မိမိတို့နိုင်ငံတွင် ရှိသော နေလှန်းဆားထုတ်လုပ်သည့် ကျေးလက်နေ ဆားတောင် သူများကိုယ်စား မေးခွန်း ၄ ခုကို ဆားတောင်သူများ ကိုယ်စား မေးမြန်း သွား မည်ဖြစ်ပါကြောင်း၊
(၁) နေလှန်းဆားထုတ်လုပ်သော ဆားတောင်သူများ၏ လန (၃၉) ရရှိပြီးသော ဆားလယ်များကို လယ်ယာမြေနှင့် ငါးမွေးကန်များကဲ့သို့လည်းကောင်း၊ အခြားလန (၃၉) ရရှိပြီးသော မြေများကဲ့သို့လည်းကောင်း နိုင်ငံတော်အစိုးရက အသိအမှတ်ပြုထားသောဘဏ်များ၌ ပေါင်နှံခြင်းကို ခွင့်ပြုပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ။
(၂) နာဂစ်မုန်တိုင်းပြီးနောက် တစ်နှစ်ထက်တစ်နှစ် လုပ်ငန်းအ ရှုံးပေါ်နေသော ဆားတောင်သူများအတွက် နည်းပညာ၊ အရင်းအနှီး၊ ဈေးကွက်အစရှိသည့် အခက်အခဲ များဖြစ်ပေါ်နေသော အခြေအနေကို ကူညီပေးနိုင်မည့် အစီအစဉ်များ ရှိ/ မရှိ။
(၃) ဆားတောင်သူများကိုချေးထားသော အထူးချေးငွေများကို ပြည့်ဝစွာပြန်လည်ပေးသွင်းပြီးသူ၊ ၅၀ ရာခိုင်နှုန်း ပြန်လည်ပေးသွင်းပြီးသူနှင့် ညှိနှိုင်းသတ်မှတ်ချက်များကို လိုက်နာပြီးဆောင်ရွက်ခဲ့ကြသော ဆားတောင်သူများ အတွက် ချေးငွေတစ်ရပ် အသစ်ပြန်လည်ထုတ်ချေး ပေးနိုင်မည့်အစီအစဉ် ရှိ/မရှိ။
(၄) တစ်နိုင်ငံလုံး၌ ဆားထုတ်လုပ်နယ်မြေ ၃ ခုသာရှိသော ဆားတောင်သူများအတွက် အသား ထုတ်လုပ်သူများ၊ သီးနှံ ထုတ်လုပ်သူများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ အသေးစားအလတ်စားလုပ်ကိုင်သူများကို ဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံတော်အစိုးရနှင့် အဖွဲ့အစည်း အသီးသီးတို့မှ စီမံကိန်းများချမှတ်ပြီးဆောင်ရွက် ပေးသကဲ့သို့ ဆားတောင်သူများကိုလည်း ၎င်းတို့ဘဝမြှင့်တင်နိုင်ရေးအတွက်ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ် ရှိ/မရှိ သိလိုကြောင်း မေးမြန်း ပါသည်။
ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ လင်းအောင်၊
မြန်မာ့စီးပွားရေးဘဏ်သည် အများပြည်သူအပ်နှံထားသော အပ်ငွေများ အပေါ်တွင် အခြေခံပြီး ချေးငွေများထုတ်ချေး လျက်ရှိပါကြောင်း၊ ထိုသို့ ထုတ်ချေး ရာတွင် နိုင်ငံတော်အစိုးရက အာမခံပေးသော ချေးငွေများအတွက် အာမခံပစ္စည်း ရယူခြင်း မရှိဘဲထုတ်ချေးပြီး အာမခံပေးသော အဖွဲ့အစည်းများ သည် လည်း နိုင်ငံတော်အစိုးရ၏ဌာန အဖွဲ့အစည်းများ ဖြစ်သည့်အပြင် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေး ဘဏ်၊ မြန်မာ့အသေးစားငွေရေးကြေးရေး ကြီးကြပ် စစ်ဆေးရေးလုပ်ငန်း၊ စည်ပင် သာယာရေးကော်မတီနှင့် နိုင်ငံတော်အစိုးရ၏ စီးပွားရေးလုပ်ငန်းများဖြစ်ပြီး ထိုသို့ထုတ်ချေးခြင်းအတွက်ကို နိုင်ငံတော် အစိုးရက ရာနှုန်းပြည့်အာမခံရှိပါကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များကို ထုတ်ချေးသည့်နေရာ တွင် အာမခံပစ္စည်း ရယူ သော်လည်း မြေကဲ့သို့သော အာမခံပစ္စည်း တစ်မျိုးတည်းကိုရယူခြင်းမရှိဘဲနှင့် မြေနှင့်မြေပေါ်ရှိ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို အတင်းအကြပ်ရောင်းဈေးအပေါ်တွင် မြေအတွက် ၃၀ ရာခိုင်နှုန်း၊ အဆောက်အဦးအတွက် ၅၀ ရာခိုင်နှုန်း ထက် မပိုသောနှုန်းဖြင့် တွက်ချက်ကာ ချေးငွေထုတ်ချေးသည့်အပြင် အဆိုပါ အာမခံပစ္စည်းများကို စာချုပ် ချုပ်ဆိုပြီး ဘဏ်မှ ရယူထားပါကြောင်း၊ အာမခံပစ္စည်းများ တစ်စုံတစ်ရာကိစ္စကြောင့် ဆုံးရှုံးမှုဖြစ်ပေါ်လာပါက ဘဏ်အနေနှင့် နစ်နာဆုံးရှုံးမှု မဖြစ်စေရန် အာမခံပစ္စည်းကို မီးအာမခံထားရှိခြင်းနဲ့ ဆုံးရှုံးနိုင်ခြေကို ဒုတိယအဆင့် ထပ်မံအကာအကွယ်ရယူပြီး ထုတ်ချေး လျက်ရှိပါကြောင်း၊ ထို့အပြင် ဘဏ်များသည် အများပြည်သူ အပ်နှံငွေများကို ပြန်လည်ထုတ်ချေးရခြင်းဖြစ်သောကြောင့် ဆုံးရှုံးမှုမရှိစေရန်အတွက် ဆုံးရှုံးနိုင်ချေရှိမှု၊ အချိန်မီပြန်လည် ပေးဆပ်နိုင်မှု၊ လုံလောက်သောအာမခံပေးနိုင်မှု၊ အာမခံသည် ပျက်စီးဆုံးရှုံးနိုင်ခြေနည်းမှု၊ အလွယ်တကူ ကိုင်တွယ်သိမ်းဆည်းနိုင် မှု၊ ဈေးကွက် ရှိမှုများကို ထည့်သွင်းစဉ်းစားပြီး ထုတ်ချေး ပေးခြင်း ဖြစ်ပါကြောင်း၊
လန(၃၉)ရရှိပြီးသော ဆားလယ်မြေကို အာမခံရယူပြီး နေလှန်းဆားလုပ်ငန်းများကို ချေးငွေထုတ်ချေးရန်ကိစ္စသည် လက်ရှိ လုပ်ငန်းရှင်များကိုထုတ်ချေးသော ချေးငွေလုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီမှုမရှိသည့် အပြင် ချေးငွေထုတ်ချေးရန် ကူးသန်း ရောင်းဝယ်ရေးဘဏ်များမှ တွက်ချက်သော စံနှုန်းများနှင့်လည်း ကိုက်ညီခြင်း မရှိသည်ကို တွေ့ရှိရပါကြောင်း၊ လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေပုဒ်မ လန(၃၉)ရရှိပြီးဖြစ်သော ဆားလယ်မြေတွင် နေလှန်းဆားထုတ်လုပ်ခြင်း ရှိ/မရှိကို ရာဖြတ်နှုန်းမှန်ကန်စေရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ အစီအစဥြ်ဖင့် ဒေသတွင်းရှိ မြန်မာ့ ဆားနှင့် အဏ္ဏဝါဓာတုဗေဒ ပစ္စည်းထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းရုံးများက ထောက်ခံချက်ပေးနိုင်မည်ကို သတ္တုတွင်းဝန်ကြီး ဌာန၏ ပြန်ကြားချက်အရ သိရှိရပါသော်လည်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ကို သဘောထား တောင်းခံ ရာတွင် အစိုးရအဖွဲ့၏ ရှင်းလင်းပြန်ကြားချက်အရ လန(၃၉)ရရှိပြီးသော ဆားလယ်မြေကို အာမခံရယူ၍ နေလှန်း ဆားလုပ်ငန်းများကို ချေးငွေထုတ်ချေးရန်ကိစ္စသည် မြန်မာ့စီးပွားရေး ဘဏ်၏ ချေးငွေလုပ်ထုံး လုပ်နည်းနှင့် ကိုက်ညီမှု မရှိခြင်း၊ ဘဏ်မှတွက်ချက်သော စံနှုန်းနှင့်ကိုက်ညီမှု မရှိခြင်း၊ ဆုံးရှုံးနိုင်ခြေများပြားခြင်းတို့ကြောင့် ယခင်ကလည်း ထုတ်ချေးခြင်း မပြုခဲ့ကြောင်း၊ သို့ပါ၍ လန(၃၉)ရရှိပြီးတဲ့ ဆားလယ်မြေကိုအာမခံရယူပြီး နေလှန်း ဆားလုပ်ငန်းတွေကို ချေးငွေထုတ်ချေးရန် အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားပါသည်။
ဆက်လက်၍ သတ္တုတွင်းဝန်ကြီးဌာနမှ မေးခွန်းနံပါတ် (၂) (၃) (၄) များကို ဖြေကြားပါသည်။
သတ္ထုတွင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင်
နာဂစ်မုန်တိုင်းပြီးနောက် တစ်နှစ်ထက်တစ်နှစ် လုပ်ငန်းအရှုံးပေါ်နေသော ဆားတောင်သူများအတွက် နည်းပညာ၊ အရင်း အနှီး၊ ဈေးကွက် အစရှိသည့် အခက်အခဲများဖြစ်ပေါ်နေသော အခြေအနေကို ကူညီပေးနိုင်မည့် အစီအစဉ်များ ရှိ/ မရှိ။
၁၉၆၃ ခုနှစ်မတိုင်မီအထိ မြန်မာနိုင်ငံတွင် ချက်ဆားများကိုသာ ထုတ်လုပ်နိုင်ခဲ့ပြီး ၁၉၆၃ ခုနှစ်နောက်ပိုင်းမှသာ နေလှန်းဆား ထုတ်လုပ်ခြင်း စီမံကိန်းကို ဂျပန်နည်းပညာရှင် မစ္စတာ ကေဒါဝါဒို၏ ဆားချက် ထုတ်လုပ် မှုနှင့် နေလှန်းဆားထုတ်လုပ်နည်းကို အခြေခံပြီး မြန်မာပညာရှင်များက စမ်းသပ်အကောင် အထည်ဖော် ဆောင်ရွက်ရန် မွန်ပြည်နယ်တွင် ကျိုက်ခမီ စံပြ နေလှန်းဆားကွင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် မကျည်းပင်စံပြနေလှန်း ဆားကွင်း၊ ရခိုင် ပြည်နယ်တွင် စနဲစံပြနေလှန်းဆားကွင်း စမ်းသပ်ထုတ်လုပ်ပြီး နည်းပညာများ ပြောင်းလဲဖြန့်ဖြူးပေးခဲ့ပါကြောင်း၊ အရည် အသွေးမီ နေလှန်းဆားထုတ်လုပ်ခြင်း နည်းပညာနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ဆားလုပ်ငန်းရုံး များမှ အကူအညီပေးဆောင်ရွက် လျက်ရှိသည့်အပြင် ထုတ်လုပ်သည့် ဆားကြမ်း၊ ဆားချောများ၏ အရည်အသွေးကို စစ်ဆေးနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ မြန်မာ့ဆားနှင့် အဏ္ဏဝါ ဓာတုဗေဒ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း သုတေသနဌာနခွဲ ဓာတ်ခွဲခန်းမှ စမ်းသပ်ပေးလျက်ရှိပါကြောင်း၊ ယခုအခါ Unicef ကျန်းမာရေး ဌာနတို့နှင့်ပူးပေါင်းပြီး ပြည်သူအားလုံး အိုင်အိုဒင်းဆား စားသုံးရေး စီမံချက်အတွက် ပုဂ္ဂလိကမှ ထုတ်လုပ်သော အိုင်အိုဒင်း ဆားချောများတွင် အိုင်အိုဒင်းပါဝင်မှုနှုန်း ပြည့်ဝခြင်းရှိ/မရှိ စစ်ဆေးပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ ဆားစားသုံးမှုအနေနှင့် စံနှုန်းယူထားချက်အရ လူတစ်ဦးလျှင် နေ့စဉ် ဝ.၅ ကျပ် သားခန့် စားသုံးပါ၍ လူဦးရေ သန်း ၆၀ အတွက် တစ်နှစ်လျှင် ဆားတန်ချိန် ၁၇၆၃၅၅ တန်ခန့် လိုအပ်ပါကြောင်း၊ ၂၀၁၂-၁၃ ဆားရာသီအတွင်း ဆားတန်ချိန်ပေါင်း ၁၉၆၆၁၆ တန်ခန့် ပုဂ္ဂလိကကဏ္ဍမှ ထုတ်လုပ်ခဲ့သည့်အပြင် နှစ်အလိုက် လက်ကျန်ဆားများလည်းရှိနေပြီး ဆားဈေးနှုန်းသည် ထုတ်လုပ်မှု ဈေးအောက် လျော့နည်းနေသောကြောင့် ၂၀၁၀ ခုနှစ်တွင် ကျောက်မျက် လုပ်ငန်း ရှင်များနှင့် မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်၏ ဆားလုပ်ငန်းရှင်များထံမှ ကျပ်သန်းပေါင်း ၁၂၀၀ တန်ဖိုးရှိ ဆားကြမ်းများ ဝယ်ယူခဲ့ပြီး ပြည်တွင်းဈေးနှုန်းကို ထိန်းညှိခြင်း၊ ပြည်ပဈေးကွက်ရရှိရေးအတွက် ၂၀၁၂ ခုနှစ်တွင် ရခိုင်ပြည်နယ် အစိုးရ၏ အစီအစဉ်ဖြင့် ဆားတန်ချိန် ၃၁၃၄ တန် ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရောင်းချခဲ့ခြင်းနှင့် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့မှလည်း နိုင်ငံခြားဈေးကွက်သို့ တင်ပို့နိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပူးပေါင်းကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာတွင် ဆားအများဆုံး ထုတ်လုပ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ အကြားတွင် တည်ရှိနေပါသဖြင့် ပြည်ပဈေးကွက်ရှာရခြင်းမှာ မြန်ဆန်စွာ ရရှိနိုင်ခြင်းမရှိသေးဘဲ ပြည်တွင်းဆားကြမ်းများကို ကုန်ကြမ်းအဖြစ် အသုံးများသည့် ဆော်ဒါစက်ရုံ၊ စက္ကူပျော့ဖတ်စက်ရုံစသည့် စက်ရုံများတွင် ရင်းနှီးမြှုပ်နှံခြင်းအားဖြင့်လည်း ဈေးကွက်တည်ငြိမ်နိုင်မည် ဖြစ်ပါကြောင်း၊
ဆားတောင်သူများကိုချေးထားသော အထူးချေးငွေများကို ပြည့်ဝစွာပြန်လည်ပေးသွင်းပြီးသူ၊ ၅၀ ရာခိုင်နှုန်း ပြန်လည်ပေး သွင်းပြီးသူနှင့် ညှိနှိုင်းသတ်မှတ်ချက်များကို လိုက်နာပြီးဆောင်ရွက်ခဲ့ကြသော ဆားတောင်သူများ အတွက် ချေးငွေတစ်ရပ် အသစ်ပြန်လည်ထုတ်ချေး ပေးနိုင်မည့်အစီအစဉ် ရှိ/မရှိ။
အပိုဒ်ခွဲ(က) ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် ဆားလုပ်ငန်းရှင်များ လုပ်ငန်းပြန်လည် ထူထောင်နိုင် ရန် ပုဂ္ဂလိကဘဏ် ၅ ဘဏ်မှ၂ နှစ်ဆိုင်း စနစ်ဖြင့် ၂၀၁၀ ခုနှစ် ဒီဇင်ဘာလအထိ ဆား လုပ်ငန်းရှင်များကို တစ်ဧကလျှင် ကျပ် ၃ သိန်းနှုန်းဖြင့် ဆားလုပ်ငန်းရှင် ၇၅၉ ဦးကို ချေးငွေကျပ် ၇၃၉၀ သန်းအား သတ္ထုတွင်း ဝန်ကြီးဌာနမှ တာဝန်ခံ၍ ထုတ်ချေးပေးခဲ့ ပါသော်လည်း အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းရှင်များက အကျေ ပေးဆပ်နိုင်ခဲ့ခြင်းမရှိဘဲ သတ်မှတ်ကာလများထက် ကျော်လွန်လာသည့်အတွက် အတိုးများ ပိုမိုများပြားလာခဲ့ပါကြောင်း၊
အပိုဒ်ခွဲ(ခ) ဆားလုပ်ငန်းရှင်များက ပုဂ္ဂလိကဘဏ်များသို့ ပြန်လည်ပေးဆပ်ရန် အရင်း ၇၃၉၀ သန်းအနက် ငွေကျပ် ၁၅၁၂.၆၀ သန်းပေးဆပ်ပြီးဖြစ်၍ ကျပ် ၄၈၇၇.၄၀ သန်းကျန် ရှိနေသေးပါကြောင်း၊
အပိုဒ်ခွဲ(ဂ) ဆားလုပ်ငန်းများ ပြန်လည်ထူထောင်ရေး ချေးငွေများအပေါ် ၃၀-၉-၂၀၁၂ ရက်နေ့ ဘဏ်အတိုးငွေကျပ် ၃၀၃၆.၂၈ သန်းအနက် ဆားလုပ်ငန်းရှင်များက ပေးဆပ် ရန်တာဝန်ရှိသော ငွေကျပ် ၈၉၅.၈၄ သန်း တွင် ငွေကျပ် ၇၅၈.၄၀၄ သန်းပေးဆပ်ပြီးဖြစ်၍ ကျပ် ၁၄၇.၄၃၆သန်း ပြန်ဆပ်ရန် ကျန်ရှိနေသေးပါကြောင်း၊
အပိုဒ်ခွဲ(ဃ) ၁-၁၀-၂၀၁၂ ရက်နေ့မှ ၁-၃-၂၀၁၃ ရက်နေ့အထိ ချေးငွေပေါ်အတိုးကျပ် ၃၂၉.၆၅ သန်းနှင့် ၁-၄-၂၀၁၃ ရက်နေ့မှ ၃၀-၆-၂၀၁၃ ရက်နေ့အထိ ချေးငွေပေါ်အတိုးကျပ် ၁၄၅.၉၃ သန်း၊ စုစုပေါင်းကျပ် ၄၇၅.၅၈ သန်းပေးဆပ်ရန် ကျန်ရှိနေပါကြောင်း၊
အပိုဒ်ခွဲ(င) အထက်အပိုဒ် (ခ)၊ (ဂ)၊ (ဃ)ပါချေးငွေများပြန်ဆပ်ရေးအတွက် အစီအမံ များ ရေး ဆွဲပြီး ဆောင်ရွက် နေဆဲဖြစ်ပါကြောင်း၊
အပိုဒ်ခွဲ(စ) နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေးအတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန ပတ်ဝန်းကျင်ထန်းသိမ်းရေးနှင့် သစ်တောရေး ရာ ဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနတို့မှ ကြိုတင် ရောင်းချခဲ့သော လုပ်ငန်းသုံးပစ္စည်းများ တန်ဖိုးငွေ ကျပ် ၁၇၇၆.၂၄ သန်းကိုလည်း အကြွေးအဖြစ် ပေးဆပ်ရန် ကျန်ရှိပါ ကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၈၈ အရ ဆားနှင့် ဆားပစ္စည်းများကို တိုင်းဒေသကြီး/ပြည်နယ်များမှသာ ဥပဒေပြုခွင့်ရှိသောကြောင့် ၂၀၁၂-၁၃ခုနှစ် ဆား ထုတ်လုပ်သည့် ရာသီများတွင် ဆားတောင်သူများကို မွန်ပြည်နယ် အစိုးရအဖွဲ့အစီအစဉ်ဖြင့် တစ်ဧက လျှင် ၅၀၀၀၀ ကျပ် နှုန်း ဖြင့် ကျပ်သိန်း ၅၀၀ ကိုလည်းကောင်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အစီအစဉ်ဖြင့် တစ်ပိသာလျှင် ၅ ကျပ်နှုန်းဖြင့် ကျပ်သိန်း ၅၀၀ ကိုလည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် အစီအစဉ်အလိုက် မတည်ချေးငွေများ ထုတ်သုံးခဲ့သည်ဟု သိရှိရပါကြောင်း၊ သတ္ထုတွင်းဝန်ကြီးဌာနအနေဖြင့် ဆားတောင်သူ များကို ချေးထားသော ဆားအထူးချေးငွေများကို ပြည့်ဝစွာပြန်လည်ပေးသွင်းပြီးသူ၊ ၅၀ ရာခိုင်နှုန်းပြန်ပေးသွင်းပြီးသူနှင့် ညှိနှိုင်း သတ်မှတ်ချက်များကို လိုက်နာပြီးဆောင်ရွက်ခဲ့ကြသော ဆားတောင်သူများ အတွက် ချေးငွေ တစ်ရပ်ပြန်လည် ထုတ်ချေးမည့် အစီအစဉ်ရှိ/မရှိနှင့်ပတ်သက်ပြီး ယခုအချိန်တွင် ချေးငွေထုတ်ချေးရန် အစီအစဉ် မရှိသေးပါကြောင်း
တစ်နိုင်ငံလုံး၌ ဆားထုတ်လုပ်နယ်မြေ ၃ ခုသာရှိသော ဆားတောင်သူများအတွက် အသားထုတ်လုပ်သူများ၊ သီးနှံ ထုတ်လုပ်သူများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ အသေးစားအလတ်စားလုပ်ကိုင်သူများကို ဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံတော်အစိုးရနှင့် အဖွဲ့အစည်းအသီးသီးတို့မှ စီမံကိန်းများချမှတ် ပြီးဆောင်ရွက် ပေး သကဲ့သို့ ဆားတောင်သူများကိုလည်း ၎င်းတို့ဘဝမြှင့်တင်နိုင်ရေးအတွက်ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ် ရှိ/မရှိ။
မြန်မာတစ်နိုင်ငံလုံး၌ ဆားထုတ်လုပ်နယ်မြေ ၃ ခုသာရှိသော ဆားတောင်သူများအတွက် အသားထုတ်လုပ်သူများ၊ သီးနှံထုတ်လုပ်သူများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းရှင်များ၊ အသေးစား၊ အလတ်စားလုပ်ငန်းများ တိုးတက်လာစေရန် နိုင်ငံတော် အစိုးရနှင့်အဖွဲ့အစည်းအသီးသီးတို့မှ စီမံကိန်းများ ချမှတ်ပြီး ဆောင်ရွက်ပေး သကဲ့သို့ ဆားတောင်သူ များကိုလည်း ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်ရှိ/ မရှိနှင့်စပ်လျဉ်းပြီး ဧရာဝတီတိုင်းဒေသကြီးတွင် နာဂစ်မုန်တိုင်း တိုက်ခတ် ပြီးနောက် ဆားလုပ်ငန်းပြန်လည် ထူထောင်ရေးအတွက် ပုဂ္ဂလိက ဘဏ် ၅ ဘဏ်မှ ၂ နှစ်ဆိုင်းစနစ်ဖြင့် ဆားလုပ်ငန်းရှင် ၇၅၉ ဦးတို့ကို ချေးငွေကျပ် ၇၃၉၀ သန်းအား သတ္ထုတွင်းဝန်ကြီးဌာနမှ တာဝန်ခံ၍ ထုတ်ချေး ပေးခဲ့ပါကြောင်း၊ သို့သော် အကြောင်း အမျိုးမျိုးကြောင့် အကျေမပေးဆပ်နိုင်ခဲ့ဘဲ သတ်မှတ်ကာလများ ထက် ကျော်လွန်လာသည့် အပြင် ချေးငွေသက်တမ်းကို ၂ နှစ်တိုးမြှင့်ပေးခဲ့သော်လည်း ဆားတောင်သူများမှာ အကျေပေးဆပ်နိုင်ခြင်း မရှိခဲ့ပါသောကြောင့် မူလချေးငွေပေါ်တွင် ၅၀ ရာခိုင်နှုန်း၊ မကျေသူများထံမှ ၇.၇ သိန်းကိုသာ ကောက်ခံခဲ့ရာ ဆားတောင်သူများက ယနေ့ အချိန်အထိ အကျေပေးဆပ်နိုင်ခြင်း မရှိသေးသည့်အတွက် တိုင်းဒေကြီး အနေနှင့် လောလောဆယ် မတည်ချေးငွေများ ထုတ်ပေးနိုင်မည့်အစီအစဉ် မရှိသေးပါကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာတွင် ဆားအများဆုံးထုတ်လုပ်သည့် နိုင်ငံများ အကြားတည် ရှိနေသောကြောင့် ပြည်ပဈေး ကွက်ရှာရခြင်းမှာ မြန်မြန်ဆန်ဆန် ရရှိနိုင်ခြင်း မရှိသေးသည့်အတွက် ပြည်တွင်း ဆားကြမ်းကို ကုန်ကြမ်းအဖြစ် အသုံးများသည့် ဆော်ဒါစက်ရုံ၊ စက္ကူပျော့ဖတ်စက်ရုံ စသည့် စက်ရုံများတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် လည်း ဈေးကွက်တည်ငြိမ်နေမည်ဖြစ်ပါကြောင်း။ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လည်း နိုင်ငံခြားဈေး ကွက်သို့ တင်ပို့နိုင်ရေးအတွက်လည်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကြိုး ပမ်း ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားပါသည်။
