မိမိတို့ နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေး လုပ်ငန်းစဉ်တွင် အဓိကဆောင်ရွက်ရသော မြန်မာ့စီးပွားရေးဘဏ် မြို့နယ်ဘဏ်ခွဲများတွင် လွန်ခဲ့သော အနှစ် ၃၀ ခန့်က ငွေသေတ္တာလက်ကျန် အမြဲတမ်း ကန့်သတ်ချက် ၁၀ သန်းမှ ၁၅ သန်းအထိကို ငွေကြေး တာဝန်ခံ၊ ငွေကြေးဝန်ထမ်းများအား ငွေကိုင်(၃) ရာထူးအဆင့်နှင့် ကျပ် ၁၅၀ သန်းကနေ သန်း ၂၀၀ အထိကို တာဝန်ခံဝန်ထမ်းငွေကိုင်(၁) နှင့် ငွေကိုင်(၂) ရာထူးအဆင့်များဖြင့် ခန့်ထား ဆောင်ရွက်သည်ကိုသိရပါကြောင်း၊ ယခုအခါ မြို့နယ်ဘဏ်ခွဲများ၏ ငွေကြေးသေတ္တာလက်ကျန် အမြဲတမ်း ကန့်သတ်ချက်ကို သန်း ၁၀၀၀ မှ ၁၅၀၀ အထိတိုးမြှင့်ထားရှိသော်လည်း ငွေကြေး တာဝန်ခံ၊ ငွေကြေးဝန်ထမ်းများအား ငွေကိုင်(၃) ရာထူးအဆင့်ဖြင့်သာ ခန့်ထားခြင်းနှင့် ခရိုင်ဘဏ်ခွဲများ၏ ငွေကြေးသေတ္တာလက်ကျန် အမြဲတမ်း ကန့်သတ်ချက်ကို ကျပ်သန်း ၁၅၀၀၀မှ ၂၀၀၀၀ အထိ တိုးမြှင့် ထားသော်လည်း ငွေကြေး တာဝန်ခံ၊ ငွေကြေး ဝန်ထမ်းများအား ငွေကိုင်(၂)၊ ငွေကိုင်(၁) ရာထူး အဆင့်ဖြင့်သာခန့်ထားဆဲဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ သို့ပါ၍ ငွေကြေးတာဝန်ခံ၊ ငွေကြေးဝန်ထမ်း များအား ငွေကိုင်(၂) သို့မဟုတ် ငွေကိုင်(၁) ရာထူးအဆင့်သို့လည်းကောင်း၊ ခရိုင်ဘဏ်ခွဲများ၏ ငွေကြေးတာဝန်ခံ၊ ငွေကြေးဝန်ထမ်းများအား လက်ထောက်မန်နေဂျာ (ငွေကြေး) ရာထူးအဆင့်သို့ လည်းကောင်း တိုးမြှင့်ခန့်ထားပေးပါမှ သင့်လျော်ပါ မည်ဖြစ်သည့် အတွက် ငွေကြေးတာဝန်ခံ၊ ငွေကြေးဝန်ထမ်းများအား ရာထူးအဆင့်များ တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်းမေးမြန်းပါသည်။
မြန်မာ့စီးပွားရေးဘဏ်သည် မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ ဘဏ်ခွဲများ ဖွင့်လှစ် ဆောင် ရွက်လျက်ရှိရာ စီမံအုပ်ချုပ်ရေး အတွက် ရုံးချုပ်/ ဌာနကြီး ၆ ခု၊ တိုင်းဒေသကြီး/ပြည်နယ်ရုံး ၁၄ ခုတို့အပြင် ခရိုင်အဆင့်ဘဏ်ခွဲ ၇၅ ခု၊ မြို့နယ်အဆင့်ဘဏ်ခွဲ ၂၀၉ ခု နှင့် ဘဏ်ငွေတိုက်ခွဲအဆင့် ၁၆ ခုနှင့် ငွေစုဘဏ်ရုံးခွဲ ၁၀ ခု၊ စုစုပေါင်းဘဏ်ခွဲ ၃၁၀ ခု ဖွင့်လှစ် ဆောင်ရွက် ထားရှိပြီဖြစ်ပါကြောင်း၊ မြန်မာ့စီးပွားရေး ဘဏ်၏ ဖွဲ့စည်းပုံအရ မြို့နယ် ဘဏ်ခွဲများတွင် ရှိသော ငွေကြေး တာဝန်ကို ကြီးကြပ်ရေးမှူး၊ ငွေကြေး ဝန်ထမ်းငွေကိုင်(၃)တို့ဖြင့် ဖွဲ့စည်းထားပြီး ခရိုင် ဘဏ်ခွဲများ တွင်ရှိသော ငွေကြေး တာဝန်ခံကို လက်ထောက် မန်နေဂျာ(ငွေကြေး)၊ ငွေကိုင်(၁)၊ ငွေကိုင်(၂) တို့နှင့်ဖွဲ့စည်းခန့်အပ်ဆောင်ရွက်လျက် ရှိပါသော်လည်း မြို့နယ်ဘဏ်ခွဲများ အနက် ငွေကြေးထိန်းသိမ်းလည်ပတ်မှု ပမာဏများသော ဘဏ်ခွဲများ ဖြစ် သည့် ကျောက်ပန်းတောင်း၊ ပျဉ်းမနား၊ တွံတေး၊ လှည်းကူး၊ လပွတ္တာ၊ ကောလင်းနှင့် အောင်လံတို့တွင် ငွေကိုင်(၂) ရာထူးအဆင့်ကို တာဝန် ပေးအပ်ထားသည့်နည်းတူူ ခရိုင်ဘဏ်ခွဲ/ဘဏ်ခွဲကြီး ၇၅ ခု ရှိသည့် အနက် ငွေကြေးထိန်းသိမ်းလည်ပတ်မှု လုပ်ငန်းပမာဏများသောဘဏ်ခွဲ ၃၈ ခုရှိ ငွေကြေးခန်းများ တွင် ငွေကိုင်(၁)ရာထူးအဆင့်ကို တာဝန်ပေးအပ်ကာ နေပြည်တော်ဘဏ်နှင့် ဘဏ်ခွဲ(၂)ရန်ကုန် တို့ရှိငွေကြေးခန်းများတွင် လက်ထောက်မန်နေဂျာ (ငွေကြေး)ရာထူးအဆင့်ကို တာဝန်ပေးအပ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ငွေကြေးထိန်းသိမ်း လည်ပတ်မှု ပမာဏများပြားခြင်းမရှိသော မြို့နယ်နှင့် ခရိုင် ဘဏ်ခွဲများတွင် ဖွဲ့စည်းပုံသတ်မှတ်ခွင့်ပြုချက်နှင့်အညီ စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ပြီး မြန်မာ့စီးပွားရေး ဘဏ်အနေနှင့် မိမိဘဏ်ခွဲများ၏ လုပ်ငန်းဆောင်ရွက်မှုများကို အမြဲကြည့်ရှုလေ့လာ သုံးသပ်လျက်ရှိကာ အမှန်တကယ် လိုအပ်လာပါက မြို့နယ် ဘဏ်ခွဲများတွင် ငွေကိုင်(၂)ရာထူးထားရှိရေးနှင့် ခရိုင်ဘဏ်ခွဲများ တွင် ငွေကိုင်(၁)ရာထူး ထားရှိရေးကို သုံးသပ်စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ဖြေကြားပါသည်။
