(ဃ)-“လက်ရေးတိုပညာ”မှာ လက်ရှိတိုးတက်လာသော ကွန်ပျူတာခေတ်၊ မီဒီယာခေတ်တွင် ပျောက်ကွယ် နေပြီဖြစ်ကြောင်း တွေ့ရ၍လက်ရေးတိုပညာ ပျောက်ကွယ်မသွားစေရေး တာဝန်ရှိသူများမှ ပြန်လည်ဖော်ထုတ် သင်ကြားပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၇.၂.၂၀၁၈)

၁၉၇၈ ခုနှစ် ဘားအံဒေသ ကောလိပ် ဒုတိယနှစ်ရုံးလုပ်ငန်းအတတ် ပညာဘာသာရပ်တွင် လက်နှိပ်စက်နှင့် လက်ရေးတိုကို ဘာသာရပ် တစ်ခုအနေဖြင့် သင်ကြားခဲကြောင်း၊ စိတ်ဝင်စားရန် ကောင်းကြောင်း၊ လက်ရေးတို ပညာကို တီထွင် ဖန်တီးခဲ့သည့် ပညာရှင်များကို လည်း လေးစားမိကြောင်း၊ ပညာရပ်တစ်ခုကို တီထွင်ဖန်တီးပြီး နိုင်ငံ၏ လိုအပ်ချက် တစ်ခုကို အချိန်ကာလ အတော်ကြာကြာ အသုံးပြုနိုင်အောင် တီထွင်ဆောင်ရွက် ပေးခဲ့ကြသည့် လူများ၏ တီထွင်ဖန်တီးမှုသည် ခေတ်ကာလ တိုးတက်လာတာနှင့်အမျှ အသုံးဝင်မှု၊ အသုံးချမှု နည်းလာပြီး တဖြည်းဖြည်း တိမ်မြုပ်ပျောက်ကွယ်နိုင်သည့် အနေအထား တွေ့ရကွောင်း၊ လွတ်လပ်ရေး မရမီကာလက စပြီးတော့ ရုံးဌာနများတွင် လက်ရေးတို လက်နှိပ်စက် ဆိုသည့် ရာထူးနေရာများ ထားရှိကြောင်း၊ အထူးသဖြင့် ရုံးဌာနများ၏ အစည်းအဝေးမှတ်တမ်းများရေးသည့် နေရာ၊ တရားရုံးများတွင် တရားလို၊ တရားပြိုင်များ အပြန်အလှန် ပြောဆိုမှုများကို အလျင်အမြန် ရေးမှတ် နိုင်ရန်အတွက်ကို လက်ရေးတို ပညာကို အသုံးပြုကြရကွောင်း၊ လက်ရှိကာလသည် ကွန်ပျူတာ ပညာ၊ IT၊ မီဒီယာ စသည့်တို့သာ ကျယ်ကျယ်ပြန့်ပြန့် တိုးတက်လာသည့်အတွက် လက်နှိပ်စက် လက်ရေးတိုကို အသုံးပြုမှုနည်းလာသည့် အနေအထားများကို တွေ့ရပါကြောင်း၊ လက်ရေးတို ပညာကိုတီထွင်ဖန်တီးခဲ့သည့် ဆေးပညာရှင်များကို လေးစားမိသည့်အတွက် လက်ရှိကာလ အသုံးပြုမှုနည်းလာသည့် ပညာရပ်တစ်ခု တိမ်မြုပ် ပျောက်ကွယ်သွားမည်ကို မဖြစ်စေလိုကွောင်း၊

လက်ရေးတိုပညာ တိမ်မြုပ်ပျောက်ကွယ် မသွားစေရန်အတွက် ပြန်လည်ဖော်ထုတ် သင်ကြားပေးရန် အစီအစဉ်ရှိ/မရှိနှင့် မည်သည့်သင်တန်းကျောင်းများတွင် သင်ကြားပေးရန် စီစဉ် ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမန်းပါသည်။


ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်ထောင်စုသမ္မတရုံး မြန်မာနိုင်ငံတော် အစိုးရရုံးဌာနအသီးသီးတွင် အငယ်တန်းလက်နှိပ်စက် စာရေး၊ အထက်တန်းလက်နှိပ်စက်စာရေး၊ လက်ရေးတို လက်နှိပ်စက်စာရေး ရာထူးများကို လွန်ခဲ့ သည့် နှစ် ၃၀ ကျော်ခန့်တွင် ခန့်ထားမှုများရှိခဲ့ပြီး အစည်းအဝေးမှတ်တမ်းများ ရေးသားရာတွင် မြန်ဆန်လွယ်ကူမှုရှိစေရန် အသုံးပြုဆောင်ရွက်ခဲ့ကြကွောင်း၊ လက်ရေးတိုလက်နှိပ်စက် ပညာရပ်သည် လက်ရှိကာလတွင် အသုံးပြုမှု အထူးနည်းပါးသွားပြီ ဖြစ်ပါကြောင်း၊ ယနေ့ခေတ် အချိန်အခါသည် နည်းပညာရပ်များ အလွန်တိုးတက်သည် အချိန်အခါ ဖြစ်သည်‌့အတွက် လက်နှိပ် စက်အစားကွန်ပျူတာကို အစားထိုးပြီး အလေးထားသုံးစွဲလာပါကြောင်းနှင့် အစည်းအဝေးများ၊ အခန်းအနားများတွင် တင်ပြဆွေးနွေးချက်၊ ပြောဆိုဆွေးနွေးချက်များကို မှတ်တမ်းတင်ရာတွင် ခေတ်မီအသံဖမ်းစက်များ၊ ခေတ်မီရုပ်သံဖမ်းစက်များ အသုံးပြု၍ခိုင်လုံသည့် မှတ်တမ်းများဖြင့် ဆောင်ရွက်နိုင်သည့် အခြေအနေကို ရောက်ရှိခဲ့ပြီ ဖြစ်သည့်အတွက် ခေတ်မီကွန်ပျူတာနှင့် စက် ကိရိယာများကို အသုံးပြုခြင်းွဖင့် အချိန်ကုန်သက်သာခြင်း၊ မှတ်တမ်းများစွာကို ထိန်းသိမ်း ထားနိုင်ခြင်း၊ အမှားအယွင်း ရှိပါက ပြင်ဆင်ရန် လွယ်ကူခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနေပြီ ဖြစ်ကြောင်း၊ ရုံး၊ ဌာနချင်း ဆက်သွယ် ဆောင်ရွက်ရာတွင်လည်း အင်တာနက်ကို အသုံးပြုပြီး Electronic Document Management System  (EDMS) အကျိုးကျေးဇူးများ၊ အီးမေးလ်စသည် တို့ကို လွယ်လင့်တကူ အချိန်တိုအတွင်း ပေးပို့ဆက်သွယ် ဆောင်ရွက်လျက်ရှိပါကြောင်း၊

ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည့် အခြေအနေနှင့်အညီ ကွန်ပျူတာ၊ အင်တာနက်များကို အသုံးပြုပြီး Government Personal Management System (GPMS)Electronic Document Management System (EDMS) စနစ်များကို ချိတ်ဆက် အသုံးပြုလာခြင်းဖြင့် ဝန်ထမ်းရေးရာ အချက်အလက်များ သိမ်းဆည်းရာတွင် လုံခြုံမှုရှိခြင်း၊ လိုအပ်ချက်နှင့်အညီ သင့်လျော်သည့် ဝန်ထမ်းများအား တာဝန်ပေးနိုင်ခြင်း၊ ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှုများ ဆုံးဖြတ်ရာတွင် အချက် အလက် ထောက်ပံ့ ရရှိနိုင်ခြင်း၊ အစိုးရဌာန အချင်းချင်းဆိုင်ရာ အဖွဲ့အစည်း အချင်းချင်း Online ချိတ်ဆက်၍ စာပေးစာယူလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း၊ သတင်းအချက်အလက်များ ဖလှယ် နိုင်ခြင်း၊ အီလက်ထရွန်းနစ် စာရွက်စာတမ်းများ စီမံခန့်ခွဲနိုင်ခြင်း အစရှိသည့် ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ထိရောက်လွယ်ကူ လုံခြုံစွာစီမံဆောင်ရွက်နိုင်ပြီ ဖြစေ်ကြာင်းတို့ကြောင့် လက်ရေးတိုပညာရပ်ကို ဘာသာရပ်တစ်ရပ်အဖြစ် ပြန်လည်ဖော်ထုတ်သင်ကြားရန် အစီအစဉ် မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။