(ဂ)-နန်းယွန်းမြို့နယ်တွင် ဆရာ/မများမရှိသဖြင့် သင်ကြားရေးလုပ်ငန်းများ မလုပ်ဆောင်နိုင်သည့် ကျေးလက်အခြေခံ ပညာကျောင်းများ၌ ဆရာ/မများလုံလောက်စွာ ခန့်ထား၍ ပညာသင်ကြားပေးနိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၇.၂.၂၀၁၈)

မိမိတို့မြို့နယ်သည် ဝေးလံခေါင်ပါးပြီး ဖွံ့ဖြိုးတိုးတက်မှုမရှိသည့် မြို့နယ်ဖြစ်ပါကြောင်း၊ နှစ်စဉ်ကျောင်းဖွင့်ချိန်ရောက်တိုင်း ကျောင်းဖွင့်ချိန်အမီ ဆရာ/မများ မရောက်လာနိုင်ခြင်း၊ ဆရာ/မများလုံလောက်မှုမရှိခြင်း၊ ကျောင်းသုံးစာအုပ်များကို သြဂုတ်လ၊ စက်တင်ဘာလများအထိ ကျောင်းသားများလက်ထဲတွင် အပြည့်အဝမရနိုင်ခြင်းများက အလေ့အထတစ်ခုကဲ့သို့ ဖြစ်နေပါကြောင်း၊ ၂၀၁၆-၁၇ ပညာသင်နှစ်အတွက် ကျေးလက်ကျောင်းများတွင် ပုံနှိပ်စာအုပ်များအစုံအလင်မရခြင်း၊ ဗလာစာအုပ်များ အပြည့်စုံခြင်းများကို သုံးသပ်ကြည့်မည်ဆိုပါက ကျောင်းသားများ၏ အနာဂတ်အခြေအနေများကို ခန့်မှန်းရနိုင်ပါကြောင်း၊ ၂၀၁၇-၁၈ ပညာသင်နှစ်တွင် မိမိတို့မြို့နယ်အတွက် ပညာသင်နှစ်နှစ်တစ်ဝက်စွန်းသည့် အချိန်အထိ ပုံနှိပ် စာအုပ်ကမရှိ၊ မူလတန်းကျောင်းများတွင် ဆရာ/မတစ်ဦးတည်းက ဦးဆောင်သင်ကြား ပေးသည်ကို သိရှိရပါကြောင်း၊ ဆရာ/မ မလုံလောက်သော်လည်း အခြားကျောင်းက မျှတွဲပေးလိုက်သည့်အခါ မူလတန်းကျောင်းတွင် ဆရာနှစ်ဦးနှင့် သင်ကြားပေးနေရခြင်း ယခုအတန်းတင် စာမေးပွဲ ဖြေရတော့မည့် အချိန်အထိ ဖြစ်ပါကြောင်း၊ ၎င်းဖြစ်စဉ်များမှာ ဆရာ/မများ၏ အပြောင်းအရွှေ့ကို ကျောင်းဖွင့်ချိန်တွင် ချပေးလိုက်သည့် အတွက်ကြောင့် ဖြစ်ပါကြောင်း၊

ယခုကဲ့သို့ အခြေအနေများကြောင့် ဆရာဆရာမများရဲ့အပြောင်းအရွှေ့ကိစ္စကို ကျောင်းမဖွင့်မီ အပြီးအစီးဆောင်ရွက်ပေးရန်နှင့် ကျောင်းဖွင့်ချိန်အမီ မိမိတာဝန်ကျသည့်မြို့နယ်၊ ကျေးရွာများမှာ အရောက်သွားနိုင်အောင် စနစ်တကျဆောင်ရွက်ပေးစေချင်ပါကြောင်း၊ နောက်တစ်ချက်က ယခုလို ဆရာ/မလုံလောက်မှု မရှိသည့်အခက်အခဲများ နှစ်စဉ်ကြုံတွေ့နေကြရခြင်း၊ မိမိဒေသတွင် တာဝန်ထမ်းဆောင်ချင်သည့် စိတ်ဖြင့်ပညာရေးဘက်တွင် စိတ်အားထက်သန်သည့် စိတ်တို့ရှိခြင်းကြောင့်၊ တက္ကသိုလ်ဝင်တန်းအောင်များနှင့် ဘွဲ့ရပြီးသည့်ဒေသခံလူငယ်များသည် ပညာရေးဝန်ကြီးဌာနက နေ့စားလပေးခေါ်သဖြင့် လျှောက်လွှာများလည်း တင်ခဲ့ကြသည်ဟု သိရှိရပါသော်လည်း ခန့်ထားပေးမှုထဲတွင် တစ်ယောက်မှပါမလာသည်ကိုလည်း တွေ့ရပါကြောင်း၊ အမည်စာရင်းများ သီးသန့်ပြုစုပြီး တင်ပြခဲ့သော်လည်း ယနေ့အချိန်ထိ အကြောင်းထူးလာခြင်းမျိုး မရှိပါကြောင်း၊ ထို့ကြောင့် ပညာသင်ယူနေကြသည့် ဒေသခံတိုင်းရင်းသားကလေးများ ကောင်းမွန်စွာ ပညာသင်ယူနိုင်ရေးအတွက် ဆရာ/မများအပြောင်းအရွှေ့အား ကျောင်းမဖွင့်မီ မတ်လ၊ ဧပြီလများတွင် သီးသန့်ဆောင်ရွက်ပေးပြီး ကျေးလက်ကျောင်းများတွင် ဆရာ/မများလုံလောက်စွာ ခန့်ထားပေးနိုင်ရန် မည်သို့စီမံထားရှိသည်ကို သိရှိလိုပါကြောင်း၊ တက္ကသိုလ်ဝင်တန်းအောင်သူများနှင့် ဘွဲ့ရပြီးဒေသခံလူငယ်များအား နေ့စားလပေးခန့်ထားပေးနိုင်ရန် အစီအမံများရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

စစ်ကိုင်းတိုင်းဒေသကြီး၊ နန်းယွန်းမြို့နယ်တွင် ယခု ၂၀၁၇-၁၈ ပညာသင်နှစ်တွင် အခြေခံပညာ အထက်တန်းကျောင်းပေါင်း (၄) ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) (၁) ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း (၃) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) (၈) ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း (၂၁) ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (၇၄) ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (ခွဲ) (၆) ကျောင်းအစရှိသဖြင့် စုစုပေါင်းအခြေခံပညာ ကျောင်းပေါင်း (၁၁၇) ကျောင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျောင်းသားနှင့် ဆရာအချိုးအနေဖြင့် အထက်ဆင့်သင် ကျောင်းသား/သူ ၄၈၃ ဦး၊ အထက်တန်းပြဆရာ ၃၅ ဦးခန့်ထားပြီး ဖြစ်သဖြင့် အထက်ဆင့်သင်ဆရာနှင့် ကျောင်းသားအချိုးမှာ ၁း၁၄၊ အလယ်ဆင့်သင် ကျောင်းသား/သူ ၂၀၃၆ ဦးရှိပြီး အလယ်တန်းပြဆရာ ၅၂ ဦးခန့်ထား ပြီးဖြစ်သဖြင့် အလယ်ဆင့်သင် ဆရာနှင့် ကျောင်းသားအချိုးမှာ ၁း၃၉၊ မူလတန်းအဆင့်သင် ကျောင်းသား/သူ ၁၁၃၇၉ ဦးရှိပြီး မူလတန်းပြဆရာ ၃၉၉ ဦးခန့်ထားပြီးဖြစ်သဖြင့် မူဆင့်သင်ဆရာနှင့် ကျောင်းသားအချိုးမှာ ၁း၂၉ ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနအနေဖြင့် ယခုပညာသင်နှစ်အတွက် ရာထူးတိုးပြောင်းများ ဆောင်ရွက်သည့် ၃-၈-၂၀၁၇ ရက်နေ့တွင် နန်းယွန်းမြို့နယ်အတွက် အထက်တန်းပြ ဆရာဆရာမ ငါးဦး၊ အလယ်တန်းပြ ဆရာ ၃၂ ဦး၊ နေ့စားလပေးမူလတန်းပြဆရာ ၂၉ ဦးအပါအဝင် စုစုပေါင်းဆရာ/မ ၁၆၇ ဦး ဖြည့်ဆည်းခန့်ထားပေးပါကြောင်း၊

ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၈-၁၉ ပညာသင်နှစ်တွင် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ အခြေခံပညာဆရာ/မများ၏ အပြောင်းအရွှေ့ရာထူးတိုးများအား ကျောင်းမဖွင့်မီအပြီး ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးလက်ကျောင်းများမှာ ဆရာ/မများ အားလုံးကို ဖွဲ့စည်းပုံအပြည့်ခန့်ထားရေးတွင် လက်ရှိအခြေအနေအရ ခန့်ထားပေးနိုင်ခြင်း မရှိပါကြောင်း၊ ယခင်ရက်များမှ မိမိတင်ပြသကဲ့သို့ ပညာရေးဝန်ကြီးဌာနတွင် ဆရာ/မ လိုအပ်ချက်အင်အား ၃၀၀၀၀ ကျော်ရှိပါကြောင်း၊ ဘဏ္ဍာရေးနှစ်အလိုက် တစ်နှစ်ကို ၁၀၀၀၀ စီဖြင့် သုံးနှစ်ဆက်ပြီး ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ပါကြောင်း၊ ဆရာ/မတွေရရှိရေးအတွက် ပညာရေးကောလိပ်များကိုလည်း လေးနှစ်သင်ပညာရေးကောလိပ်များအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပညာရေးအရည်အသွေး မြင့်မားရေးသည် ဆရာ/မများ၏ အရည်အသွေးက အထူးအရေးကြီးသည့်အတွက် အရည်အသွေးပြည့်ဝသော ဆရာ/မများကို လေ့ကျင့်ပြီးမှ ခန့်ထားပေးရန် စီစဉ်သည့်အတွက် နေ့စားလပေးဆရာ/မများကို ထပ်မံခန့်ထားခြင်း မပြုတော့ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။