တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ကျောက်ရပ်ရွာရှိ အခြေခံပညာမူလတန်း ကျောင်းကို ၁၉၅၄ ခုနှစ်တွင် အစိုးရကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ရာ ယခုနှစ်တွင် ၆၄ နှစ်ရှိပြီဖြစ်ပါ ကြောင်း၊ ကျောက်ရပ်ရွာအနီးမှာရှိ ဗောက်တိုင်ကျေးရွာမှအပ ဝမ်းမော်ရွာ၊ တွန်းနားရွာနှင့် ပလေးချောင်း ရွာ နှင့် ဆောင်းတွင်းပြင်ကျေးရွာ များတွင် ယခင်က မူလတန်းကျောင်းများ မရှိပါကြောင်း၊ နောက်ပိုင်း အိမ်ခြေမည်မျှရှိလျှင် ကျောင်းတစ်ကျောင်းဖွင့်ရမည့်မူအရ အဆိုပါရွာများတွင် မူလတန်းကျောင်းများ ရှိလာခဲ့ခြင်းဖြစ်ပါကြောင်း၊ ကျောက်ရပ်ရွာ မူလတန်းကျောင်းတွင် လက်ရှိကျောင်းသား/သူပေါင်း ၅၄ ဦး၊ ဗောက်တိုင်ရွာတွင် ၅၅ ဦး၊ ဝမ်းမော်ရွာတွင် ၃၉ ဦး၊ တွန်းနားရွာတွင် ၃၁ ဦး၊ ပလေးချောင်းရွာတွင် ၃၀ ဦးနှင့် ဆောင်းတွင်းပြင်တွင် ၃၇ ဦး စုစုပေါင်း ၂၄၆ ဦးရှိပါကြောင်း၊ ၎င်းခြောက်ရွာရှိ အိမ်ထောင်စုမှ ၅၇၇စု နှင့် လူဦးရေ ၃၂၅၂ ဦးတို့ရှိပါကြောင်း၊ စတုတ္ထတန်းအောင် ကျောင်းသား/သူများ အလယ်တန်းပညာကို သင်ကြားလိုပါက မြို့တွင်နေပြီး အ.ထ.ကကျောင်းနှင့် ၃၊ ၄၊ ၅ မိုင်ဝေးသည့်ခရီးကို စက်ဘီး၊ ဆိုင်ကယ်၊ ကားများဖြင့် သွားရောက်ရသည့်အတွက် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်များနှင့် ကုန်ကျစရိတ်များ စသည့်အခက်အခဲများ ရှိသည်ကိုတွေ့ရှိရပြီး ၎င်းအခက်အခဲများကြောင့် စတုတ္ထတန်းအောင်မြင်ပြီး ကျောင်းထွက်ရသည့် ကလေးများများစွာရှိပါကြောင်း၊ ကျောက်ရပ်ရွာမူလတန်းကျောင်း နေရာသည် မြေနေရာ၊ အဆောက်အအုံ အချက်အချာကျသည့် နေရာဖြစ်ပါကြောင်း၊ အနိမ့်ဆုံးအလယ်တန်း ကျောင်းအဆင့် တိုးမြှင့်ပေးသင့်သည့် နေရာဖြစ်သော်လည်း ယနေ့အချိန်ထိ မူလတန်းကျောင်း ဖြစ်နေရသည့် အကြောင်းကို မသိရပါကြောင်း၊ ကျောင်းသားဦးရေ သို့မဟုတ် ဘဏ္ဍာရေးကြောင့် ဖြစ်သည်ကို မသိရပါကြောင်းနှင့် အနီးတွင်လည်း အရန်ကျောင်း ငါးကျောင်းရှိပြီး ဖြစ်သည့်အတွက် မူလတန်းကျောင်းအဆင့်သာ ရှိနေသည့် ကျောင်းတော်ကြီးကို မူလတန်းလွန်ကျောင်းအဖြစ် တိုးချဲ့ဖွင့်လှစ်သင့်သည့် ကျောင်းလည်းဖြစ်ပါကြောင်း၊ ကျောက်ရပ်ရွာမူလတန်းကျောင်း လူထုကလည်း ပညာရေးစိတ်ဝင်စားကြောင်း၊ အားပေးမှုရှိကြောင်း၊ အကျိုးတော်ဆောင်အဖွဲ့များနှင့် မိဘဆရာအသင်းများ ဦးဆောင်မှုဖြင့် ရပ်သူရွာသားများက ကျောင်းအဆောက်အအုံ၊ ပရိဘောဂများ၊ ကျောင်း၏အခြား လိုအပ်ချက်များကိုလည်း ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောက်ရပ်ရွာ မူလတန်းကျောင်းကို မူလတန်းလွန်ကျောင်းအဖြစ် ဖွင့်လှစ်ပေးပါက ကျောက်ရပ်ရွာနှင့် အနီးအနားမှ အရန်ကျောင်းများရှိ ကျောင်းသား/သူများ၊ မိဘများလည်းအတိုင်းမသိ ဝမ်းမြောက်ကြမည် ဖြစ်သည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။
၂၀၁၇-၁၈ ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းပေါင်း ၅၀၉၉ ကျောင်း သက်ဆိုင်ရာကျောင်းအဆင့် အသီးသီးကို အဆင့်တိုးမြှင့် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထားဝယ်မြို့နယ်မှ အခြေခံပညာ မူလတန်းကျောင်း (ခွဲ) နှစ်ကျောင်း၊ အခြေခံပညာ မူလတန်းကျောင်း ခုနစ်ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) နှစ်ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း လေးကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း နှစ်ကျောင်း စုစုပေါင်း အခြေခံပညာ (၁၇) ကျောင်း အဆင့်တိုးမြှင့် ဆောင်ရွက် ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် အခြေခံပညာ မူလတန်းကျောင်းအဆင့်မှ အခြေခံပညာ မူလတန်းလွန်ကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် သတ်မှတ်ချက်မူတွင် မူလတန်းအဆင့်သင် ကျောင်းသား/သူ ၂၅၀ ဦးနှင့် အထက်ရှိရမည်ဟု ပါရှိကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ကျောက်ရပ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် မူလတန်းအဆင့်သင် ကျောင်းသား/သူ ၅၄ ဦးသာ ရှိကြောင်း၊ သို့သော် ပင်မကျောင်းဖြစ်သည့် ထားဝယ်အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် သုံးမိုင်ကွာဝေးပြီးသွားရေးလာရေး အခက်အခဲရှိကြောင်း စိစစ်တွေ့ရှိရရသည့်အတွက် သတ်မှတ်ချက်ကို ဖြေလေျာ့ပြီး ဒေသခံပြည်သူပြည်သားများ၏ ဆန္ဒလိုအပ်ချက် အရလည်းကောင်း၊ သွားရေးလာရေး အခက်အခဲများကြောင့် လည်းကောင်း၊ ပတ်ဝန်းကျင် မူလတန်းငါးကျောင်းအတွက်လည်း အကျိုးရှိမည့် ဖြစ်သည့်အတွက်် လာမယ့် ၂၀၁၈-၁၉ ပညာသင်နှစ်တွင် ထားဝယ်မြို့နယ်၊ ကျောက်ရပ်ကျေးရွာ အခြေခံမူလတန်းကျောင်းအား အလယ်တန်းပညာ ဆက်လက်သင်ကြားနိုင်ရန် မူလတန်းလွန်ေကျာင်းအဆင့် တိုးမြှင့် ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
