(င)-မြန်မာခိုးကူခွေ မပါရှိခြင်း၊ ညစ်ညမ်းခွေ မပါရှိခြင်း စသည့် အချက်များဖြင့် အဖမ်းခံ နေရသော မြန်မာနိုင်ငံသားများအား ဒဏ်ငွေတစ်ခုသာ ချမှတ်ပြီး အပြစ်ဒဏ် ပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ (၁၉.၈.၂၀၁၃)

ဒေါ်လဲ့လဲ့ဝင်းဆွေ (တာမွေ) ၁၉၈၆ ခုနှစ် မြန်မာနိုင်ငံဗီဒီယို ဥပဒေအရ မြန်မာခိုးကူးခွေများ၊ ဆင်ဆာမဲ့ဗီဒီယိုခွေများနှင့် ပတ်သက်ပြီး ရောင်းချခြင်း၊ သယ်ယူခြင်း၊ ထုတ်လုပ်ဖြန့်ဖြူးခြင်း စသည့်ကိစ္စများ အတွက် ငွေဒဏ်နှင့် ထောင်ဒဏ် ဥပဒေများ ရှိခဲ့ပါကြောင်း၊ နိုင်ငံခြားကား များကို ရောင်းချသူများ အဖမ်းခံရသည့် အခါ မြန်မာခိုးကူးခွေနှင့် ညစ်ညမ်းခွေများ မပါရှိဘဲ နိုင်ငံခြားကားများ ကိုသာ ရောင်းချခဲ့သည်ကို အများအပြားတွေ့ရှိရပါကြောင်း၊ ထိုကဲ့သို့ အမှုများ အပေါ်တွင် ယခုအခါ ထောင်ဒဏ်နဲ့ငွေဒဏ် ပူးတွဲပြီး အမိန့် ချမှတ်ခြင်း၊ ပြစ်ဒဏ်ပေးခြင်း၊ ထူးခြားသည်မှာ ၎င်းဗီဒီယိုအမှုကို တရားရုံးများသို့ သီးခြား နေ့စဉ်အစီရင်ခံနေရခြင်း၊ မြို့နယ်တရားရုံးများတွင် တရားသူကြီးများက ဒဏ်ငွေရိုက်သင့်၍ ဒဏ်ငွေရိုက်သည့် အခါမျိုးတွင်လည်း ၎င်းတရားသူကြီးများ ကြိမ်းမောင်းခြင်းခံရခြင်း၊ ထောင်ဒဏ် ၄ လချခဲ့လျှင်လည်း ရန်ကုန်တိုင်းဒေသကြီး ဥပဒေရုံးများက အယူခံ ပြင်ဆင်မှုများ ပြုလုပ်ခြင်းများကို သိရှိရပါကြောင်း၊  သို့ဖြစ်ပါ၍ မြန်မာခိုးကူးခွေများမပါရှိခြင်း၊ ညစ်ညမ်းခွေမပါရှိခြင်း၊ ၎င်းအချက်နှစ်ချက်ဖြင့် အဖမ်းခံနေရသော မြန်မာနိုင်ငံသားများအား ဒဏ်ငွေ တစ်ခုတည်းသာ ချမှတ်ပြီး ပြစ်ဒဏ်ပေးရန် အစီအစဉ် ရှိ/မရှိ၊ အစီအစဉ် ရှိပါက မည်သည့်အချိန်တွင် စတင်ဆောင်ရွက် မည်နှင့် အစီအစဉ်မရှိပါက မည်သည့် အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်းမေးမြန်းပါသည်။  


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ရုပ်မြင်သံကြား၊ ဗီဒီယို ဥပဒေကို ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့တွင် စတင်အတည်ပြုပြဋ္ဌာန်းခဲ့ပြီး လက်ရှိ အချိန်ကာလအထိ ပြင်ဆင်မှုမရှိသေးကြောင်း၊ ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေပုဒ်မ ၃၂ အရ မည်သူမဆိုအောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကို ပြစ်မှု ကျူးလွန်ကြောင်း စီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ် ၃ နှစ်အထိဖြစ်စေ၊ ငွေဒဏ် ကျပ် ၁၀၀၀၀၀ ထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ် ရမည့်အပြင် ပြစ်မှုနှင့် တိုက်ရိုက်သက်ဆိုင်သော ပစ္စည်းများ ကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်ဟု ပြဋ္ဌာန်းထား ပါကြောင်း၊ ပုဒ်မခွဲ (က) ဗီဒီယိုလုပ်ငန်းလိုင်စင်မရှိဘဲ စီးပွားရေး အလို့ငှာ ဗီဒီယိုလုပ်ငန်းကို လုပ်ကိုင်ခြင်း၊ ပုဒ်မခွဲ (ခ) ဤဥပဒအရ ကင်းလွတ်ခွင့်ပြုသော ကိစ္စရပ်မှအပ ဗီဒီယိုဆင်ဆာ လက်မှတ် အသေးမပါရှိသည့် ဗီဒီယိုတိတ်ခွေကို ကူးယူခြင်း၊ ဖြန့်ချိခြင်း၊ ငှားရမ်းခြင်း သို့မဟုတ် ပြသခြင်း၊ ပုဒ်မခွဲ (ဂ) ဗီဒီယိုဆင်ဆာ အဖွဲ့က ဖြတ်တောက်ရန်၊ ပြုပြင်ရန် သို့မဟုတ် ဖြတ်ရန်ညွှန်ကြားချက်ကို လိုက်နာခြင်းမပြုဘဲ ဗီဒီယိုတိတ်ခွေကို ကူးယူခြင်း၊ ဖြန့်ချိခြင်း၊ ငှားရမ်းခြင်း သို့မဟုတ် ပြသခြင်း၊ ပုဒ်မခွဲ (ဃ) ပြည်ပမှတင်သွင်းလာသော သို့မဟုတ် ယူဆောင် လာသော ဗီဒီယိုတိတ်ခွေကို ဗီဒီယိုဆင်ဆာလက်မှတ်မရှိဘဲ အများပြည်သူအား ပြသခြင်း၊ ပုဒ်မခွဲ (င) မိသားစုကြည့်ရှု့ရန်သာခွင့်ပြုသည့် ပြည်ပမှတင်သွင်းလာသော သို့မဟုတ် ယူဆောင်လာသော ဗီဒီယို တိတ်ခွေကို အများပြည်သူအား ပြသခြင်း၊ ပြည်တွင်းမှရိုက်ကူးသော ဗီဒီယိုတိတ်ခွေသည် မည်သည့် အနုပညာ၊ အကြောင်းအရာ၊ အမျိုးအစားဖြစ်စေ၊ ပြည်ပမှရိုက်ကူးသော ဗီဒီယိုတိတ်ခွေသည် မည်သည့် အနုပညာ၊ အကြောင်းအရာ၊ အမျိုးအစားဖြစ်စေ၊ တစ်နည်းအားဖြင့် ညစ်ညမ်းဗီဒီယိုတိတ်ခွေမဟုတ် သည့်တိုင် နိုင်ငံခြား ဗီဒီယိုခွေများဖြစ်သော တရုတ်၊ ကိုရီးယား၊ အမေရိကန်၊ အင်္ဂလိပ်၊ အိန္ဒိယ အစရှိသည့် မည်သည့်နိုင်ငံမှမဆို ရိုက်ကူးထုတ်လုပ်ပြီး မြန်မာနိုင်ငံအတွင်းတွင် ခိုးကူးခွေများဖြင့် ကူးယူဖြန့်ချိ၊ ငှားရမ်းပြသခြင်းကို လုပ်ကိုင်သူ မည်သူမဆို ဥပဒေနဲ့ညိစွန်းနေခြင်းဖြစ်ပါကြောင်း၊  သို့ဖြစ်၍ မြန်မာခိုးကူးခွေနှင့် ညစ်ညမ်းခွေများ မပါရှိဘဲ နိုင်ငံခြားဗီဒီယိုတိတ်ခွေများကို ခိုးကူးခွေအဖြစ် ရောင်းချနေခြင်းနှင့် ထိုကဲ့သို့ ရောင်းချသူများကို ပုဒ်မ ၃၂ ပုဒ်မခွဲ (ခ) အရ အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများအနေနှင့် မြန်မာနိုင်ငံ ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေပုဒ်မ ၃၂ ပုဒ်မခွဲ (ခ) အရ အရေးယူခြင်းမှာ မြန်မာခိုးကူးခွေနှင့် ညစ်ညမ်းခွေများကို ခိုးကူးရောင်းချနေခြင်းကြောင့် အရေးယူခြင်းမဟုတ်သကဲ့သို့ မြန်မာခိုးကူးခွေနှင့် ညစ်ညမ်းခွေများ မဟုတ်သည့်တိုင် နိုင်ငံခြားခိုးကူးခွေများသည်လည်း ဗီဒီယိုဆင်ဆာအဖွဲ့မှ ကင်းလွတ်ခွင့်ပြုထားတဲ့ ကိစ္စရပ်များမဟုတ်သည့်အပြင် နိုင်ငံခြားဗီဒီယိုတိတ်ခွေများကို ရုပ်ရှင်အနေဖြင့်မှတစ်ပါး ယနေ့အထိ ခွင့်ပြုချက်ပေးထားသည့် ကိစ္စရပ်မျိုးမဟုတ်ပါသဖြင့် မည်သည့် နိုင်ငံခြားဗီဒီယိုခွေကို မဆို ရောင်းချမည်ဆိုပါက ပုဒ်မ ၃၂ ပုဒ်မခွဲ (ခ) အရ အရေးယူရမှာ ဖြစ်ပြီး ဖော်ပြပါဗီဒီယိုတိတ်ခွေအမျိုးအစားနှစ်ခု မပါရှိဘဲ နိုင်ငံခြားခိုးကူး ဗီဒီယိုခွေရောင်းချသူများကို ဥပဒေအရ အရေးယူခြင်းနှင့်စပ်လျဉ်း၍ ပြစ်မှုကျူးလွန်မှု အကြိမ်အရေ အတွက်၊ သိမ်းဆည်းရမိသည့် ပစ္စည်းအရေအတွက်တို့အပေါ်တွင် ချင့်ချိန်ပြီး ၃ နှစ်ထက်မပိုသည့် ထောင်ဒဏ် တစ်မျိုးမျိုးကိုသော်လည်းကောင်း၊ တစ်သိန်းထက်မပိုသည့် ငွေဒဏ်တစ်မျိုးမျိုးကိုသော် လည်းကောင်း၊ ဒဏ်နှစ်ရပ်လုံးကို သော်လည်းကောင်း စီရင်ပိုင်ခွင့်အရ ချမှတ်နိုင်သည်ဖြစ်သောကြောင့် ဒဏ်ငွေ တစ်ခုထဲကို ချမှတ်ခြင်း/မချမှတ်ခြင်းသည် သက်ဆိုင်ရာတရားသူကြီး၏ ဆင်ခြင်တုံတရားဖြင့် စီရင် ဆောင်ရွက် ပိုင်ခွင့်သာ ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ရုပ်မြင်သံကြား ဗီဒီယို ဥပဒေပုဒ်မ ၃၂ ပုဒ်မခွဲ (ခ)အရ ထောင်ဒဏ်တစ်မျိုးမျိုးကိုသော်လည်းကောင်း၊ ငွေဒဏ်တစ်မျိုးမျိုးကိုသော် လည်းကောင်း၊ ဒဏ်နှစ်ရပ်လုံးကိုသော်လည်းကောင်း၊ ပြစ်ဒဏ်ချမှတ်ခြင်းသည် ပြစ်မှုကျူးလွန်သူ၏ ပြစ်မှုကျူးလွန်မှု အခြေအနေပေါ်မူတည်ပြီး သက်ဆိုင်ရာတရားရုံး၏ ပြင်ဆင်ပိုင်ခွင့်သာ ဖြစ်ပါကြောင်း ဖြေကြားပါသည်။