ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ မန္တလေးမြို့နှင့် အိန္ဒိယသမ္မတနိုင်ငံ မဏိပူရပြည်နယ်၊ အင်ဖာမြို့တို့ ကို ၂၀၁၃ ခုနှစ် မတ်လမှစတင်ပြီး ဘတ်စ်ကားလိုင်းများ ပြေးဆွဲမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများနှင့် ဂျာနယ် များမှ တဆင့် သိရှိရရာ အဆိုပါလမ်းကြောင်းတွင် အာရှအဝေးပြေးလမ်းမကြီး AH-1 ၏ အစိတ်အပိုင်း တစ်ခုဖြစ်သော မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းသည် အဓိကလမ်းပိုင်းတစ်ခုဖြစ်ပါသည်။ သို့ရာတွင် အဆိုပါလမ်းပိုင်းမှာ နွေ၊ မိုး၊ ဆောင်း ရာသီမရွေးသွားလာနိုင်ခြင်း မရှိသေးဘဲ မန္တလေးမှ မုံရွာ-ယာကြီးအထိ လမ်းပိုင်း သည်လည်းကောင်း၊ တမူး-ကလေး-ကလေးဝ မိုင် ၁၀၀ လမ်းပိုင်းသည် လည်းကောင်း အမြဲတမ်းသွားလာနိုင်သော လမ်းအဆင့်ဖြစ်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရေးအရ အိန္ဒိယက တာဝန်ယူဖောက်လုပ်ပေးမည့် ယာကြီး-ကလေးဝလမ်းပိုင်း ၇၅ မိုင် ၅ ဖာလုံမှာ အခုချိန်အထိ အရှိန် အဟုန်မြှင့် ဆောင်ရွက်ခြင်းများ မတွေ့ရသေးပါကြောင်း၊ ယင်းလမ်းကြောင်း ကောင်းမွန်ရေးသည် မြန်မာနိုင်ငံ၏ အနောက်မြောက်ပိုင်း ဒေသတွင် နေထိုင်ကြသော မန္တလေး- မုံရွာမှ ကလေးခရိုင်၊ တမူးခရိုင်၊ ချင်းပြည်နယ်မြောက်ပိုင်း ၅ မြို့နယ်၏ အဓိကမှီခိုနေရသော စီးပွားရေး၊ လူမှုရေးများတွင် အရေးပါသည့်အတွက် အမြန်ပြီးစီးနိုင်ပါက ဒေသတစ်ခုလုံး သိသိသာသာ ဖွံ့ဖြိုးလာနိုင်မည်ဖြစ်ပါကြောင်း၊ သို့သော် မုံရွာ-ယာကြီး မိုင် ၄၀ ကို မုံရွာအုပ်စုဆောက်လုပ်ရေးမှ BOT စနစ်ဖြင့်ပေးထားပြီး မိုင် ၄၀ မှ ၁၁၅ မိုင် ၅ ဖာလုံအထိ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အသီးသီးတာဝန်ယူ ဆောင်ရွက်လျှက်ရှိရာ ၂၀၁၂-၂၀၁၃ တွင် ကျပ်သန်း ၅၀၀ ဖြင့် မိုင်တိုင် ၆၀ မှ မိုင်တိုင် ၇၀ အထိ ပြုပြင်ထိန်းသိမ်းပေးပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၄၀၁၃ သန်းဖြင့် လမ်းအဆင့်မြှင့်တင်ပေးမည် ဖြစ်ကြောင်း ပဉ္စမပုံမှန်အစည်းအဝေး၌ ကတိကဝတ် ကော်မတီ ကို ဖြေကြားထားသော်လည်း ၂၀၁၃-၂၀၁၄ ဘတ်ဂျက်နှစ်တွင် တောင်းခံငွေမှာ ကျပ်သန်း ၂၀၀ ကိုသာ တွေ့ရှိရပါကြောင်း။
အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နှင့် နှစ်နိုင်ငံသဘောတူညီချက် အရ တမူး-ကလေးဝလမ်းပိုင်း တံတား ၇၁ စင်းနှင့် ကလေးဝ-ယာကြီးလမ်းပိုင်း ၇၅ မိုင် ၅ ဖာလုံကို အဆင့်မြင့်လမ်းခင်းပေးမည်ြ ဖစ်ကြောင်း နှင့် မြန်မာနိုင်ငံ ဆောက် လုပ်ရေးမှ ပြင်ဆင်နေသည်ကို တွေ့ရသော်လည်း ငွေအင်အား၊ ယန္တရား အင်အားမြှင့်တင်နိုင်မှ သာ ၂၀၁၄-၂၀၁၅ တွင်ပြီးစီးနိုင်မည်ဖြစ်ပါကြောင်း၊ မုံရွာ-ယာကြီး-ကလေးဝ-ကလေးမြို့-တမူး လမ်းပိုင်းသည် လူမှုစီးပွားအရ အရေးပါသည့်လမ်းကြောင်းဖြစ်ပြီး ၂၀၁၃ ခုနှစ် မိုးရာသီလမ်းပြတ်တောက်မှုမရှိဘဲ ခရီးသည် ယာဉ်များ သွား လာနိုင်သော လမ်းအဆင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှပြုပြင်ပေးရန် လိုအပ်နေပါကြောင်း၊ သို့ဖြစ်ပါ၍ အောက်ပါမေးခွန်းများအား မေးမြန်းလိုပါကြောင်း-
(၁) အိန္ဒိယနိုင်ငံနှင့် သဘောတူထားသည့် တမူး-ကလေး- ကလေးဝလမ်းပိုင်းရှိ အသစ်တည်ဆောက်ပေးမည့် တံတား ၇၁ စင်းအနက် တံတားမည်မျှပြီးစီးပြီး ဖြစ်ပါသနည်း။
(၂) အိန္ဒိယသမ္မတနိုင်ငံမှ တည်ဆောက်ပေးရန် သဘောတူထားသည့် ကလေးဝ-ယာကြီးလမ်းပိုင်း ၇၅ မိုင် ၅ ဖာလုံကို မည်ကဲ့သို့ဆောင်ရွက်နေပါသနည်း။ မည်သည့်အချိန်တွင် အလုံးစုံပြီးစီးပါမည်နည်း။
(၃) ယာကြီး- ကလေးဝလမ်းပိုင်း အဆင့်မြှင့်တင်ရေးအတွက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၄၀၁၃ သန်း လျာထား ဆောင်ရွက်မည်ဟု ပဉ္စမပုံမှန်အစည်းအဝေး၌ ကတိကဝတ်ကော်မတီကို ဖြေကြားခဲ့သော်လည်း ကျပ်သန်း ၂၀၀ လျာထားတောင်းခံခြင်းမှာ အဘယ်ကြောင့်နည်း။
(၄) မုံရွာအုပ်စုလမ်းတံတား တည်ဆောက်ရေးကော်မတီက BOT စနစ်ဖြင့် တည်ဆောက်ရန်တာဝန်ယူထားသော မုံရွာ-ယာကြီးလမ်း ပိုင်း မိုင် ၄၀ သည် အမှန်တကယ်ပြီးစီး ထိုက်သည့်အတိုင်း ပြီးစီးမှု ရှိ/မရှိနှင့် အရည်အသွေး စစ်ဆေးမှု ရှိပါသလား။ စံချိန်မမီပါက မည်ကဲ့သို့ အရေးယူဆောင်ရွက်ပါမည်နည်း။
(၅) နိုင်ငံပိုင် သတင်းများတွင် ဖော်ပြသကဲ့သို့ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် အင်ဖာမြို့နှင့် မြန်မာနိုင်ငံ မန္တလေးမြို့ တို့အကြား ၂၀၁၃ ခုနှစ်မှစ၍ ဘတ်စ်ကားများ တစ်ပတ်လျှင် ၂ ကြိမ်ပြေးဆွဲမည်ဆိုသည်မှာ မှန်ကန်မှုရှိပါသလား။ ထိုသို့ပြေးဆွဲနိုင်ရန် လမ်းအဆင့်အတန်း ပြီးပြည့်စုံမှုရှိပါ သလားဆို သည့် မေးခွန်းများကို မေးမြန်းပါသည်။
ပထမမေးခွန်းအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် အိန္ဒိယ သမ္မတနိုင်ငံ နှစ်နိုင်ငံ ညှိနှိုင်း သဘောတူညီချက် အရ အိန္ဒိယနိုင်ငံမှ လမ်းတံတား တည်ဆောက်ရေးအတွက် ပေးမည့် အမေရိကန်ဒေါ်လာ ၂၄၅ သန်းနှင့် တမူး-ကလေးဝ လမ်းပေါ်ရှိ တံတား ၇၁ စင်းကို ၂၀၁၄-၂၀၁၅ ခုနှစ် စတင်ဆောင်ရွက်မည်ဖြစ်ပြီး၂၀၁၆ ခုနှစ်တွင် ပြီးစီးနိုင်ရန် လျာထားပါကြောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် ပြည်သူများသွားလာမှု လွယ်ကူစေရေးကို အဓိကထားပြီး တံတားအထူးအဖွဲ့ ၂ ဖွဲ့နှင့် ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်လျှက် ရှိပါကြောင်း၊ လေ့လာတွေ့ရှိချက်များအရ တံတား ၇၁ စင်းတွင် ၆၃ စင်း ကို ပြင်ဆင်ထိန်းသိမ်းခြင်း၊ တံတား ၂ စင်းကို အသစ် တည်ဆောက်ခြင်းနှင့် ကျန်တံတား ၆ စင်းမှာ ပြင်ဆင်စရာ မလိုကြောင်းကို တွေ့ရှိ ရပါသည်။ ပြင်ဆင်ရမည့် တံတား ၆၃ စင်းအနက် တံတားအစင်း ၆၀ ကို ပြင်ဆင်ပြီးဖြစ်ပါကြောင်း၊ ကျန်တံတား ၃ စင်းမှာ စက်တင်ဘာလအတွင်း အပြီးအစီးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အသစ် တည်ဆောက်ရန် ကျန်ရှိနေသော တံတား ၂ စင်းမှာ ကလေးဝ-တမူး လမ်းပေါ်ရှိ ဝါးရဲချောင်းတံတား ပေ ၂၉၀၊ ခန့်မှန်းကုန်ကျစရိတ် ကျပ်သန်း ၇၀၀၊ နောက်တစ်စင်းမှာ တမူး-ကလေးဝလမ်းပေါ်ရှိ ဝါးရဲချောင်းတံတားဖြစ်ပြီးခန့်မှန်းကုန်ကျစရိတ် ကျပ်သန်း ၅၀၀ တောင်းခံပြီး ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် တံတား ၇၁ စင်းနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံမှ လာရောက်ပြင်ဆင်နိုင်ခြင်း မရှိသေးသည့်အချိန်တွင် မိမိတို့ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် စီမံ ဆောင်ရွက် ထားရှိပါကြောင်း ဖြေကြားပါသည်။
ဒုတိယမေးခွန်းအနေဖြင့် အိန္ဒိယသမ္မတနိုင်ငံနှင့် အဆင့်မြှင်တင်တည်ဆောက်ပေးရန် သဘောတူထားသော ကလေးဝ-ယာကြီးအပိုင်း ၇၅ မိုင် ၅ ဖာလုံဟာ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့မှာ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းဆွေးနွေးချက်အရ အိန္ဒိယအစိုးရမှ Equipment Procurement Construction (EPC) စနစ်နဲ့ တင်ဒါခေါ်ယူရေး ဆောင်ရွက်လျက်ရှိပါသည်။ သို့ရာတွင် လက်ရှိ အခြေအနေအရ ယင်းလမ်းပိုင်း၏ အချို့နေရာများမှာလည်း မြေသားရွေ့လျားမှု (Displacement and Slid) များဖြစ်ပေါ်နေသည့် အတွက် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှု မရှိစေဘဲ ကောင်းမွန်စွာ သွားလာနိုင်ရေး အတွက် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ တာဝန်ယူပြုပြင်ထိန်းသိမ်းလျက်ရှိပါကြောင်း၊ အဆိုပါလမ်းမကြီးကို အိန္ဒိယအစိုးရ အကူအညီဖြင့် ၂၀၁၆ ခုနှစ်မှာ အပြီးသတ်ဆောင်ရွက် သွားဖို့ လျာထားလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
တတိယအမေးခွန်အနေဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်အရ ရသုံး မှန်းခြေငွေစာရင်းများ ရေးဆွဲတင်ပြရာတွင် မုံရွာ-ယာကြီး-ကလေးဝ လမ်း (ယာကြီး-ကလေးဝလမ်းပိုင်း) ၇၅ မိုင် ၅ ဖာလုံအတွက် ဆောင်ရွက်ရန် ရန်ပုံငွေကျပ် ၄၀၁၃ သန်း လျာထားတင်ပြခဲ့ပါသော်လည်း ယာကြီး-ကလေးဝ လမ်းကို အိန္ဒိယနိုင်ငံ၏ အစီအစဉ်ဖြင့် တိုးတက်ပြုပြင်ခြင်း လုပ်ငန်းကို ကတ္တရာလမ်းပြီးစီး သည့်အထိ ဆောင်ရွက်ရန် စီမံချက်ရှိသည့်အတွက် နိုင်ငံတော်ဘဏ္ဍာငွေကို လိုအပ်သည့် နေရာများတွင် အကျိုးရှိစွာ အသုံးပြုရန်နှင့် ယာကြီး-ကလေးဝလမ်းအား လုံခြုံချောမွေ့စွာ သွားလာနိုင်ရေး ပြင်ဆင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကျပ်သန်း ၂၀၀ သာ လျာထားဆောင် ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
စတ္တထမေးခွန်းအနေဖြင့် မုံရွာ-ယာကြီးလမ်းအပိုင်း မိုင် ၄၀ ကို မုံရွာအုပ်စု ဆောက်လုပ်ရေးကုမ္ပဏီမှ ဘီအိုတီစနစ်နှင့် လမ်းတံတား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မိုင် ၂၀ ကို ၂၀၁၂ ခုနှစ်၊ ဧပြီလတွင် သတ်မှတ်စံချိန် စံညွန်းနှင့်အညီ ၁၈ ပေအကျယ် ကတ္တရာလမ်း ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်ပါသည်။ ကျန်ရှိနေသော မိုင် ၂၀ ကို ၂၀၁၄ ခုနှစ်၊ ဇူလိုင်လတွင် ပြီးစီးအောင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပဋိညာဉ်စာချုပ်အရ လမ်းလွှာပုံစံအတိုင်း သတ်မှတ်စံချိန်စံညွန်း များနှင့်အညီ ဆောင်ရွက်ရန် ဘီအိုတီ ကုမ္ပဏီများ အနေဖြင့်လည်း ကုမ္ပဏီမှာ အရည်အသွေး ထိန်းသိမ်းရေးအဖွဲ့ (QC) အဖွဲ့ထားရှိရမည်ဖြစ်ပါကြောင်း၊ သတ်မှတ်စံချိန်စံညွန်းနှင့် အညီ မဆောင်ရွက်နိုင်ဘဲ ပျက်စီးမှု ရှိခဲ့ရင် ကုမ္ပဏီမှပင် ငွေကြေး ကျခံပြီး ပြန်လည်ပြင်ဆင် ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ထို့အပြင် မိမိတို့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာမြို့နယ်အင်ဂျင်နီယာ၊ ခရိုင်အင်ဂျင်နီယာ၊ တိုင်းဒေသကြီး အင်ဂျင်နီယာမှူးကြီးများမှလည်း အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်လျက် ရှိသည့်အပြင် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းရုံးချုပ် တိုင်းအင်ဂျင်နီယာချုပ် ကလည်း သွားရောက်စစ်ဆေး ကြည်ရှုလျက် ရှိပါကြောင်း၊ စစ်ဆေးကြည့်ရှု့ရာတွင် သတ်မှတ်စံချိန်စံညွှန်းအတိုင်းဆာင်ရွက်နိုင်ရန်မရှိကြောင်းစစ်ဆေးတွေ့ရှိပါက ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ဘီအိုတီလုပ်ငန်းပြန်လည် ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြပါသည်။
ပဉ္စမမေးခွန်းအနေဖြင့် အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ် အင်ဖာမြို့နှင့် မြန်မာနိုင်ငံ မန္တလေးမြို့အကြား ခရီးသည်တင်ယာဉ် ပြေးဆွဲရေးအတွက် ရထားပို့ဆောင်ရေးဝန်ကြီးဌာနနှင့် အိန္ဒိယအစိုးရတို့ MOU လက်မှတ်ရေးထိုးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ၎င်းခရီးသည် တင်ယာဉ်များ ပြေးဆွဲရေးအတွက် ကလေးဝ-ယာကြီးလမ်းအပိုင်းအား အသုံးပြုရန် လမ်းကြောင်း လျာထားပါသည်။ သို့ရာတွင် ကလေးဝ-ယာကြီးလမ်းပိုင်းအား လမ်းအဆင့်မြှင့်တင် ရန်ဆောင်ရွက်ဆဲ ကာလဖြစ်သည့်အတွက် ယာဉ်ကြီးများကို ပွင့်လင်းရာအတွင်းသာ ဒီလမ်းအပိုင်းမှ သွားရောက်စေခြင်းဖြစ်ပါကြောင်း၊ ယာဉ်ငယ်များကိုမူ ရာသီမရွေးသွားလာခွင့်ပြုမည် ဖြစ်ပါကြောင်း၊ ထို့အတွက်ကြောင့် ယာဉ်ကြီးများအား မုံရွာ-ပုလဲ-ဂန့်ဂေါလမ်း အသုံးပြုစေရန် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစွာစီစဉ် ထားရှိပါကြောင်း ရှင်းလင်းတင်ပြပါသည်။
