ရှိပါကြောင်း၊ မိမိတို့နိုင်ငံတွင် ကျောင်းသား ၄၀ ဦးတွင် ဆရာတစ်ဦးနှုန်း ခန့်ထားနိုင်ပြီဖြစ်သည်မှာ ပျမ်းမျှခြင်းကို ညွှန်းဆိုနေခြင်း ဖြစ်ပါကြောင်း၊ အမှန်တကယ် မြေပြင်တွင် ကျောင်းသားများပြားပြီး ဆရာလေးဦးသာရှိခြင်း၊ ကျောင်းသား ၁၀ ယောက်ကျော်နှင့် ဆရာ လေးဦး ခန့်ထားခြင်းများ ရှိနေပါကြောင်း၊ ထို့ကြောင့် အဆိုပါမူကိုလည်း မိမိအနေဖြင့် ကျောင်းသားဦးရေအပေါ် မူတည်ပြီး ဆရာခန့်ထားသည့်မူကို ချမှတ်ပေးစေလိုသည့်အကြောင်း တိုက်တွန်းလိုပါကြောင်း၊ ထို့ကြောင့် ကျောင်းသားများ သင်ရိုးနှင့်အညီ သင်ယူနိုင်ရေး၊ မိဘများဝန်ထုပ်ဝန်ပိုးမဖြစ်ရေးအတွက် ကျောင်းသား ဦးရေ ၆၅ ဦးအောက်နည်းပါးသော မူလတန်းကျောင်းများမှ ကျောင်းဆရာဆရာမ ဝန်ထမ်းများကို ခွင့်ယူ၍လစ်လပ်နေသော မူလတန်းကျောင်းများသို့ ဝန်ထမ်းအင်အားယာယီ ဖြည့်တင်းမှုပြုလုပ်ရန် လုပ်ပိုင်ခွင့်ကို မြို့နယ်အဆင့်ပညာရေးမှူးများသို့ လုပ်ပိုင်ခွင့်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးရုံးများအားလုံးသည် မိမိတိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးရုံးများအောက်ရှိ ခရိုင်/မြို့နယ်များတွင် ကျောင်းသားအင်အား အရ ဆရာပိုနေသော အခြေခံပညာကျောင်းများရှိပါက ၎င်းကျောင်းများမှ ဆရာဆရာမများကို ဆရာ၊ ဆရာမလိုအပ်လျက်ရှိသော အခြေခံပညာကျောင်းများသို့ ယာယီသွားရောက် ကူညီသင်ကြားပေးခြင်း များကို ကျောင်းအုပ်စုအလိုက် စီမံဆောင်ရွက်ပေးရန် အခြေခံပညာဦးစီးဌာန၊ နေပြည်တော်မှ ၁၁-၉-၂၀၁၇ ရက်စွဲပါ စာအမှတ်၊ ဌာနခွဲ(၁-က)/၁၇၇၅၅/(စီမံ)ညွှန် ၂၀၁၇ ခုနှစ်ဖြင့် တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံးများအားလုံးသို့ ညွှန်ကြားပြီးဖြစ်ပါကြောင်း၊ အဆိုပါညွှန်ကြားချက်အရ ကိုယ်စားလှယ် တော်ကြီး တင်ပြသည့် မွန်ပြည်နယ်ပညာရေးမှူးရုံးမှလည်း ဆက်လက်ပြီး ၁၂-၉-၂၀၁၇ ရက်စွဲပါ စာအမှတ်၊ ဌာနခွဲ(၁-က)/၄၀၉၉/စီမံ(ညွှန်) ၁၇ ဖြင့် ကျောင်းသားအင်အားအရ ဆရာပိုနေသော အခြေခံ ပညာကျောင်းများမှ ဆရာ၊ဆရာမများကို ဆရာ၊ဆရာမလိုအပ်နေသော အခြေခံပညာကျောင်းများသို့ ယာယီသွားရောက်ကူညီ သင်ကြားပေးနိုင်ရန်အတွက် သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးများသို့ ဆက်လက်ညွှန်ကြား စီမံဆောင်ရွက်ထားပြီးဖြစ်ပါသဖြင့် မြို့နယ်ပညာရေးမှူးရုံးများတွင် စီမံခန့်ခွဲမှု ရှိနေပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
