(ခ)-၂၀၁၃-၁၄ဘဏ္ဍာရေးနှစ် နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှုတွင် ကျန်းမာရေး စီမံကိန်းလုပ်ငန်း (ဆောက်လုပ်ရေး) လျာထားချက်များ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ (၁၄.၈.၂၀၁၃)

ဒေါက်တာနေလင်း (ဆိပ်ကမ်း) ၂၀၁၃-၁၄ ဘဏ္ဍာနှစ် နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှုတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနများ၏ ကျန်းမာရေးစီမံကိန်းများဆိုင်ရာ စီမံကိန်းများ ပြိုင်တူပေါင်းစပ်ပြီး အိုဗာလပ် ဖြစ်နေမှုအပေါ်မေးမြန်းခြင်းဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လယ်ဘူးမြို့နယ် မန်စီလေးကျေးရွာတွင်  ၁၆ ကုတင်ခန့် တိုက်နယ်ဆေးရုံ ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ ကျပ်သန်းပေါင်း ၃၅၀ လျာထားပြီး၊ အဆိုပါ မန်စီလေးကျေးရွာကိုပဲ နယ်စပ်ရေးရာဝန်ကြီးဌာနက မန်စီလေး ကျေးရွာတွင် တိုက်နယ်ဆေးရုံဆောက်ရန် ကျပ်သန်းပေါင်း ၁၀၀ ခွင့်ပြု ထားပါကြောင်း၊ ထို့ကြောင့် မန်စီလေးကျေးရွာအစား တုန်းမွန်းကျေး ရွာကို ပြောင်းရွှေ့ ဆောက်လုပ်ပေးပါရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးထံ တင်ပြီး ထိုမှတစ်ဆင့် ကျန်းမာရေး မြှင့်တင်မှု ကော်မတီက လွှဲပြောင်းရယူကာ ကျန်းမာရေး ဝန်ကြီးဌာနကို အစိုးရအဖွဲ့ရုံးက တစ်ဆင့် ဆက်သွယ်တင်ပြ ညှိနှိုင်းပေးခဲ့ပါကြောင်း၊ ကျန်းမာရေးမြှင့်တင်မှု ကော်မတီကို ၂၀၁၃-၁၄ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပ‌ဒေကြမ်းများ တင်ပြဆွေးနွေးလာသည့် အချိန်တွင် မိမိတို့ ကော်မတီအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ အသုံးစရိတ်များကိုသာ အဓိကထား စိစစ်ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိသော ဝန်ကြီးဌာနများအပေါ်ကို မစိစစ်နိုင်ခဲ့ပါကြောင်း၊ ထိုကြောင့် ကျန်းမာရေးဝန်ကြီးဌာန၏ ကျန်းမာရေးစီမံကိန်းများနှင့် နယ်စပ်ရေးရာဝန်ကြီး ဌာန၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး မူဝါဒများအရ ဆောင်ရွက်နေကြသော  ကျန်းမာရေးစီမံကိန်းများသည် ဝန်ကြီးဌာန ၂ ခုလုံး အိုဗာလတ် ဖြစ်၍ ထပ်တူထပ်မျှ ဖြစ်နေသည်ကို  စီစစ်တွေ့ရှိရပါကြောင်း၊ ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ဘန်ကောက်ကျေးရွာ  တိုက်နယ်ဆေးရုံ၊ ကယားပြည်နယ်၊ ဒီမောဆိုမြို့နယ်ရှိ ဒေါဓမကြီး ၁၆ ခုတင်ဆံံ့ တိုက်နယ်ဆေးရုံ၊ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ကတိုင်တိ ကျေးရွာ ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ ၊ ရခိုင်ပြည်နယ်၊ မြောက်ဦး မြို့နယ်၊ တိမ်ညိုကျေးရွာ၊ ၁၆ ခုတင်ဆံ့ တိုက်နယ် ဆေးရုံ၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ အောင်ဘာကျေးရွာ  ၁၆ ခုတင်ဆံ့ တိုက်နယ် ဆေးရုံများ ဖွင့်လှစ် တည်ဆောက်ရာတွင် လည်းကောင်း၊  ထို့အတူ ကျေးလက်ကျန်းမာရေးဌာနအတွက်လည်း လွိုင်ကော်မြို့နယ် ပါးလောင်း ကျေးရွာ၊ မြောက်ဦးမြို့နယ် ကျီရာပြင်၊ ကျေးလက်ကျန်းမာရေးဌာနများ တည်ဆောက်ရာ တွင် လည်းကောင်း နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန ၂ ခုလုံး တိုက်ဆိုင်နေပါကြောင်း၊ ထို့ကြောင့်  ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ကျန်းမာရေး စီမံကိန်းများအပေါ် ကျန်းမာရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနတို့ နှစ်ဦးနှစ်ဖက် ဆောင်ရွက်ပေးနိုင်မှု အပေါ် ပြန်လည်ဖြေကြားပေးပါရန်နှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ရေးဆွဲသည့် နေရာတွင်လည်း ကြိုတင် သတိပြုနိုင်ရန်အတွက် ဖြစ်ပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းအောင်
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းအောင်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်းရှိ လမ်းပန်း ဆက်သွယ်မှု ခက်ခဲသော ဒေသများအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်မှု အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီများမှ လိုအပ်ချက်များ အရ စိစစ်တောင်းခံလာသော အောက်ဖော်ပြပါ လုပ်ငန်းများကို ဖွံ့ဖြိုးရေး ရန်ပုံငွေခွဲဝေချထားပေးလျက်ရှိပါ သည်-

     

 

          (က)    လမ်းတံတားလုပ်ငန်းများ၊

          (ခ)     ပညာရေးလုပ်ငန်း၊

          (ဂ)     ကျန်းမာရေးလုပ်ငန်း၊

          (ဃ)    စိုက်ပျိုးရေးလုပ်ငန်း၊

          (င)     ရေရရှိရေးလုပ်ငန်း၊

          (စ)     မွေးမြူရေးလုပ်ငန်း၊

          (ဆ)    စွမ်းအင်လုပ်ငန်း၊

          (ဇ)     ပြည်သူ့ဆက်ဆံရေးလုပ်ငန်း၊

          (ဈ)     သာသနာရေးလုပ်ငန်း၊

          (ည)    ဆက်သွယ်ရေးလုပ်ငန်း၊

          (ဋ)     ငြိမ်းချမ်းရေးအဖွဲ့များအတွက် အိမ်ရာဆောက်လုပ်ရေးလုပ်ငန်းများဖြစ်ပါကြောင်း

ထိုသို့ ဆောင်ရွက်ရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနသည် ကျန်းမာရေး လုပ်ငန်းလျာထားချက်များနှင့် စပ်လျဉ်း၍  ကျန်းမာရေး ဝန်ကြီးဌာနနှင့် တိုက်ရိုက်ညှိနှိုင်း စီမံဆောင်ရွက်မှု မရှိခဲ့ကြောင်း၊ နောင်တွင် ထိုကဲ့သို့ တိုက်ဆိုင်မှုများ မဖြစ်စေရန် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှု အကောင် အထည်ဖော်ရေး ကော်မတီများမှ စိစစ်တင်ပြသွားစေမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၏၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှုတွင် ဆောက်လုပ်ရေး လုပ်ငန်း များ ဆောင်ရွက်ရန် အဆိုပြုလျာထားရာ၌ ဒေသဆိုင်ရာ လိုအပ်ချက်များ၊ ကျန်းမာရေးဝန်ကြီး ဌာန၏ ပြန်လည် ဖြေကြားချက် များတွင် ဖြစ်ပေါ်ခဲ့သော ကတိကဝတ်များအရ ဆောင်ရွက်ရမည့်လုပ်ငန်းများကို စုစည်းလျာထားခဲ့ခြင်း ဖြစ်ပါကြောင်း၊ နောင်တွင် တိုင်းဒေသကြီး/ပြည်နယ်ကျန်းမာရေး စီမံကိန်းများ ရေးဆွဲရာတွင် လမ်းပန်းဆက်သွယ်မှု ခက်ခဲသော ဒေသများအတွက် စီမံကိန်းကော်မရှင်အစည်းအဝေး နှင့် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးများတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့ ထပ်တူကျနေသည့် တိုက်နယ်ဆေးရုံများ၊ ကျန်းမာရေး ဆေးပေး ခန်းများ ဆောက်လုပ်ရေးနှင့် ပတ်သက်၍ ဝန်ကြီးဌာန ၂ ခု ညှိနှိုင်း ဆုံးဖြတ်ချက်အရ ကျန်းမာရေးဝန်ကြီးဌာနကသာ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြေကြားပါသည်။