မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အားလျော်စွာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သက်တမ်း ၅ နှစ်လျှင် တစ်ကြိမ် ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ရမည်ဖြစ်ပြီး၊ ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်ရုံးများ သီးခြားဆောက်လုပ်ထားခြင်း မရှိသေးပါသဖြင့် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးများ၌သာ ကော်မရှင်ရုံးများ ဖွင့်လှစ်ပြီး ကော်မရှင်လုပ်ငန်းများ ကို ဆောင်ရွက်ခဲ့ကြသောကြောင့် နေရာ အချို့တွင် အခန်းနေရာ ကျဉ်းမြောင်းခြင်း၊ နေရာထိုင်ခင်း အဆင်မပြေခြင်း၊ အသုံးအဆောင်ပစ္စည်းများ မပြည့်စုံခြင်း၊ ကျွမ်းကျင်ဝန်ထမ်းများ မလုံလောက်ခြင်း စသည့် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရကြောင်း၊ ယခုအခါ ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့နှင့် ပြည်ထောင် စုရွေးကောက် ပွဲကော်မရှင် ရုံးများ စနစ်တကျ ဖွင့်လှစ်ပြီး ကော်မရှင် လုပ်ငန်းများ အောင်မြင်စွာ ဆောင် ရွက်နိုင်ပြီ ဖြစ်သည့် အတွက် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အရ လာမည့် ၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ရွေးကောက်ပွဲကော်မရှင်ရုံးများ သီးခြားတည်ဆောက်ပေးပြီး ကော်မရှင်လုပ်ငန်းနှင့် စပ်လျဉ်းသော အသုံးအဆောင် ပစ္စည်းများ၊ ကျွမ်းကျင် ဝန်ထမ်းများ ပြည့်ပြည့် စုံစုံထားရှိရန် အထူးလိုအပ်လျက်ရှိသောကြောင့် ၂၀၁၅ ခုနှစ် မတိုင်မီ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ခရိုင်၊ မြို့နယ်များတွင် ရွေးကောက်ပွဲ ကော်မရှင်ရုံးများ ဆောက်လုပ်ရန် အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ်မရှိပါက မည်သည့်အကြောင်းကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် ဥပဒေ တို့နှင့် အညီ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို၂၀၁၀ ပြည့်နှစ်တွင်လည်းကောင်း၊ ကြားဖြတ် ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ်တွင်လည်းကောင်း ကျင်းပခဲ့ရာတွင် အုပ်ချုပ်ရေးမှူး ရုံးများ၌သာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများ ဖွင့်လှစ်ပြီး ကော်မရှင်လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြရာ နေရာထိုင်ခင်း အဆင်မပြေမှုများ၊ အသုံးအဆောင်ပစ္စည်း မပြည့်စုံသည့် အခက်အခဲများ၊ ကျွမ်းကျင်ဝန်ထမ်း မလုံလောက်ခြင်းစသည့် အခက်အခဲများ ရှိခဲ့သည့် အပြင် ရွေးကောက်ပွဲ ဆိုင်ရာ အငြင်းပွားမှုများကို တရားဥပဒေနှင့် အညီ ဖြေရှင်းဆောင်ရွက်ရာတွင်လည်း သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် ကော်မရှင်အဖွဲ့ခွဲများ၏ အထောက်အပံံ့များကို ရယူ ဆောင်ရွက်ရာ၌ အမာခံဝန်ထမ်းနှင့် ရုံးအဆောက်အအုံ အခက်အခဲ အချို့ရှိခဲ့ ပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ဖော်ပြပါ အခက်အခဲများ အား ပြေလည်စွာဆောင်ရွက်နိုင်ရန်နှင့် နောင်ကျင်းပမည့်ရွေးကောက်ပွဲများကို ဥပဒေနဲ့အညီ ကျင်းပပြုလုပ်ပေးနိုင်ရေးအတွက် ရည်ရွယ်၍ ကော်မရှင်အဖွဲ့ခွဲရုံး အဆင့်ဆင့်၏ အဆိုပြုဖွဲ့စည်းပုံကိုရေးဆွဲပြီး ၂၀၁၂ ခုနှစ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြဆောင်ရွက်ခဲ့ရာ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်စွဲပါ စာအမှတ်၊ ၄၈/၂၅၇/အဖရ(၃၀/၂၀၁၂)ဖြင့် ဖွဲ့စည်းပုံခွင့်ပြုချက် ရရှိခဲ့ပြီးဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံပါ ခွင့်ပြုချက်အတိုင်း ၂၀၁၃-၁၄ ခုနှစ် တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသနှင့် ခရိုင်ကော်မရှင်အဖွဲ့ခွဲများအား ပထမဦးစားပေး အဖြစ်လည်းကောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အဆင့်ရုံးခွဲများကို ဒုတိယဦးစားပေးအဖြစ် လည်းကောင်း ဖွဲ့စည်းရန် လျာထား ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအခါ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေ ရရှိပြီး ဖြစ်သော ကြောင့် တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ၉ ရုံးကို ၂၀၁၃ ခုနှစ်တွင် စတင်ဖွဲ့စည်းပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများနှင့်တွဲဖက်၍ ရုံးလုပ်ငန်းများကို ထမ်းဆောင်နေပြီဖြစ်သည့်အပြင် ကျွမ်းကျင်ဝန်ထမ်းများ ရရှိရေးကိုလည်း အချိန်နှင့်တပြေးညီ ဖြည့်ဆည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မရှင် အဖွဲ့ခွဲရုံးများကိုလည်း အချိန်မီ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ ဖွဲ့စည်းဆောင်ရွက်ရာတွင် လုပ်ငန်းဆိုင်ရာအခက်အခဲများ မရှိစေရေး အတွက် ရွေးကောက်ပွဲကော်မရှင်ဥပဒေ ပုဒ်မ ၁၁ နှင့် လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၈၄ တို့အရ သက်ဆိုင်ရာ အစိုးရအဖွဲ့များထံမှ လိုအပ်သည်များ ကူညီပံ့ပိုး ဆောင်ရွက်ပေးနိုင်ရန် မေတ္တာရပ်ခံ ညှိနှိုင်း ဆောင်ရွက်လျက် ရှိသောကြောင့် ထိုက်သင့်သည့် ရုံးခန်းများရရှိပြီး လုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ခဲ့ ပါကြောင်း၊ ဆက်လက်၍လည်း ယခုဘဏ္ဍာရေးနှစ်အတွင်းတွင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသနှင့်ခရိုင် အဆင့်ရုံးခွဲများ ဖွင့်လှစ်ရေးကို ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများကို ဆက်လက်ဖွဲ့စည်း ဆောင်ရွက် သွားမှာဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ ဘဏ္ဍာရေးဦးစားပေးအခြေအနေရ အဆောက်အအုံများ ဆောက်လုပ်ရန် ဘတ်ဂျက်ငွေ တောင်းခံခြင်း မပြုသေးဘဲ ဒေသဆိုင်ရာ အစိုးရအဖွဲ့များနှင့်ညှိနှိုင်းပြီး ယင်းတို့စီစဉ်ပေးသည့် ရုံးခန်းများတွင်သာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများကို ဖွင့်လှစ်သွားမည်ဖြစ်ပြီး ယခုအချိန်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ သီးခြားဆောက်လုပ်ရန် အစီအစဉ် မရှိသေးပါကြောင်းနှင့် သက်ဆိုင်ရာအစိုးရအဖွဲ့များမှ နေရာအခက်အခဲကြောင့် ရုံးခန်းများ စီစဉ်ပေးနိုင်ခြင်း မရှိ၍ မြေနေရာကိုသာစီစဉ်ပေးပါက အဆိုပါမြေနေရာများတွင် သီးခြားရုံး အဆောက် အအုံဆောက် လုပ်ပြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများကို ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ သီးခြားအဆောက် အအုံဆောက်လုပ် ရမည်ဆိုပါက ဘဏ္ဍာရေး ရန်ပုံငွေ ခွင့်ပြုချက်ရရှိမှသာ ဆောင်ရွက် သွားနိုင်မည် ဖြစ်သောကြောင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဘဏ္ဍာငွေ တင်ပြတောင်းခံ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဖြေကြားပါသည်။
