တရားဥပဒေစိုးမိုးရေး ရှိ/မရှိကို ဝေဖန် သုံးသပ်ရာတွင် တာဝန်ယူဆောင် ရွက်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် ဆက်စပ်ပစ္စည်းများဖြစ်သော ရဲတပ်ဖွဲ့သုံးယာဉ်များနှင့် အခြားအသုံးအဆောင် ပစ္စည်းများကို ခေတ်နှင့် အညီ ဖြည့်ဆည်းပေးနိုင်ခြင်း ရှိ/မရှိ ကိုလည်း စဉ်းစားပေးသင့်ပါကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အများစုသည် မိမိအစီအစဉ်ဖြင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် လုပ်ကိုင်နေကြသည် ကိုလည်း တွေ့မြင်ရ ပါကြောင်း၊ မြို့နယ် အတွင်း ဆူပူမှု၊ အကြမ်းဖက်မှုများ စတင်ဖြစ်ပွားပါက မြို့နယ်ရဲတပ်ဖွဲ့ကပင် စတင်ထိန်းသိမ်းရပြီး အချိန်နှင့် တစ်ပြေးညီ ဟန့်တား ကာကွယ်ရန်နှင့် ထိရောက်မြန်ဆန်စွာ အင်အားဖြည့် ဆောင်ရွက်နိုင် ရန်၊ တရားခံများ ဖမ်းဆီးရန်နှင့် အဓိကရုဏ်းများဖြစ်ပွားပါက အခင်းဖြစ်ရာနေရာသို့ အချိန်မီ သွားရောက် ရန်နိုင်ရန်အတွက် ယာဉ်များ မလုံလောက်ခြင်း၊ ကောင်းမွန်မှုမရှိခြင်း၊ လိုအပ်သည့် မော်တော်ယာဉ်နှင့် စက်သုံးဆီများကိုလည်း ရဲတပ်ဖွဲ့ဝင်များသည် မြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ ယာဉ်ပိုင်ရှင်များထံမှ အကူအညီတောင်းခံ နေရပါကြောင်း၊ ထို့အပြင် မြို့နယ်အသီးသီးတွင် ယာဉ်လုံလောက်မှုမရှိသည့်အပြင် ရှိသည့်ယာဉ်များမှာလည်း ပျက်စီးယိုယွင်းနေသည့်အတွက် အသစ်ဖြည့်စွက်ဆောင်ရွက်ပေးရန်လည်း လိုအပ်လျက် ရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ မြို့နယ်အသီးသီးရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့များသို့ အချုပ်ယာဉ်၊ လှည့်ကင်း၊ လုံခြုံရေး ဆောင်ရွက်ရန်ယာဉ်နှင့် အဓိကရုဏ်းနှိမ်နင်းရေးယာဉ် စသည်တို့ကို စီမံချက်ရေး ဆွဲ၍ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ တိုင်းဒေသကြီး/ပြည်နယ် ရဲတပ်ဖွဲ့များ သို့ မော်တော်ယာဉ် မျိုးစုံ ၂၇၂၅ စီး ဖြန့်ခွဲထားရှိပြီး လှည့်ကင်း လုံခြုံရေးနှင့် အုပ်ချုပ်မှုယာဉ်များအဖြစ် အသုံးပြုလျက်ရှိပါသည်။ အဆိုပါယာဉ်များအနက် အချုပ်သားတင်ယာဉ် ၉၁ စီးကို တိုင်းဒေသကြီး/ပြည်နယ် ရဲတပ်ဖွဲ့များသို့ ဖြန့်ခွဲ ထားရှိပြီး လုံခြုံရေးဆောင် ရွက်ရန် ဖော/လန်ဂျန်းယာဉ် ၂၂၀ စီးရှိပြီး ရဲတပ်ရင်းများသို့ ဖြန့်ခွဲထားရှိပါသည်။ ထို့အပြင် အေရိုးလတ် အမျိုးအစား ယာဉ်ကြီးများကို အဓိကရုဏ်းနှိမ်နင်းရေးယာဉ်အဖြစ် ပုံစံပြောင်းလဲပြီး ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့တွင် ၂ စီး၊ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့တွင် ၂ စီး၊ အမှတ် (၂) ရဲတပ်ရင်းများကွပ်ကဲမှုအဖွဲ့မှူးရုံး(ရန်ကုန်) တွင် ၂ စီးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်တွင် အရံအသင့် ယာဉ် ၂ စီး၊ စုစုပေါင်း ၈ စီးကို ဖြန့်ခွဲထားရှိပါသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် ထပ်မံဖြည့် ဆည်းဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိသော မော်တော်ယာဉ်များကို အမျိုးသားစီမံကိန်းနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနသို့ တောင်းခံ၍လည်းကောင်း၊ နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဘဏ္ဍာရေးနှစ် အလိုက် ဝယ်ယူဖြည့်တင်းပေးခြင်းဖြင့်လည်းကောင်း ဆောင်ရွက်လျက်ရှိရာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် လှည့်ကင်းနှင့် လုံခြုံရေးအသုံးပြုရန် ဆလွန်းယာဉ် ၄၄ စီး၊ double cab ယာဉ် ၁၀၀ စီးနှင့် အချုပ်ယာဉ် ၁၆ စီး၊ မော်တော်ဆိုင်ကယ် ၁၅၀ စီး ဝယ်ယူခွင့် ရရှိခဲ့ပြီးဖြစ်သည့်အတွက် ပြည်ထဲရေးဝန်ကြီးဌာန ပစ္စည်းဝယ်ယူမှု စိစစ်ရေးကော်မတီမှ အိတ်ဖွင့်တင်ဒါဈေးပြိုင်စနစ်ဖြင့် ဝယ်ယူရေး ဆောင်ရွက်လျက်ရှိပြီး ဝယ်ယူပြီးပါက ဖြန့်ဝေ ထုတ်ပေးရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ၂၀၁၃ ခုနှစ် ဇွန်လအတွင်း အမျိုးသား စီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ မြန်မာ double cab၊ single cab ယာဉ် ၆၃ စီး ထပ်မံခွဲဝေရရှိခဲ့သည့်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အသစ် တိုးချဲ့ဖွဲ့စည်းခဲ့သော တပ်ဖွဲ့များသို့ ခွဲဝေထုတ်ပေးထားရှိပါကြောင်းနှင့် မော်တော်ယာဉ်များ ထပ်မံဖြည့်တင်း ရရှိလာပါက မြို့နယ်အသီးသီးသို့ ဆက်လက်ခွဲဝေ ထုတ်ပေးရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
