(ဂ)-ကန်ကြီးထောင့်မြို့၊ဒါးကမြစ်ရေတိုက်စားခြင်းကြောင့် ကမ်းပါးပြိုကျမှုအန္တရာယ်ကိုကာကွယ်တားဆီးနိုင်ရေး အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၄) ရက်မြောက်နေ့ (၂၁.၈.၂၀၁၃)

ဦးကျော်ဝင်း (ကန်ကြီးထောင့်) ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့ အမှတ်(၁)ရပ်ကွက် မြို့လယ် ကမ်းနားလမ်းနှင့် ပဒေါင်းပိုင်းကမ်းနားလမ်းတို့တွင် နေထိုင်ကြသော ဒေသခံများ၏ အိမ်များသည် နှစ်စဉ် ဒါးကမြစ်ရေတိုက်စားခြင်းကြောင့် မြစ်ကမ်းပါး ပြိုကျမှုဖြင့်တွေ့ကြုံနေရပြီး ယခုနှစ်တွင်ပိုမို ဆိုးရွားစွာ ဖြစ်ပေါ်နေပါကြောင်း၊  ရပ်ကွက်အတွင်းရှိ လမ်းကို ထိခိုက်ပျက်စီးလျက်ရှိခြင်း၊ ရပ်ကွက်အတွင်းရှိ အိမ် အလုံး ၄၀ သည်လည်း အန္တရာယ်ကျရောက်မည့် အခြေအနေဖြစ်ပေါ်နေခြင်း၊ ကမ်းပါးနှင့် အိမ်များသည် အနီးဆုံးပေ ၅၀ ခန့်သာ ကွာဝေးလျက်ရှိခြင်း တို့ကြောင့်မြို့အနေနှင့် စိုးရိမ်ဖွယ်ဖြစ်နေပါကြောင်း၊ လူထုအနေဖြင့် သဲအိတ်၊ သစ်ဝါး၊ ဗေဒါတိုင်များနှင့် အမှိုက် များအသုံးပြုပြီး ကမ်းဆယ်လျက်ရှိသော်လည်း လူထုအားဖြင့် လုံခြုံစိတ်ချစွာမဆောင်ရွက်နိုင်ပါကြောင်း၊  ဧရာဝတီတိုင်းဒေသကြီး မြစ်ကြောင်း ထိန်းသိမ်းရေးနှင့် ဌာနဆိုင်ရာများ က လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ကွင်းဆင်းကြည့်ရှု၊ မှတ်တမ်း ဓာတ်ပုံများရယူခဲ့ကြပြီး၊ ယင်းမေးခွန်းနှင့် အဖြေကို ဒေသခံများမှ စောင့်မျှော်လျက်ရှိနေကြပါကြောင်း၊ သို့ဖြစ်ပါ၍ ဒါးကမြစ်ရေ တိုက်စားခြင်းကြောင့် မြစ်ကမ်း ပါးပြို ကျမှုနှင့် ဆက်နွယ်လျက်ရှိသော အန္တရာယ်များကို ကာကွယ်တားဆီးပေးရန် အစီအစဉ်ရှိ/မရှိ ကို သိရှိလိုကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်ယော်
အဖြေ

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်ယော် ဒါးကမြစ်ရေတိုက်စားခြင်းကြောင့် ကမ်းပြိုမှုအခြေအနေများကို ကွင်းဆင်း စစ်ဆေးရာတွင် ကန်ကြီးထောင့် မြို့သည် ဒါးမြစ်၏ အလွန်ကွေးသော မြစ်ကွေး၏ အပြင်ဘက်ကမ်းပေါ်တွင် တည်ရှိနေသည့်အပြင် မိုးတွင်းရေများချိန် ရေစီးနှုန်းမြန် မှုကြောင့် မြို့၏ မြစ်ကမ်းပါးနေရာများ ရေတိုက်စားခံရခြင်း ဖြစ်ကြောင်း၊ ထိုသို့ ရေတိုက်စားခံရပြီး ကမ်းပါးများမတ်စောက်လာကာ လှိုင်းပုတ်မှုကြောင့် ကမ်းပါးပဲ့ကျခြင်းဖြစ်သည်ကို  သုံးသပ်တွေ့ရှိရပါသည်။ ရေတိုက်စား ကမ်းပြိုသောနေရာသည် မြို့မရေ ဆင်း တံတားအောက်ဘက်မှ တန် ၁၀၀ ဆန်စက်အထိ မြစ်ကမ်းပါးအလျား ၂၄၀၀ ပေခန့် ဖြစ်ပါကြောင်း၊ ရေများရာသီ အစဖြစ်သော ယခုအချိန်အခါများတွင် အရေးပေါ်ကာကွယ်ရေး နည်းလမ်းအဖြင့် ကမ်းထိန်းဝါးကရစ်ကွက် တည်ဆောက်ခြင်း လုပ်ငန်းကို တိုင်းဒေသကြီးအစိုးရ အစီအစဉ်ဖြင့် ဆောင်ရွက်ရန် ခန့်မှန်းကုန်ကျငွေ ကျပ် ၈၀၂၅၆၀၀ တိတိအား တိုင်းဒေသကြီးဖောင်ဒေး ရှင်းရန်ပုံငွေမှ ခေတ္တစိုက်ထုတ်သုံးစွဲပြီး ဧရာဝတီတိုင်းဒေသကြီး ရေ အရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နည်းပညာအကူအညီပေး၍ ဆောင်ရွက်သွားရန် စီမံထားပြီးဖြစ်ကြောင်း၊ ဒါးကမြစ်ရေတိုက်စားမှုသည် မြစ်ကြောင်းပြောင်းလဲမှုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်ရကြောင်း သုံးသပ်ရရှိပါသဖြင့် လာမည့်ပွင့်လင်း ရာသီတွင် ရေကြောင်းတိုင်းတာရေး လုပ်ငန်းများကို ဆောင်ရွက် သွားမည်ဖြစ်ပြီး ရရှိလာသော အချက်အလက်များကို အခြေခံ၍ ဆောင်ရွက်သင့်သည့် ရေရှည်ကာကွယ်ရေး လုပ်ငန်းအစီအမံများကို စီမံချက်ရေးဆွဲပြုစုကာ နိုင်ငံတော်သမ္မတရုံးသို့ ဘဏ္ဍာငွေရရှိရေး တင်ပြဆောင်ရွက် သွားမည် ဖြစ်ပါကြောင်းနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် နည်းပညာဆိုင်ရာ အကူအညီပေးခြင်းများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြား ပါသည်။