ဂန့်ဂေါ-ကန်ရွာ ၂၂ မိုင် ကျောက်လမ်းနှင့် ဂန့်ဂေါ- မင်းရွာ-မောလယ် ၂၁ မိုင်ကျောက်လမ်းတို့သည်ရာသီမရွေး မော်တော်ယာဉ်များ သွားလာနိုင်သော လမ်းဖြစ်ပြီး ဒေသ၏ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးအစရှိသော ကိစ္စများစွာကို အကျိုးပြုသော လမ်းမကြီးများဖြစ်ပါသည်။ သို့ရာတွင် အဆိုပါလမ်းများမှာ ပြုပြင် ထိန်းသိမ်းစောင့်ရှောက်မှုများ မရှိတော့ သည့်အတွက် တံတားများ၊ လမ်းများပျက်စီးကာ မိုးရာသီတွင် မော်တော်ယာဉ်များ လုံးဝမသွားနိုင်တော့သည့် အခြေအနေသို့ရောက်ရှိနေပြီဖြစ်ပါသည်။ ထို့ အတွက်ကြောင့် မိမိအနေဖြင့် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ရှိ ပြည်သူ့ဆောက်လုပ်ရေးဌာနပိုင် ယခင်လမ်းဟောင်း များဖြစ်ခဲ့ကြသော ဂန့်ဂေါ- ရွာစည်- လာဘို့- မြင်းဇာ- ကျွဲနဲ- တောင်လယ်- လက်ပန်- သာကောင်း- ကန်- ကျွန်းခုံသာရွာများအား ဆက်သွယ်ထားသောလမ်းနှင့် ဂန့်ဂေါ- ပျား- အောင်မြင်- ခေါက်ခူ- ပန်းထိပ်- မင်းရွာ-ချောင်းနက်- ဖက်ဝန်း- မောလယ်ရွာတို့ကို ဆက်သွယ်ဖောက်လုပ်ထားသည့်လမ်းတို့အား ရာသီမရွေး သွားလာနိုင်သော ကျောက်လမ်းများ အဖြစ် နိုင်ငံတော်မှ ပြန်လည်ပြုပြင်ထိန်းသိမ်းစောင့်ရှောက် ဆောင်ရွက်ပေးမည့် အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါကြောင်း၊ ဆောင်ရွက်ပေးမည့်အစီအစဉ်ရှိပါက မည်သည့် အချိန်ကာလ တွင် ဆောင်ရွက် ပေးနိုင် မည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကိုယ်စားလှယ်တော်ကြီးမေးမြန်းထားသည့် လမ်းအမည်မှာ ပခုက္ကူ- ပေါက်- ထီးလင်း- ဂန့်ဂေါလမ်းအပိုင်းတွင် ပါဝင်ပြီး ယင်းလမ်းသည် မကွေးတိုင်းဒေသကြီးအတွင်း မိုင် ၅၀/၆ မှ ၁၇၃/၇ အထိ ၁၂၃ မိုင် ၁ ဖာလုံ ရှည်လျားပါသည်။ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသည့်လမ်းဖြစ်ပြီး မောလယ်- ချောင်းနက်- မင်းရွာ- ဂန့်ဂေါလမ်းအပိုင်းသည် မိုင် ၁၁၇/၃ မှ ၁၃၇/၃ အတွင်းပါဝင်ပြီး ရွာစည်- လာဘို့- မြင်းဇာ- လက်ပန်- ကန်ရွာအပိုင်းသည် မိုင် ၁၄၃/၄ မှ ၁၆၂/၄ အတွင်းပါဝင်ပါသည်။
ဂန့်ဂေါ-ကလေးလမ်းအသစ်အား ၁၉၈၄ ခုနှစ်မှာစတင်ဖောက်လုပ် ခဲ့ပြီး မြစ်သာမြစ်အနောက်ဘက်ခြမ်း မုံရွာ- ပုလဲ-ဂန့်ဂေါ- ဟားခါးလမ်း မိုင် ၁၂၀/၁ နေရာမှစတင် သတ်မှတ် ဖောက်လုပ်ခဲ့သော ခရီးသည်ယာဉ်၊ ကုန်တင်ယာဉ်များ အသုံးပြုသွားလာနေသောလမ်းဖြစ်ပါသည်။ မြစ်သာမြစ် အရှေ့ဘက်ကမ်းဖြစ်သော ပခုက္ကူ- ပေါက်- ထီးလင်း-ဂန့်ဂေါလမ်းသည် ဂန့်ဂေါ- ကန်ရွာအပိုင်းတွင် ကျေးရွာချင်းဆက် လမ်းအဟောင်းအဖြစ် ကျန်ရှိခဲ့ပါသည်။
ပခုက္ကူ- ပေါက်- ထီးလင်း- ဂန့်ဂေါလမ်း၏ ဂန့်ဂေါမြို့နယ်အပိုင်းဖြစ်သော မောလယ်- ဖက်ဝန်း- ချောင်းနက်- မင်းရွာ-အောင်မြင်နှင့် ဂန့်ဂေါ- ရွာစည်- လာဘို့- မြင်းဇာ- ကန်ရွာအပိုင်းတို့မှာ မုံရွာ- ပုလဲ- ဂန့်ဂေါ-ကလေးလမ်း ဖွင့်ပြီးနောက်ပိုင်းတွင် အသုံးပြုမှုနည်းပါးလာခဲ့ပြီး မိုင် ၁၅၇/၇ မှ ၁၅၈/၀ ရှိ တံတားအမှတ် ၅/၁၀၈ ပေ ၁၆၀ ပေအရှည် ဘေလီ(ဖောက်ချောင်းတံတား)၏ သစ်သားရေလည်တိုင်မှာ ဆွေးမြေ့ ပျက်စီးနေသည့် အတွက် ဘေလီဘောင်များကို ဖြုတ်ယူသိမ်းပြီး မုံရွာ- ပုလဲ- ဂန့်ဂေါ- ဟားခါးလမ်း မိုင် ၈၇/၁ မှ မိုင် ၁၁၂/၂ ကြားရှိ တံတား ၄ စင်းတွင် တပ်ဆင်အသုံးပြုခဲ့ပါသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေကျပ် သန်း ၁၅၀ ဖြင့် မိုင် ၁၃၇/၂ နှင့် ၁၃၈/၄၊ မိုင် ၁၄၃/၀ နှင့် ၁၄၃/၄၊ မိုင် ၁၄၄/၂ နှင့် ၁၄၄/၅ စုစုပေါင်း ၂ မိုင် ၁ ဖာလုံကို မူလမြေလမ်းမှ ကျောက်လမ်းအဆင့် တိုးမြှင့်လုပ်ငန်း ဆောင်ရွက်ပြီးစီးခဲ့ပြီး သာမာန်ပြင်ဆင် ထိန်းသိမ်းခြင်းရန်ပုံငွေကျပ် ၁၈.၈၁၂ သန်းဖြင့် ဂန့်ဂေါ-မင်းရွာလမ်းအပိုင်း လမ်းကျဉ်းနေရာများကို လမ်းချဲ့ခြင်း၊ မြေညှိစက်နှင့် လမ်းပုံဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ပါသည်။
၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး အထူးပြင်ဆင်ထိန်းသိမ်းရေးရန်ပုံငွေကျပ် ၁၂ သန်းဖြင့် မိုင် ၁၂၀/၀ နှင့် ၁၃၆/၀ အတွင်းရှိ လမ်ကျဉ်းနေရာများကို လမ်းချဲ့ခြင်း၊ သာမာန်ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေကျပ် ၁၉ သန်းဖြင့် မိုင် ၁၃၈/၃ နှင့် ၁၃၈/၄ ၁ ဖာလုံကို ကျောက်လမ်းမှ ကတ္တရာလမ်းခင်းခြင်း၊ တံတားအမှတ် (၆/၁၄၃၊ ၁/၁၄၄) (၉၀) ပေရှည် ဘေလီတံတား(၂)စင်းကို ဆွေးမြေ့နေသည့် သစ်သားထည်များ လဲလှယ် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။
၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေအပြင် အထူးပြင်ဆင်ထိန်းသိမ်းရေး ရန်ပုံငွေများဖြင့် မောလယ်- ဖက်ဝန်း- ချောင်းနက်- မင်းရွာ- အောင်မြင်နှင့် ဂန့်ဂေါ- ရွာစည်- လာဘို့- မြင်းဇာ-ကန်ရွာအပိုင်းမှာ လမ်းကျဉ်းနေရာများလမ်းချဲ့ခြင်း ၁၆ ပေအကျယ် ၆ လက်မထု မြေနီကျောက်စရစ်ခင်းကြိတ်ခြင်း လုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထို့ပြင် ပေ ၅၀ အောက်တံတားရေပြွန် ၂၉ စင်းနှင့် ပေ ၁၀၀ နှင့် အထက် တံတား ၇ စင်း၊ စုစုပေါင်း ၃၆ စင်းကို သံကူကွန်ကရစ်တံတားအဖြစ်တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် ရန်ပုံငွေတင်ပြတောင်းခံထားပြီးဖြစ်ပါသည်။ လမ်းများကိုရာသီမရွေး သွားလာနိုင်သည့် ကျောက်ခင်း လမ်းများအပြင် လမ်းပေါ်ရှိတံတားများ ကောင်းမွန်စေရေးအတွက်ကိုလည်း မိမိတို့ ဝန်ကြီးဌာန အနေဖြင့် တံတား များကို သံကူကွန်ကရစ်တံတားအဖြစ် တိုးမြှင့်ဆောင်ရွက်ပေးခြင်းများဖြင့် ရာသီမရွေး သွားလာနိုင်မည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
