(ဆ)-အိမ်ရာမြေများ ဝယ်ယူရောင်းချခြင်း အပေါ်တွင် ကောက်ခံနေသော အခွန်နှုန်းထားများ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ (၁၉.၈.၂၀၁၃)

ဦးဝင်းဦး (ရေဖြူ)မိမိအနေဖြင့် အောက်ပါမေးခွန်းအား မေးမြန်းရခြင်းမှာ နိုင်ငံသားများ မှ ပေးဆောင်ရန် တာဝန်ရှိသော အခွန်များကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘဲ မှန်မှန် ကန်ကန်ပေးသွင်းနိုင်ရန် ရည်ရွယ်ပါကြောင်း၊ အမိန့်ကြေညာစာများနှင့်မဟုတ်ဘဲ ဥပဒေ၊ နည်းဥပဒေများဖြင့် စည်းရုံးပြီး နိုင်ငံသားတိုင်း အခွန်ပေးဆောင်သည် ဆိုသည့် ယဉ်ကျေးမှုတစ်ခုကို ဖြစ်စေလိုသည့် အတွက် မေးမြန်း ရခြင်းဖြစ် ပါကြောင်း။

ပထမမေးခွန်းအနေဖြင့် အိမ်၊ ခြံ၊ မြေရောင်းဝယ်ခြင်းပေါ်တွင် တိုးမြှင့်ကောက် ခံနေသော ၃၇ ရာခိုင်နှုန်းအား ဝင်ငွေခွန်အနေဖြင့် ရာခိုင်နှုန်းမည်မျှ ကောက်ခံပါ သနည်း။ တံဆိပ်ခေါင်းအခွန် ရာခိုင်နှုန်းမည်မျှနည်း။ ဤမေးခွန်း ကိုမေးမြန်းရခြင်းမှာ မိမိ အပါအဝင် ပြည်သူအများစု မသိရှိသည့်အပြင် တံဆိပ်ခေါင်း အခွန်များမှာ  ရန်ကုန် ၅ ရာခိုင်နှုန်း၊ မန္တလေး ၇ ရာခိုင်နှုန်း၊ ထို့ပြင် အိမ်၊ မြေဈေးများတွင် ၅ ရာခိုင်နှုန်း၊ ၇ ရာခိုင်နှုန်း ကောက်ခံ ခြင်းများသည် ယနေ့ခေတ် အိမ်၊ မြေဈေးများအရ အင်မတန်များသည့် အတွက် ညှိနှိုင်းပေးရန် တင်ပြရခြင်း ဖြစ်ပါကြောင်း။ အိမ်၊ ခြံ၊ မြေရောင်းဝယ်ခြင်းပေါ်တွင် ပေးဆောင်နေရသော ၃၇ ရာခိုင်နှုန်းကို ဝင်ငွေရလမ်းဖော်ပြနိုင်သော (ငွေဖြူ)၊ ဝင်ငွေ ရလမ်းမဖော်ပြနိုင်သော(ငွေမဲ) များ၏ အခွန်ပေးဆောင်ရမှု စနစ်၊ ယင်း ၃၇ ရာခိုင်နှုန်းကိုလည်း ရောင်းချသူ (သို့မဟုတ်) ဝယ်ယူသူ မည်သူမှ ပေးဆောင်ရမည်နည်း။

ဒုတိယမေးခွန်းအနေဖြင့် ငွေဖြူနှင့် ငွေမဲ များကို အခွန်အချိုးအစား တူညီကောက်ခံမှုအပေါ်တွင် ငွေဖြူကိုလက်ဝယ် ပိုင်ဆိုင်ထားသူများ အနေဖြင့် ငွေဖြူ ရရှိစေရန် ယခင် ၁၅ ရာခိုင်နှုန်းအပေါ် ၂၅ ရာခိုင်နှုန်း ပေးဆောင်ပြီးမှ ရရှိလာသည့်အတွက် တန်တူအခွန်ငွေပေးဆောင်ရမှုမှာ တရားမျှတမှုမရှိဟု ယူဆမိသည့်အတွက် ငွေဖြူငွေမဲ အခွန်ပေးဆောင်ရမှုအား ရှင်းရှင်းလင်းလင်းသိရှိလိုပါကြောင်း။


ငွေဖြူပိုင်ဆိုင်သူများအား အခွန်ငွေပေးဆောင်ရာတွင် သက်သာသောနှုန်းထားများအဖြစ် ပေးဆောင်စေ သင့်ပါကြောင်း သို့မှသာ တရားဝင် အခွန်ဆောင်ချင်သော စိတ်ဓာတ်များ ဖြစ်ပေါ်လာပြီး၊ ယဉ်ကျေးမှုတစ်ခု အနေဖြင့် မျှတသော အခွန်စနစ် ဖြစ်ပေါ်လာအောင် မိမိတို့အနေဖြင့် အားပေးရမည်ဖြစ်ပါကြောင်း၊ ၃၇ ရာခိုင်နှုန်းပေးဆောင်ခြင်းသည် ငွေမည်းသမားများနှင့် ငွေဖြူသများများအတွက် မျှတမှု မရှိသည့် အတွက် ဈေးကွက် အတွင်း ရောင်းဝယ်ရာတွင် ယခုကဲ့သို့ အခွန်ကြီးများပေးဆောင်ရမည်ကို မလိုလားကြသည့် အတွက် အရပ်စာချုပ်နှင့် သော်လည်းကောင်း Special Power, General Power ဖြင့်နှင့်သော်လည်းကောင်း လုပ်ဆောင်နေကြရာ နိုင်ငံတော်အနေဖြင့် အခွန်ဝင်ငွေများလည်း ဆုံးရှုံးရပါကြောင်း၊ စီပွားရေးသမားများ အနေဖြင့် ငွေမဲများဖြင့်သာ ရောင်းဝယ်နေကြသည့် အတွက် မြေဈေး၊ အိမ်ဈေးများ အဆမတန် မြင့်တက် လာပြီး နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုများ အနေဖြင့် အခက်အခဲများလည်း ဖြစ်ပေါ်နေပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ထိုကဲ့သို့ မဖြစ်ရအောင် ဝင်ငွေဖော်ပြနိုင်သူ များကို သက်သာသောအခွန်နှုန်းထားများဖြင့် လုပ်ကိုင်နိုင်အောင် ခွင့်ပြု သင့်ပါကြောင်း၊ ငွေဖြူမရှိသူ ငွေမဲ သမားများအား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထိန်းညှိပေးနိုင်ပါက မတရားဖြစ်ပေါ်နေသော ဈေးနှုန်းများ ငြိမ်ကျသွားနိုင်ပါကြောင်း၊ ထို့အတွက်ကြောင့် တတိယမေးခွန်းအနေဖြင့် ဥပဒေ၊ နည်းဥပဒေ များကို ရေရှည်တည်တံ့နိုင်အောင် ရှင်းလင်းစွာ ထုတ်ပေးစေလိုပါကြောင်း တိုက်တွန်း မေးမြန်း ပါသည်။


 

ဖြေကြားသူ
ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်
အဖြေ

ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်အိမ်၊ ခြံ၊ မြေ ရောင်းဝယ်မှုနဲ့စပ်လျဉ်း၍ အိမ်၊ ခြံ၊ မြေ စသည့် အခြေပြခွန်များတွင် ရောင်းချမှုများပေါ် ရောင်းချသူအနေနှင့် အခြေပြ ခွန်မှ မြတ်စွန်းငွေ အပေါ် ရောင်းခွန် (ဝင်ငွေခွန်) ပေးဆောင်ရမည် ဖြစ်ပြီး ဝယ်ယူသူအနေဖြင့် ဝင်ငွေခွန်နှင့် တံဆိပ်ခေါင်းခွန် ပေးဆောင်ရ မည် ဖြစ်ပါသည်။ ရောင်းဝယ် ခွန်အဖြစ် ကောက်ခံခြင်း မရှိသည့်အတွက် ကိုယ်စားလှယ်တော်ကြီး ဆိုလိုသည့် ရောင်းဝယ်ခွန်ဆိုသည်မှာ ဝယ်ယူသူက ပေးဆောင်ရသည့် အခွန်ကို ဆိုလိုခြင်းဖြစ်နိုင်ပါကြောင်း၊ အိမ်ရာမြေဝယ်ယူသူများ အနေဖြင့် တည်ဆဲ အခွန်ဆိုင်ရာ ဥပဒေများအရ ဝင်ငွေခွန် ၃၀ ရာခိုင်နှုန်းနှင့် တံဆိပ်ခေါင်းခွန်ကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး စည်ပင်သာယာရေး နယ်နမိတ်များ အတွင်း ၇ ရာခိုင်နှုန်း ကောက်ခံသည့်အတွက် စုစုပေါင်းအခွန် ၃၇ ရာခိုင်နှုန်း ကျသင့်မှာဖြစ်ပြီး ကျန် ပြည်နယ်/တိုင်းဒေသကြီး များတွင် တံဆိပ်ခေါင်းခွန် ၅ ရာခိုင်နှုန်းသာ ကောက်ခံသည့် အတွက် စုစုပေါင်းအခွန် ၃၅ ရာခိုင်နှုန်းကျသင့်မည်ဖြစ်ပါကြောင်း၊ အိမ်၊ ခြံ၊ မြေဝယ်ယူသူများအနေဖြင့် ဝယ်ယူသည့် တန်ဖိုးအပေါ် ဝင်ငွေရလမ်း (အခွန်ဆောင်ပြီးငွေဖြူ) တင်ပြနိုင်ပါက ဝင်ငွေခွန် ကျသင့်မည် မဟုတ်ဘဲ တံဆိပ်ခေါင်းခွန်တစ်မျိုးတည်းသာ ကျသင့်မည် ဖြစ်ပါကြောင်း၊ ဝင်ငွေရလမ်း တချို့တစ်ဝက် တင်ပြနိုင်ပါက မတင်ပြနိုင်သော ဝင်ငွေပေါ်တွင်သာ ဝင်ငွေခွန် ၃၀ ရာခိုင်နှုန်းကျသင့်မည် ဖြစ်ပါသည်။


တံဆိပ်ခေါင်းခွန်များကို ဝယ်ယူသည့်တန်ဖိုးအပေါ်တွင် အပြည့်အဝပေးဆောင်ရမည်ဖြစ်ပြီး အိမ်၊ ခြံ၊ မြေ တည်ဆောက်၊ ပြုပြင်၊ မွမ်းမံသူများ အနေဖြင့် အိမ်၊ ခြံ၊ မြေ ဝယ်ယူသူများကဲ့သို့ ဝင်ငွေခွန် ကျသင့်မည် ဖြစ်ကာ တံဆိပ်ခေါင်းခွန်ကျသင့်မှု မရှိပါကြောင်း၊ အိမ်၊ ခြံ၊ မြေ ရောင်းချသူအနေဖြင့် ဝင်ငွေခွန်ဥပဒေအရ အခြေပြပစ္စည်းမှ မြတ်စွန်းငွေအပေါ် အခွန်ထမ်း ဆောင်ရမည် ဖြစ်ပါသည်။ အကြမ်းအားဖြင့် ရောင်းရငွေနှင့် ဝယ်ယူခဲ့စဉ်က တန်ဖိုးတို့ ခြားနားချက်အရ ပေါ်ပေါက်လာသည့် မြတ်စွန်းငွေအပေါ်မှာ ၁၀ ရာခိုင်နှုန်း ဝင်ငွေခွန်ထမ်းဆောင်ရ မည်ဖြစ်ပြီး တံဆိပ်ခေါင်းခွန် ကျသင့်ခြင်းမရှိပါကြောင်း ရှင်းလင်းတင်ပြအပ်ပါသည်။


နိုင်ငံတကာအခွန်စနစ် များမှာ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေအရ ဝင်ငွေရလမ်း အတိအကျဖော်ပြနိုင်သော အခွန်ဆောင်ပြီး ငွေဖြူများဖြင့်သာ အိမ်၊ ခြံ၊ မြေများဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ပြုပြင်မွမ်း မံခြင်းများ ဆောင်ရွက်ရသည့် အတွက် ဝင်ငွေခွန်ပေးဆောင်ရန်မလိုဘဲ တံဆိပ်ခေါင်းခွန် ကိုသာ ပေးဆောင်ရပါကြောင်း၊ အိမ်၊ ခြံ၊ မြေစီမံချက်နှင့် အခွန်နှုန်းထား လျှော့ချပြီး ၁၅ ရာခိုင်နှုန်းနှင့် ကောက်ခံခဲ့စဉ် ကာလမှာ နှစ်အလိုက် အခွန်ကောက်ခံရရှိမှုများမှာ ၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးနှစ်မှာ ကျပ် ၁၄.၇၃ ဘီလီယံ၊ ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်မှာ ကျပ် ၃၂.၁၉ ဘီလီယံ၊ ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်မှာ ကျပ် ၄၀.၈၄ ဘီလီယံ၊ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှာ ကျပ် ၆၃.၃၉ ဘီလီယံ၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ကျပ် ၇၆.၃၈ ဘီလီယံ ဖြစ်ပါသည်။ အိမ်၊ ခြံ၊ မြေ စီမံချက်မှ ၁၅ ရာခိုင်နှုန်းသက်သာသောနှုန်းထားနှင့် အခွန်ကောက်ခံမှုသည် ၁၁-၈-၂၀၁၂ ရက်နေ့တွင် ရပ်ဆိုင်းခဲ့သည့်အတွက် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် စီမံချက်ကာလအတွင်းမှာ ဝင်ငွေခွန်၊ အမြတ်ခွန် အနေဖြင့် ကျပ် ၅၈.၉၈ ဘီလီယံ ရရှိခဲ့ပြီး စီမံချက်ကာလနောက်ပိုင်း ဝင်ငွေခွန်၊ အမြတ်ခွန် အနေဖြင့် ၈.၁၅ ဘီလီယံ ကောက်ခံရရှိပြီး ဘဏ္ဍာနှစ်တစ်နှစ်လုံး စုစုပေါင်း ဝင်ငွေခွန်၊ အမြတ်ခွန် ကျပ် ၆၇.၁၃ ဘီလီယံနှင့် တံဆိပ်ခေါင်းခွန် ၄၁.၉၀ ဘီလီယံ ကောက်ခံရရှိသည့်အတွက် စုစုပေါင်း ကျပ် ၁၀၉.၀၃ ဘီလီယံ ကောက်ခံရရှိခဲ့ပါကြောင်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ပထမသုံးလပတ်တွင် အိမ်၊ ခြံ၊ မြေ ဝယ်ယူ တည်ဆောက်မှုအပေါ် ဝင်ငွေခွန်၊ တံဆိပ်ခေါင်းခွန် စုစုပေါင်း ၁၀.၆၇ ဘီလီယံ ကောက်ခံရရှိပြီး ဖြစ်ပါကြောင်း၊ ဝင်ငွေရလမ်း ဖော်ပြနိုင်သူများအနေဖြင့် ဝင်ငွေခွန် ပေးဆောင်ရန် မလိုအပ်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်တော်ကြီး အကြံပြုထားသော ရောင်းဝယ်ခွန် ၃ ရာခိုင်နှုန်း ဆိုသည်မှာလည်း ထပ်မံကောက်ခံရန် လိုအပ်မည် မဟုတ်တော့ပါကြောင်း၊ ထို့ပြင် ငွေဖြူလုံ လောက်အောင် မပြနိုင်သူများ အတွက်လည်း အခွန်နှုန်း ၃၃ ရာခိုင်နှုန်း ကောက်ခံရန် ဆိုတဲ့အချက်ဟာ အခွန်ထမ်းပြည်သူများ အတွက်လည်းကောင်း၊ အခွန်ဆိုင်ရာဥပဒေများအရလည်းကောင်း မိမိတို့အနေဖြင့် ချိန်ဆ ဆောင်ရွက်ရမည့် ကိစ္စဖြစ်ပါကြောင်း၊ လက်ရှိအခွန် နှုန်းထားများလျှော့ချရေးနှင့် ပတ်သက်ပြီး အခွန်နှုန်းထား လျှော့ချ လိုက်ပါက ငွေကြေးခဝါချမှုများ၊ အိမ်၊ ခြံ၊ မြေဈေး ကစားမှုတွေဖြစ်ပေါ်လာနိုင်သည့်အတွက် ဘက်ပေါင်းစုံမှ စဉ်းစားဆောင်ရွက်ရန်လည်းလိုအပ်ပါကြောင်း၊ အိမ်၊ ခြံ၊ မြေဝယ်ယူရောင်းချခြင်း အပေါ် ကောက်ခံသည့် အခွန်နှုန်းထားများသည် ၂၀၁၂ ခုနှစ်အတွင်း ခေတ်ကာလနှင့် လျော် ညီစေရန် ပြောင်းလဲသည့် နှုန်းထားများဖြစ်ပြီး လက်ရှိအချိန်တွင် ပြင်ဆင်ရန် အစီအစဉ်မရှိသေးပါကြောင်းနှင့် အိမ်၊ ခြံ၊ မြေကဏ္ဍမှ အခွန်စည်းကြပ်ကောက်ခံရာမှာ နယ်မြေ အလိုက် မျှတသော စံနှုန်း သတ်မှတ် ဆောင်ရွက်နိုင်ရေး အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ များနှင့် ညှိနှိုင်းဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။